backup og meta

အခြားသူတွေထက် ဘာကြောင့် ချွေးထွက်လွယ်ရသလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အခြားသူတွေထက် ဘာကြောင့် ချွေးထွက်လွယ်ရသလဲ

    အခြားသူတွေထက် ဘာကြောင့် ချွေးထွက်လွယ်ရသလဲ …. ချွေးထွက်ခြင်းဆိုတာ ခန္ဓာကိုယ်က အပူချိန်ကို ပြန်ကျအောင် ထိန်းညှိပေးဖို့အတွက် ဖြစ်လာရတဲ့ ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်ပါတယ်။ ဒါ့ကြောင့် ရာသီဥတုပူတဲ့အခါ၊ ပူပူစပ်စပ်တွေစားတဲ့အခါ၊ လေ့ကျင့်ခန်းတွေလုပ်တဲ့အခါ၊ စိတ်လှုပ်ရှားတဲ့အခါ၊ ခန္ဓာကိုယ်အပူချိန်တွေ တက်လာတဲ့အချိန်တွေမှာ လူတိုင်းချွေးထွက်ကြပါတယ်။ ဒါပေမယ့် တချို့သူတွေကတော့ ပုံမှန်အခြားသူတွေထက် ချွေးထွက်ပိုလွယ်တာ၊ ပိုများတာမျိုးတွေ ရှိတတ်ကြပါတယ်။ ဒီဆောင်းပါးလေးမှာ အဲဒီလို ပိုပြီးချွေးထွက်လွယ်ရတာ ဘယ်လို အကြောင်းအရင်းတွေကြောင့် ဖြစ်နိုင်တယ်ဆိုတာလေးတွေကို မျှဝေပေးသွားချင်ပါတယ်။

    အခြားသူတွေထက် ဘာကြောင့် ချွေးထွက်လွယ်ရသလဲ

    အခြားသူတွေထက် ဘာကြောင့် ချွေးထွက်လွယ်ရသလဲ …… လိုအပ်တာထက်ပိုပြီးချွေးထွက်တာကို ဆေးပညာအခေါ်အဝေါ်အရ hyperhidrosis လို့ခေါ်ပါတယ်။

    ၁။ အကြောင်းအရင်းမရှိဘဲ ချွေးထွက်လွယ်ခြင်း

    တချို့ကတော့ ဘာရောဂါအခံမှ မရှိဘဲ အခြားသူတွေထက်ပိုပြီး ချွေးထွက်လွယ်၊ ချွေးထွက်များတတ်ကြပါတယ်။ အဲဒီလို အကြောင်းအရင်းတစ်ခုခုမရှိဘဲ ချွေးထွက်လွယ်တဲ့သူတွေဟာ တစ်နေရာထဲတင်မက ခန္ဓာကိုယ်အစိတ်အပိုင်း အတော်များများမှာ ဖြစ်လေ့ရှိပါတယ်။

    များသောအားဖြင့် ချိုင်း၊ မျက်နှာ၊ ပေါင်ခြံ၊ လက်ဖဝါး၊ ခြေဖဝါးနဲ့ ရင်သားနားတွေမှာ ချွေးထွက်များတတ်ပြီး လူပျိုဖော်၊ အပျိုဖော်ဝင်တဲ့ အချိန်တွေမှာ စပြီးဖြစ်တတ်ပါတယ်။ အဲလို ရောဂါအခံ (သို့) အကြောင်းအရင်းတစ်ခုခု မရှိဘဲချွေးထွက်လွယ်တဲ့ အမျိုးအစားကို primary hyperhidrosis လို့ခေါ်ပြီး မျိုးရိုးလိုက်တာမျိုးကြောင့်လည်း ဖြစ်နိုင်ပါတယ်။

    ၂။ ဟော်မုန်းအပြောင်းအလဲကြောင့်

    အမျိုးသမီးတွေ သွေးဆုံးချိန်မှာ တစ်ကိုယ်လုံးပူပြီး ညဘက်ချွေးတွေထွက်နိုင်သလို၊ ကိုယ်ဝန်ဆောင်ချိန်၊ ဟော်မုန်းအစားထိုးကုသမှုခံယူနေချိန် စတဲ့ ခန္ဓာကိုယ်မှာ ဟော်မုန်းအပြောင်းအလဲများတဲ့ အချိန်တွေမှာလည်း အခြားသူတွေထက်ပိုပြီး ချွေးထွက်လွယ်နိုင်ပါတယ်။

    ဟော်မုန်းအပြောင်းအလဲကြောင့်ဆိုရင်တော့ ချွေးထွက်လွယ်တဲ့ လက္ခဏာအပြင် ကိုယ်အလေးချိန်တက်လာတာ၊ မောပန်းလွယ်တာ၊ အသားအရေခြောက်သွေ့လာတာ၊ အပူဒဏ် (သို့) အအေးကို မခံနိုင်တာ စတဲ့ လက္ခဏာတွေနဲ့ တွဲပြီးတွေ့ရနိုင်ပါတယ်။

    ၃။ ဆီးချိုရောဂါ အခံကြောင့်

    ဆီးချိုရောဂါအခံနဲ့ အချို့သောဆီးချိုဆေးတွေကြောင့် သွေးတွင်းအချိုဓာတ်နည်းသွားတဲ့အခါမျိုးမှာ ချွေးထွက်လွယ်ခြင်း၊ တုန်ရီလာခြင်း၊ နှလုံးခုန်သံ မြန်လာခြင်း စတဲ့ အခြေအနေမျိုးတွေ ခံစားရနိုင်ပါတယ်။

    ၄။ ရောဂါပိုးဝင်ခြင်းကြောင့်

    TB ပိုးဝင်တဲ့သူတွေမှာ အားလုံးသိကြတဲ့ ဖျားခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊ ပိန်ချုံးချိနဲ့ခြင်းတွေအပြင် ချွေးထွက်လည်းများနိုင်ပြီး၊ နှလုံးအတွင်းအခန်းများကို ပိုးဝင်ခြင်း၊ အရိုး ပိုးဝင်ခြင်း၊ HIV ပိုးဝင်ခြင်း စတဲ့ အခြေအနေတွေမှာလည်း သာမာန်လူတွေထက် ပိုပြီး ချွေးထွက်များနိုင်တာကြောင့် ရောဂါပိုးဝင်ခြင်း လက္ခဏာတွေကိုလည်း သတိထားဖို့လိုအပ်ပါတယ်။

    ၅။ အခြားအကြောင်းအရင်းများ

    စိတ်ကျဝေဒနာ ကုသဆေးတွေ၊ ဆီးချိုဆေးတွေ သောက်သုံးနေသူတွေ၊ စိတ်ကစဉ့်ကလျားရောဂါ၊ သွေးကင်ဆာ၊ လည်ပင်းရှိ သိုင်းရွိုက်ဂလင်း ရောဂါ စတဲ့ ရောဂါတွေကို ခံစားနေရတဲ့ သူတွေမှာလည်း ချွေးထွက်လွယ်တဲ့ ပြသနာဖြစ်နိုင်ပါတယ်။

    ဘယ်အချိန်မှာ ဆရာဝန်ကို ပြသင့်လဲ။

    ၁။ ရာသီဥတုမပူဘဲ၊ လှုပ်လှုပ်ရှားရှားမရှိဘဲ ချွေးအလွန်အမင်းထွက်နေရင်။

    ၂။ ချွေးထွက်လွယ်ခြင်းနဲ့အတူ အကြောင်းအရင်းမရှိဘဲ အခြားရောဂါလက္ခဏာတွေခံစားလာရရင်။

    ၃။ အဲဒီလို ချွေးထွက်များခြင်းက သင့်ရဲ့ နေ့စဉ်ဘဝ၊ လုပ်ငန်းဆောင်တာတွေနဲ့ စိတ်ခံစားချက်ကိုပါ အနှောင့်အယှက်ဖြစ်လာရင်။

    ၄။ ချွေးထွက်များခြင်းကို ဘယ်လိုနည်းနဲ့မှ သက်သာအောင် မလုပ်ဆောင်နိုင်ရင် စတဲ့ အခြေအနေမျိုးဖြစ်လာရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးကြည့်သင့်ပါတယ်။

    ကျန်းမာကြပါစေ။

    ရေးသားသူ – Khine Phoo Ngon

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement