backup og meta

အိမ်ကပစ္စည်းတွေကို တစ်လဘယ်နှကြိမ် သန့်စင်ပေးသင့်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 27/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်ကပစ္စည်းတွေကို တစ်လဘယ်နှကြိမ် သန့်စင်ပေးသင့်သလဲ

    အိမ်သန့်ရှင်းရေးလုပ်ပြီဆိုရင် ကြမ်းတိုက်တာ၊ တံမြက်စည်းလှည်းတာ၊ ဖုန်သုတ်တာတွေပဲ အဓိက လုပ်နေတာလား။ အိမ်မှာ ရှိနေတဲ့ တခြားပစ္စည်းတွေကိုလည်း သန့်ရှင်းပေးသင့်တယ်နော်။ သန့်ရှင်းရေး လုပ်တဲ့အခါ အမှုမဲ့အမှတ်မဲ့ ကျန်ရစ်ခဲ့တဲ့ နေရာတွေ၊ အသုံးအဆောင်တွေ ရှိနိုင်တာကို သင်သိရဲ့လား။ အိမ်ကပစ္စည်းတွေကို တစ်လဘယ်နှကြိမ် သန့်စင်ပေးသင့်သလဲ ဆိုတာကို ဒီမှာ အကြံပေးပါမယ်နော်။ သန့်ရှင်းရေး မလုပ်ဖြစ်တဲ့ ပစ္စည်းတွေမှာ ကပ်ငြိနေတဲ့ အမှုန်အမွှားတွေ၊ ရောဂါပိုးမွှားတွေက နည်းအမျိုးမျိုးနဲ့ ကိုယ့်ဆီ ရောက်လာစေနိုင်တယ်လေ။

    အိမ်ကပစ္စည်းတွေကို တစ်လဘယ်နှကြိမ် သန့်စင်ပေးသင့်သလဲ

    အိမ်ကပစ္စည်းတွေကို တစ်လဘယ်နှကြိမ် သန့်စင်ပေးသင့်သလဲ ဆိုတော့

    လက်ကိုင်ဖုန်း

    နေ့တိုင်း မထိဘဲ၊ မကိုင်ဘဲ မနေနိုင်တာ လက်ကိုင်ဖုန်းတွေပါ။ စမတ်ဖုန်းတွေဆိုတာ ဖုန်းနံပါတ်တွေ၊ အချက်အလက်တွေ၊ ဓာတ်ပုံတွေနဲ့ သိမ်းဆည်းထားစရာမှန်သမျှ ထည့်ထားတတ်ကြတဲ့ အရာဖြစ်ပြီး အရေးကြီးနေ့ရက်တွေ၊ မှတ်တမ်းတွေအထိ အားကိုးရတဲ့ အသုံးအဆောင် တစ်ခုဖြစ်နေတော့ လက်က မချတော့ပါဘူး။

    ကိုယ့်လက်နဲ့ အချိန်မရွေးထိတွေ့ကိုင်တွယ်နေတဲ့ စမတ်ဖုန်းတွေမှာ ရောဂါပိုးမွှားတွေ ကပ်နေမှာကို သတိထားပါ။ ဖုန်းမျက်နှာပြင်နဲ့ ကာဗာကို အနည်းဆုံးတစ်နေ့တစ်ကြိမ်တော့ ပွတ်တိုက်သန့်စင်တဲ့ အကျင့်လုပ်ထားပါ။ ဆေးကွာ၊ ပျက်စီးလောက်အောင်တော့ မလုပ်နဲ့ပေါ့။

    မီးဖိုချောင်ရဲ့ ထောင့်တွေ

    ကြမ်းတိုက်သန့်စင်ထားလို့ ပြောင်လက်နေပါစေ၊ အခန်းထောင့်တွေ၊ချောင်တွေကိုတော့ ပစ်မထားပါနဲ့။ အဲဒီမှာ နှစ်လကြာအောင် ကပ်ကျန်နေတဲ့ဖုန်နဲ့အညစ်အကြေးတွေက ရောဂါပိုးမွှားနဲ့ မှိုတွေကို ဖိတ်ခေါ်မွေးမြူထားသလို ဖြစ်စေပါလိမ့်မယ်။

    မမြင်သာတဲ့ ဒီလိုနေရာတွေကို တစ်ပတ်တစ်ကြိမ်လောက်တော့ သန့်ရှင်းပေးပါ။

    ပန်းကန်ဆေးတဲ့နေရာ/ဘေစင်

    ကိုယ်စားမယ့် ပန်းကန်ခွက်ယောက်တွေနဲ့ အိုးတွေကိုဆေးကြောမယ့်နေရာကို အမြဲသန့်စင်ထားရပါမယ်။ ဒါကို ပုံမှန်သန့်ရှင်းမှုမရှိရင် အချိန်ကြာလာတာနဲ့အမျှ အညစ်အကြေးအကျန်လေးတွေစုပြီး ကပ်ကျန်နေတာက ဘက်တီးရီးယားအသိုက်အမြုံဖြစ်စေနိုင်တယ်။ ရောဂါပိုးတွေက အဲဒီကနေ ပန်းကန်တွေကို ကပ်ငြိပြီး ဗိုက်ထဲရောက်လာပါလိမ့်မယ်။

    တစ်နေ့တာ စားပြီးသောက်ပြီးလို့ ညဘက်ရောက်ပြီဆိုရင် အဆုံးသတ်အနေနဲ့ ဘေစင်ကို သန့်ရှင်းရေး လုပ်လိုက်ပါ။

    ရေခဲသေတ္တာ

    ရေခဲသေတ္တာထဲက ရက်လွန်ပစ္စည်းတွေက အမှိုက်ပုံးထဲရောက်သွားရင်တောင် သူတို့ဆီက မမြင်ရတဲ့ မှိုတွေ၊ ပိုးမွှားတွေက ကျန်ရစ်ခဲ့တတ်ပါတယ်။ ဘက်တီးရီးယားတွေက အအေးထဲမှာ ပိုပြီးရှင်သန်နိုင်တော့ ပိုဆိုးတာပေါ့။

    ဒါ့ကြောင့် ရေခဲသေတ္တာကို တစ်လတစ်ကြိမ်လောက်တော့ သန့်ရှင်းရေးလုပ်ပေးသင့်ပါတယ်။ ရေထဲမှာ မုန့်ဖုတ်ဆိုဒါလေး ထည့်ဖျော်ပြီး ရေခဲသေတ္တာရဲ့ ဘေးစင်တွေ၊ နံရံတွေကို ပွတ်သုတ် သန့်စင်ပေးပါ။ ရေနဲ့ ထပ်သုတ်ပြီး အခြောက်ခံပြီးမှ အစားအသောက်တွေပြန်ထည့်ပါ။

    ပရိဘောဂပစ္စည်းတွေ

    စားပွဲကိုပဲ သုတ်လိုက်ရုံနဲ့ အိမ်မှာသန့်သွားရောလား။ အိမ်မှာရှိတဲ့ ပရိဘောဂ ပစ္စည်းတွေကို တစ်လတစ်ကြိမ်တော့ ဖုန်စုပ်တာ၊ သန့်စင်ပေးတာတွေလုပ်သင့်ပါတယ်။ အနည်းဆုံးတော့ ဖုန်သုတ်၊ လှည်းကျင်းပေးပါ။

    တီဗီရီမုတ်

    လက်နဲ့အမြဲထိတွေ့နေတဲ့ ပစ္စည်းထဲမှာ တီဗီရီမုတ်လည်း ပါဝင်ပါတယ်။ ဒါကြောင့် အနည်းဆုံး တစ်ပတ်တစ်ကြိမ်လောက်တော့ သန့်ရှင်းရေး လုပ်ပေးသင့်ပါတယ်။

    သန့်ရှင်းရေး လုပ်ဖို့ ဓာတ်ခဲကို အရင်ထုတ်ပါ။ ဆပ်ပြာရည်လေး နည်းနည်းဆွတ်ထားတဲ့ ဂွမ်း သို့မဟုတ် အဝတ်စလေးနဲ့ ခလုတ်လေးတွေ ကြားကို သုတ်ပြီး သန့်စင်ပါ။ နောက်တစ်ဆင့်မှာ ဗီနီဂါ နည်းနည်းရောထားတဲ့ ရေကို ဆွတ်ပြီး ထပ်သုတ်ပါ။ ရေသိပ်မရွှဲစေနဲ့နော်။ သန့်ရှင်းမသွားဘဲ ပျက်သွားပါလိမ့်မယ်။

    မျက်နှာကျက်/ပန်ကာ

    အောက်မှာရှိတဲ့ ပစ္စည်းတွေကိုပဲ ဂရုစိုက်နေပေမယ့် အပေါ်က မျက်နှာကျက်ကိုရော ပုံမှန် သန့်ရှင်းပေးရဲ့လား။ ပန်ကာ တပ်ထားတယ်ဆို ပိုတောင်ဂရုစိုက်ရဦးမယ်။ လေထဲကနေ အမှုန်အမွှားတွေ ဖြန့်ချနေရင် ဘယ်လိုလုပ်မလဲ။

    အထိုင်ချထားလို့ရတဲ့ Stand Fanတွေဆိုလည်း ဒလက်လေးတွေကြားကို ဖုန်တော့သုတ်ပေးဖို့ လိုပါတယ်။ တစ်လတစ်ခါ ဒါမှမဟုတ် ၃လတစ်ခါလောက်‌တော့ ဖြုတ်‌ဆေးပေးသင့်ပါတယ်။

    လေအေးပေးစက်

    အလားတူပဲ အဲကွန်းတွေကို ပုံမှန် servicing လုပ်ပေးဖို့လိုတဲ့အပြင် အတွင်းက air filerလေးတွေ ထုတ်ပြီး ဆေးကြောသန့်စင်ပေးသင့်ပါတယ်။ တစ်လတစ်ကြိမ် လောက်ပေါ့။

    မီးဖို

    ဘာမီးဖိုပဲသုံးသုံး မီးပိတ်ထား၊ မချက်ပြုတ်ဘဲ ထားတဲ့ အချိန်မျိုးမှာ မကြာခဏသန့်စင် ပေးသင့်ပါတယ်။ အစားအသောက် ချက်ပြုတ်တဲ့နေရာမှာ သန့်ရှင်းနေဖို့အရေးကြီးပါတယ်။ အဝတ်စကို စိုတယ်ဆိုရုံလေး ရေဆွတ်ပြီး ဘေးတဝိုက် ချေးညှော်ပေကျံတဲ့ နေရာ သုတ်ပေးပါ။

    ဒီလောက်ဆိုရင် အိမ်ထဲက ပိုးမွှားစုနိုင်တဲ့ နေရာတွေကို သန့်ရှင်းရေး လုပ်ပြီးလို့ ကျန်းမာသန့်ရှင်းတဲ့ နေအိမ်လေးကို ပိုင်ဆိုင်နိုင်မှာပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 27/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement