ထိခိုက်ရှနာ ဒဏ်ရာလေးတွေဆိုတာ လူတိုင်းနဲ့မကင်းနိုင်ကြတဲ့ အသေးအဖွဲပြဿနာတွေဆိုပေမယ့် ဆီးချိုရောဂါရှိသူေတွအတွက်တော့ ဆိုးရွားတဲ့ကျန်းမာရေးအန္တရာယ်တွေရှိလာနိုင်ပါတယ်။ ဆီးချိုရှိသူတော်တော်များများက အနာကျက်ဖို့နှေးသလို အနာမကျက်နိုင်တော့တာလည်းရှိနိုင်ပါတယ်။
ရောဂါပိုးသာဝင်သွားခဲ့ရင် အနာတဝိုက်က တစ်ရှူးတွေနဲ့အရိုး သို့မဟုတ် ခန္ဓါကိုယ်ရဲ့တခြားအစိတ်အပိုင်းတွေအထိ ပျံ့နှံ့သွားခဲ့ရင် အန္တရာယ်ရှိပါတယ်။
အနာဘာလို့မကျက်တာလဲ
ဆီးချိုရှိတယ်ဆိုရင်သွေးတွင်းသကြားဓါတ်ပမာဏကို ခန္ဓါကိုယ်ကထိန်းညှိဖို့ ပိုခက်ခဲပါတယ်။ ဒါ့ကြောင့် သွေးတွင်းသကြားဓါတ်မြင့်တက်နေတဲ့အခါသွေးဖြူဥဆဲလ်တွေရဲ့လုပ်ဆောင်ချက်ကို ပျက်ယွင်းစေပြီး ဘက်တီးရီးယားခုခံကာကွယ်နိုင်စွမ်းမရှိတော့ပါဘူး။
ဆီးချိုကိုသေချာမထိန်းချုပ်နိုင်တဲ့အခါသွေးလည်ပတ်မှုလည်း မကောင်းတော့ပါဘူး။သွေးလည်ပတ်မှုမကောင်းရင်သွေးနီဥဆဲလ်တွေရဲ့လှုပ်ရှားမှုနှေးကွေးလာပြီး အာဟာရဓါတ်ေတွ အနာတဝိုက်ကိုရောက်ရှိဖို့ခက်ခဲစေပါတယ်။ ရလဒ်အနေနဲ့ ထိခိုက်ဒဏ်ရာတွေ ကျက်ဖို့နှေးလာပါတယ်။
ဒါ့ကြောင့် သင့်မှာ ဆီးချိုရှိနေတယ်ဆိုရင် ကွဲရှရာ၊ ခြစ်ရာ အနာသေးသေးလေးဖြစ်ဖြစ်မြန်မြန်ကုသဖို့၊ အနာပိုးမဝင်အောင် ဂရုစိုက်ဖို့လိုအပ်ပါတယ်။
ဘယ်လိုဂရုစိုက်ရမလဲ
ကိုယ့်မှာ ထိခိုက်ရှနာ၊ အနာလေးတွေတစ်ခုခုရှိလာတာနဲ့ ဒီအဆင့်တွေအတိုင်း အမြန်ဂရုစိုက်လုပ်ဆောင်ပါ –
- အနာကိုရေ၊ဆပ်ပြာနဲ့ဆေးကြောသန့်စင်ပါ။
- အနာပိုးသတ်ဆေး၊ အရက်ပြန် သို့မဟုတ် အိုင်အိုဒင်းတွေ မသုံးသင့်ပါ။ အရေပြားကိုလောင်စေနိုင်ပါတယ်။
- ပဋိဇီဝအနာကျက်ဆေးခရင်မ် သို့မဟုတ် အဆီတွေသုံးပါ။
- ပိုးသတ်ထားတဲ့ ပတ်တီး သို့မဟုတ် ပလာစတာကပ်ပါ။
- အနာကို တင်းကျပ်၊စည်းနှောင်တာတွေမဖြစ်အောင် ဂရုစိုက်ပါ။ ဥပမာ – အဝတ်အစားကျပ်ကျပ် သို့မဟုတ် ဖိနပ်ကြောင့် အရေပြားမှာပွန်းမိရင် ပိုဆိုးစေနိုင်ပါတယ်။
ခြေထောက်မှာဖြစ်တဲ့ ပြတ်ရှရာ၊ခြစ်ရာ၊ကွဲရာ ဒဏ်ရာတွေက အနာဖြစ်လာနိုင်ပါတယ်။ အနာက နက်တယ်ဆိုရင် ဘက်တီးရီးယားတွေကိုသွေးထဲရောက်ရှိစေနိုင်ပါတယ်။
ဆီးချိုရှိသူဟာ ဂရုစိုက်ကုသမှုမခံယူရင်ခြေ လက်ဖြတ်တောက်ရတဲ့အထိ အခြေအနေဆိုးလာနိုင်တာမို့ အနာပိုးမဝင်စေဖို့ အရေးကြီးပါတယ်။ ရောဂါပိုးဝင်လာပြီဆိုရင် အနာမှာ –
- ထိရင် ပူတဲ့ခံစားမှုရှိတယ်
- နီရဲလာတယ်
- ရောင်ရမ်းမယ်
- နာကျင်မယ်
- ပုံမှန်မဟုတ်တဲ့အရည်တွေထွက်မယ်(ပြည်)
- တစ်ရက်/နှစ်ရက်ကြာလည်း အနာဖေးမတက်ဘူး
- တစ်ရက်/နှစ်ရက် ကြာလည်း အနာပေါက်မပိတ်ဘူး။
အနာပိုးဝင်တာ ပြင်းထန်တယ်ဆိုရင်တော့ –
- ချမ်းတုန်လာခြင်း၊
- အဖျားတက်ခြင်း၊
- အနာနေရာကThrobbing pain
- အနာက အနံ့ဆိုးထွက်နေခြင်း
- ရောင်ရမ်းလာခြင်း
- အနာတဝိုက်အရေပြားမှာ နီမြန်းလာခြင်း တို့ဖြစ်ပါတယ်။
ဒီလိုအရေးကြီးလက္ခဏာပေါ်လာခဲ့ရင် ချက်ချင်းကုသမှုခံယူပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။
[embed-health-tool-bmi]