ရေချိုး ခန်းအဆိုတော်လုပ်ရတာ ဝါသနာပါသူများ ရှိကြပါသလား။ ရေချိုးရင်း သီချင်းတွေဟဲလိုက်ခြင်းဟာ အိမ်သားများနှင့် အတူနေအခန်းဖော်များအတွက်တော့ နားညည်းစရာကောင်းမှာဖြစ်ပေမယ့် သင့်အတွက်တော့ ကျန်းမာရေးကောင်းကျိုးတွေ ရှိစေတယ်ဆိုတာ သိပါသလား။ ဒီကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲဆိုတာ ဒီဆောင်းပါးလေးကနေ ဖော်ပြပေးလိုက်ပါတယ်။
- စိတ်ဖိစီးမှုများ ပြေပျောက်စေခြင်း
ရေချိုးရင်း သီချင်းတွေအော်ဆိုလိုက်ခြင်းဟာ အလုပ်ကပေးသော စိတ်ဖိစီးမှုတွေကို သက်သာစေတယ်ဆိုတာ ဆိုနေကျသူတွေ သိကြမှာပါပဲ။ ဒါဟာ ဘာကြောင့်လဲဆိုရင် သင်သီချင်းဆိုလိုက်တဲ့အခါ အဆုတ်လေ့ကျင့်ခန်း ပြုလုပ်သလို ဖြစ်စေပြီး ကိုယ်ခန္ဓာအတွက်လည်း အောက်ဆီဂျင်ပိုမိုရစေတဲ့အတွက် စိတ်ဖိစီးမှုတွေကို သက်သာစေပါလိမ့်မယ်။ ဒီနည်းစဉ်ဟာ အသက်ပြင်းပြင်းရှူရတဲ့ ကုထုံးတစ်ခုလိုပဲ ကိုယ်ခန္ဓာအတွက် ကောင်းကျိုးများ သက်ရောက်မှု ရှိစေပါတယ်။
- သွေးပေါင်ကျစေခြင်း
ကျွန်မတို့ စိတ်ဖိစီးမှု များတဲ့အခါ ကိုယ်ခန္ဓာမှာ ကော်တီဇောလို့ခေါ်တဲ့ ဟော်မုန်းထွက်လာပါတယ်။ ထိုဟော်မုန်းများ အနေအထားတစ်ခုထိ များပြားလာပါက သွေးပေါင်ကို တက်စေတဲ့အပြင် သွေးတွင်းသကြားဓာတ်ကိုပါ မြင့်မားစေပါတယ်။ ဒီလိုမြင့်မားခြင်းကြောင့် ခန္ဓာကိုယ်တွင်း ရောင်ရမ်းခြင်းဖြစ်စဉ်များ ဖြစ်ပေါ်စေပြီး Type2 ဆီးချို၊ လေဖြတ်ခြင်းနဲ့ အခြားပြင်းထန်တဲ့ရောဂါများကို ဆင့်ကဲ ဖြစ်ပေါ်စေပါလိမ့်မယ်။ ရေချိူးစဉ် သီချင်းများ အော်ဆိုလိုက်ခြင်းဖြင့် ကော်တီဇောဟော်မုန်းကို နည်းပါးအောင် ကူညီပေးနိုင်တယ်နော်။
- ကြွက်သားများ သန်မာစေခြင်း
သီချင်းဆိုခြင်းဖြင့် ဝမ်းဗိုက်နဲ့ နောက်ကျော ကြွက်သားများကို သန်မာစေနိုင်ပါတယ်။ ကျွမ်းကျင်တဲ့ အဆိုတော်တွေကတော့ နည်းစနစ်ကျကျနှင့် ပိုမိုဆိုတတ်တာမို့ ကြွက်သားများ သန်မာအောင် လေ့ကျင့်ပြီးသား ဖြစ်စေပါတယ်။
- မှတ်ဉာဏ်အားကောင်းစေခြင်း
သီချင်းတစ်ပုဒ်ဆိုလိုက်တဲ့အခါ အနည်းဆုံးတော့ တစ်ပုဒ်လုံးမဟုတ်တောင် စာသားတစ်ပိုဒ်လောက်ကိုတော့ မှတ်မိရမှာ ဖြစ်ပါတယ်။ ဒီလိုစာသားများကို ပြန်လည်စဉ်းစားခြင်းဖြင့် သင့်ဦးနှောက်ကို အလုပ်ပေးသလို ဖြစ်စေပြီး မှတ်ဉာဏ်အားကောင်းစေပါတယ်။
- ကိုယ်ခံအားတက်စေခြင်း
ရေချိုးရင်း သီချင်းဆိုခြင်းဖြင့် ကော်တီဇောဟော်မုန်းကို ကျစေတဲ့အတွက် သွေးပေါင်တက်ခြင်းကိုပါ ကာကွယ်ပေးပါတယ်။ ဒီအနေအထားက ကိုယ်ခံအားစနစ်ကို ကောင်းစွာ အလုပ်လုပ်ဖို့ ကူညီပေးပါတယ်။
- နာကျင်မှုကို သက်သာစေခြင်း
ရေချိုးစဉ် သီချင်းအော်ဆိုခြင်းဖြင့် ကိုယ်ခန္ဓာကနေ oxytocin နှင့် dopamineဟော်မုန်းတွေကို ထွက်စေပါတယ်။ ထိုဟော်မုန်းတွေက သင့်moodကို ကြည်လင်ကောင်းမွန်စေမယ့်အပြင် နာကျင်မှုတွေကိုပါ သက်သာအောင် လုပ်ပေးနိုင်ပါသေးတယ်။
ဒါဆိုရင်တော့ သင့်ကျန်းမာရေးအတွက် ရေချိူးရင်း သီချင်းဆိုဖို့ အဆင်သင့်ဖြစ်ကြပြီမဟုတ်လား။
ရေးသားသူ-Dr Rose
Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။