backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

လက်ဆေးနည်းနာ အဖြာဖြာ


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

လက်ဆေးနည်းနာ အဖြာဖြာ

 လက်ဆေးနည်း ဆိုတာကို အရင်က ကြားဖူးပါသလား။ လက်ဆေးတာပဲ ဘာခက်လို့လဲ။ ဒီလိုပဲဆေးလိုက်ပေါ့လို့ ပြောစရာရှိပါတယ်။ ဟုတ်ပါတယ်။ ဒီလိုပဲ ဆေးလိုက်ရင် ရေနဲ့ ဆပ်ပြာ အပိုကုန်တာပဲရှိပါမယ်။ ရောဂါပိုးတွေ ထင်သလောက် မနည်းသွားပါဘူး။ အဲ့တော့ ဒီနေ့ကစပြီး စမတ်ကျကျ လက်ဆေးကြည့်ရအောင်။ မကြာခဏလက်ဆေးတာက ရောဂါပိုးတော်တော်များများကို ကာကွယ်ပြီးသားဖြစ်တယ်ဆိုတာ အားလုံးသိပြီးထားပါ။ မေးစရာရှိတာက မကြာခဏဆိုတာ တနေ့ဘယ်နှခါကို ပြောတာလဲ။ စမတ်ကျကျဆေးမယ်ဆိုတာ ဘာကိုပြောတာလဲ။ အောက်မှာဆက်ကြည့်ရအောင်။

ဘယ်အချိန်မှာ လက်ဆေးကြမလဲ။

တစ်နေ့ တစ်နေ့ တွေ့လိုက်တဲ့ လူတွေ၊ ကိုင်လိုက်တဲ့ ပစ္စည်းတွေဆိုတာ မနည်းပါဘူး။ အဲ့ဒီထိသမျှက ရောဂါပိုးတွေ ကိုယ့်လက်ကို ရောက်လာတယ်ဆိုတာ တွေးကြည့်ပါလား။ ရောဂါပိုးတွေကိုသာ သာမန်မျက်စိနဲ့ မြင်နိုင်မယ်ဆိုရင် အမလေးလေး မတွေးရဲစရာပဲ။ လက်တစ်ခုလုံး အပြည့်ဖြစ်နေမှာနော်။ ပြီးတော့ အဲ့လက်နဲ့ မုန့်စားမယ်၊ မျက်လုံးပွတ်မယ်၊ နှာခေါင်းတွေ ပါးစပ်တွေထိမယ်၊သူများနဲ့ လက်ဆွဲနှုတ်ဆက်မယ်။ အမလေး အိုးခိုင်မော့ပဲ။ ဒီလိုပြောလို့ ခုချက်ချင်းထပြီး လက်ဆေးတော့မလို့လား။ နေပါဦး။  လက်ဆေးတာက လက်မှရှိသမျှ ပိုးတွေကို အကုန်မဖယ်ရှားနိုင်ပါဘူး။ ဒါပေမယ့် ပိုးကောင်ရေ နည်းသွားအောင်တော့ လုပ်နိုင်ပါတယ်။ ပိုးကောင်းရေ နည်းသွားရင် ရောဂါကူးနိုင်ချေလည်း နည်းသွားပါတယ်။ အဲတော့

ဒါတွေမလုပ်ခင် လက်ဆေးပါ။

-ထမင်းပွဲမပြင်ခင်၊ အစာမစားခင်

-လူနာကို မပြုစုခင်၊ အနာဆေးမထည့်ခင်

မျက်ကပ်မှန်တွေ ဖြုတ်တာ တပ်တာ မလုပ်ခင်

ဒါတွေလုပ်ပြီးလည်းလက်ဆေးပါ။

-ထမင်းပွဲပြင်ပြီးရင်

-အိမ်သာသွားပြီး၊ ကလေးdiaperလဲပြီး၊ အိမ်သာတက်ထားတဲ့ ကလေးကို သန့်ရှင်းရေးလုပ်ပေးပြီး

-တိရိစ္ဆာန်တွေနဲ့ ထိပြီး၊ အစာကျွေးပြီး၊ သန့်ရှင်းရေးလုပ်ပေးပြီး

-ချောင်းဆိုး နှာချေ နှပ်ညစ်ပြီး

-လူနာပြုစုပြီး၊ အနာဆေးထည့်ပြီး

-အမှိုက်တွေကိုင်ပြီး

-ခွေးတွေ ကြောင်တွေ အစာကျွေးပြီးတိုင်း သူတို့နဲ့ ေဆာ့ပြီးတိုင်းမှာ လက်ဆေးပါတဲ့။

ဒါ့ပြင် ကိုယ့်လက်က ညစ်ပတ်နေတယ်လို့ထင်ရင်လည်း လက်ဆေးရပါမယ်။

ဘယ်လိုဆေးကြမလဲ။

​လက်ကို ဆပ်ပြာနဲ့ ရေနဲ့ ဆေးတာက အကောင်းဆုံးပါပဲ။ အခု အပြင်မှာ အလွယ်တကူဝယ်လို့ရနေတဲ့ ပိုးသတ်ဆပ်ပြာတုံးတွေက သာမန်ဆပ်ပြာထက် ပိုမကောင်းပါဘူး။ လက်ဆေးတော့မယ်ဆိုရင်

-လက်ကို ရေနွေးဖြစ်ဖြစ်၊ ရေအေးဖြစ်ဖြစ် အရင် စိုရွှဲအောင် လောင်းပါ။

-ဆပ်ပြာနဲ့ အမြုပ်ထွက်သည်ထိ ပွတ်ပါ။

-စက္ကန့်၂၀လောက် အားရပါးရပွတ်ပါ။ ပွတ်တဲ့အခါ လက်ဖဝါး၊ လက်ဖမိုး၊ လက်ကောက်ဝတ်၊ လက်ချောင်းကြားနဲ့ လက်သည်းကြားတွေထိ သေချာပွတ်ပါ။

-ရေနဲ့သေချာစင်အောင်ပြန်ဆေးပါ။

-ပြီးရင် အဝတ်နဲ့ ဖြစ်ဖြစ်၊ အခြောက်ခံစက်နဲ့ဖြစ်ဖြစ် ခြောက်အောင်လုပ်ပါ။

ကဗျာလေးနဲ့မှတ်မယ်ဆိုရင်တော့ ‘ဖဝါးဖမိုး လက်ခေါက်ချိုး ကုတ်၍ခြစ်ပါ လက္ခဏာ လက်ကြားလက်မ မကျန်စေရ လက်ကောက်ဝတ်မှာ အဆုံးသတ်ပါ’ လို့ မှတ်ထားပေးပါနော်။

ရေမလိုလက်သန့်ဆေးတွေကို ဘယ်လိုသုံးကြမလဲ။

ရေမလို လက်သန့်ဆေးတွေက ရေနဲ့ ဆပ်ပြာအလွယ်မရတဲ့ နေရာမျိုးမှာ အစားထိုးသုံးဖို့ပါ။ ဒါမျိုးသုံးမယ်ဆိုရင် အနည်းဆုံး အယ်လ်ကိုဟော ၆၀%ပါတာကို သုံးပါ။ သုံးနည်းကတော့

-ဆေးရည်ကို လက်ဖဝါးတစ်ဖက်မှာထည့်ပါ။ ထည့်ရမယ့် ပမာဏကို ဘူးပေါ်မှာကြည့်ပါ။

-လက်နှစ်ဖက်ကို ပွတ်ပါ။

-လက်ဖဝါးရော လက်ဖမိုးရော လက်ချောင်းကြားရောကို ခြောက်တဲ့အထိ သေချာပွတ်ပါ။

ကလေးတွေလည်း လက်ဆေးဖို့ လိုပါတယ်။

ကလေးတွေလည်း လက်မကြာခဏဆေးမယ်ဆိုရင် ပိုကျန်းမာလာနိုင်ပါတယ်။ သင်ကဦးဆောင်ပြီး သူနဲ့တူတူ လက်ဆေးပါ။ ခပ်မြန်မြန်ပြီးစလွယ်ဆေးမှာစိုးရင် Happy birthdayသီချင်း ၂ခါလောက်ဆိုခိုင်းပါ။ ဘေစင်မမီဘူးဆိုရင် ခုံခုပေးလိုက်ပါ။ အယ်လ်ကိုဟောပါတဲ့ ရေမလို လက်သန့်ဆေးရည် သုံးမယ်ဆိုရင် သင်ရှိတဲ့ အချိန်မှာပဲ သုံးခိုင်းပါ။ မတော်တဆ ဆေးရည်ကို မြိုချမိရင် အဆိပ်သင့်တာမျိုး ဖြစ်နိုင်လို့ပါ။

ဒီလောက်ထိ အသေးစိတ်ပြောနေရတာက လက်ဆေးတာကြောင့် အောက်က အကျိုးကျေးဇူးတွေ ရနိုင်လို့ပါပဲ

ဝမ်းလျှောတာနဲ့ တခြားအူလမ်းကြောင်းရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

-မျက်လုံးထဲ ရောဂါပိုးတွေ ဝင်တာကို လျော့ကျစေပါတယ်။

​-အသက်ရှူလမ်းကြောင်းရောဂါတွေကို ကာကွယ်ပေးပါတယ်။ (ဥပမာ- နှာစေး၊ ချောင်းဆိုး၊ ရာသီတုပ်ကွေး) 

-လက်မှာ ရောဂါပိုးတွေ နည်းသွားတဲ့အတွက် သူများကို ရောဂါကူးနိုင်ချေ နည်းသွားပါတယ်။

-လုပ်ငန်းခွင် ရောဂါကူးစက်နှုန်းကို လျှော့ကျစေပါတယ်။

ကဲ ဒီလောက်ထိ ဖတ်ပြီးသွားပြီဆိုရင်တော့ ခုပဲ ထပြီး လက်ဆေးလို့ရပါပြီ။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement