backup og meta

အပူလောင်ခြင်း အတွက် သိထားသင့်သည့် အချက်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အပူလောင်ခြင်း အတွက် သိထားသင့်သည့် အချက်များ

    အပူလောင်ခြင်း ဆိုသည်မှာ အပူနှင့် ဓာတုဗေဒပစ္စည်းများကြောင့် ခန္ဓာကိုယ်၏ အရေပြား (သို့) တစ်ရှူးအသားမျှင်တို့တွင် ဒဏ်ရာရခြင်းကို ခေါ်ပါသည်။အပူလောင်ကျွမ်းခြင်းကြောင့် အရေပြားကို ပြင်းထန်စွာ ထိခိုက်နိုင်ပါသည်။

    အရေပြားသည် ခန္ဓာကိုယ်၏ အရေးကြီးသော အစိတ်အပိုင်းတစ်ခုဖြစ်ပြီး အပြင်လွှာ (Epidermis)နှင့် အတွင်းလွှာ (Dermis) ဟူသည့် တစ်ရှူး (အသားမျှင်) (၂)လွှာဖြင့် တည်ဆောက်ထားပါသည်။ အပေါ်ယံ အရေပြား သည် အဆီလွှာပေါ်တွင် တည်ရှိပြီး ရေလုံစေပါသည်။ အတွင်းလွှာတွင် သွေးကြောများ၊ အာရုံကြောများ၊ ကြွက်သားများ၊ အဆီပြုဂလင်းများ၊ ချွေးဂလင်းများနှင့် မွေးညှင်းမြစ်များပါရှိပါသည်။

    အရေပြား၏ အဓိကလုပ်ငန်းစဉ်များမှာ

    • ပြင်ပမှ ရောဂါပိုးမွှားများ မဝင်ရောက်စေရန် ကာကွယ်ခြင်း၊
    • ခန္ဓာကိုယ်မှ အညစ်အကြေးများကို ချွေးအဖြစ်စွန့်ထုတ်ခြင်း၊
    • ခန္ဓာကိုယ်အား အပူဓာတ်၊ အအေးဓာတ်တို့ကို သမမျှတစေခြင်း၊
    • ထိခိုက်ဒဏ်ရာများကို အနာကျက်စေခြင်းတို့ ဖြစ်ပါသည်။

    အပူလောင်ခြင်း အမျိုးအစားများ

    (၁)      မီးလောင်ခြင်း  

    မီးတောက်၊ မီးတောက်နှင့် သက်ဆိုင်စေသည့် အကြောင်းရင်းများ (ဖယောင်းတိုင်မီး)၊ ပွတ်တိုက်မှုကြောင့် အပူလောင်ခြင်း၊ ပေါက်ကွဲမှုကြောင့် အပူလောင်ခြင်း။

    (၂)   ပူသော အရည်အငွေ့       

    ရေနွေးငွေ့၊ ရေနွေးပူ၊ ပူသောအရည်များ (ဥပမာ- လက်ဖက်ရည်၊ ကော်ဖီ)

    (၃)  လျှပ်စစ်ဓာတ် 

    အိမ်သုံးဗို့အားနည်း၊ ဗို့အားမြင့် လျှပ်စစ်၊ မိုးကြိုးပစ်ခြင်း (သံ၊ သွပ်၊ ကြေးနီ၊ ရေ)

    (၄)   အအေးဓာတ်လောင်     

    နှင်းကိုက်ခြင်း၊ အေးခဲနေသော သတ္တုပစ္စည်းများနှင့် ထိတွေ့ ကျွမ်းခြင်း၊ ခဲနေ‌သော အခိုးအငွေ့များနှင့် ထိတွေ့ခြင်း (သို့) အောက်ဆီဂျင် (သို့) နိုက်ထရိုဂျင် အရည်များ လောင်ကျွမ်းခြင်း။

    (၅) ဓာတုဗေဒပစ္စည်းများ      

    စက်ရုံသုံးဓာတုဗေဒဆေးအရည်၊ အငွေ့၊ အိမ်သုံးဓာတုဗေဒဆေးရည် လောင်ကျွမ်းခြင်း၊ အိမ်သုတ်ဆေး၊ ကော့စတစ်ဆိုဒါ၊ပြင်းထန်သော အက်စစ်နှင့် အဲလ်ကာလီ

    (၆)  နေရောင်ခြည်ကြောင့်  နေပူလောင်ခြင်း

    ခရမ်းလွန်ရောင်ခြည် အပြလွန်၍ လောင်ခြင်း၊ လောင်ကျွမ်းခြင်း  ရေဒီယိုရောင်ခြည်ထိတွေ့ခြင်း။

    အပူလောင်ခြင်း ပမာဏ တွက်ချက်နည်း

    လောင်ကျွမ်းမှုဧရိယာပမာဏ (%) ဖြင့် ဆန်းစစ်ခြင်း

    • ဦးခေါင်း ၉%
    • ရင်ဘက် (ရှေ့၊ နောက်) ၉% ’ ၉% ‘၁၈%
    • ဝမ်းဗိုက် (ရှေ့၊ နောက် ၉% ’ ၉% ‘၁၈%
    • လက်နှစ်ဘက် ၉% ’ ၉% ‘၁၈%
    • ခြေထောက်တစ်ချောင်းလုံး (ညာ) ၉% ’ ၉% ‘၁၈%
    • ခြေထောက်တစ်ချောင်းလုံး (ဘယ်) ၉% ’ ၉% ‘၁၈%
    • မျိုးပွားအင်္ဂါ

    အပူလောင်ခြင်းကို ဆန်းစစ်ရာတွင် အထူးဂရုပြုရမည့်အချက်များ

    • အပူလောင်ခြင်း၏ အနက်ကို စစ်ဆေးပါ။
    • အပူလောင်သည့် ဧရိယာအကျယ်အဝန်းကို စစ်ဆေးပါ။
    • အပူလောင်သည့်နေရာကို စစ်ဆေးပါ။
    • အပူလောင်သည့် အကြောင်းအရင်း (မီးတောက်၊ ဓာတုဗေဒပစ္စည်း၊ လျှပ်စစ်လောင်ကျွမ်းခြင်း) ပတ်လည်လောင်ကျွမ်းမှုများသည် အထူး ဂရုပြုရမည့် အခြေအနေဖြစ်သည်။

    အပူလောင်ခြင်းအကျယ်အဝန်း

    • အပူလောင်ခြင်းကို လောင်ကျွမ်းသော အရေပြား၏ အတိမ်အနက်၊ လောင်ကျွမ်းမှု ဧရိယာ၊ လောင်ကျွမ်းမှု နေရာ၊ ကြာမြင့်ချိန်၊ အသက်အရွယ်တို့ဖြင့် ပေါင်းစပ်ကြည့်ရပါမည်။

    အပူလောင်ခြင်းအဆင့် () ဆင့်

    (၁)      အရေပြားနီရုံမျှလောင်ခြင်း (ပထမအဆင့်)

    (၂)       အရေပြားနီပြီး မီးလောင်ဖုများ ဖောင်းကြွလာခြင်း (ဒုတိယအဆင့်)

    (၃)      အရေပြားပေါက်ပြဲပြီး အရိုးထိအောင်လောင်ကျွမ်းခြင်း (တတိယအဆင့်)

    အရေပြားနီရုံမျှလောင်ခြင်း

    အရေပြားနီရဲအထိမခံနိုင်ဘဲ နာကျင်ပြီး အနည်းငယ် ရောင်လာမည်။

    • ဒဏ်ရာပေါ်သို့ ရေလောင်းပါ။ (ပူလောင်နာကျင်မှုဝေဒနာ သက်သာသည်အထိ)
    • ဒဏ်ရာမရောင်ရမ်းလာခင် လက်ဝတ်ရတနာများ၊ နာရီများ ချွတ်ထားပေးပါ။
    • ဒဏ်ရာပေါ်သို့ သန့်စင်သောပိတ်ပါးစနှင့် ဖုံးအုပ်ပြီးပတ်တီးစည်းပါ။

    အရေပြားနီပြီး မီးလောင်ဖုများ ဖောင်းကြွလာခြင်း (ဒုတိယအဆင့်) (A Partial Burn)

               အရေပြားနီရဲ၊ အရည်ကြည်ဖုများ ဖောင်းကြွလာမည်။ ပြင်းထန်သော ဒုတိယအဆင့် လောင်ကျွမ်းမှုဖြစ်ပေါ်ပါက အရည်ကြည်ဖုများ ဖောင်းကြွခြင်းမရှိဘဲ ဖယောင်းသုတ်ထားသကဲ့သို့ ဖြစ်နေမည်။

    • အပူလောင်ဒဏ်ရာအားပြုစုရာတွင် လက်ကို သန့်စင်စွာ ဆေးကြောပါ။
    • အပူလောင်ထားသော အရည်ကြည်ဖုများကို မဖောက်ပါနှင့်။
    • ဒဏ်ရာသက်သာသည်အထိ ဒဏ်ရာပေါ်သို့ ရေဖြင့် ဖြည်းညှင်းစွာလောင်းပါ။
    • ခြောက်သွေ့သန့်စင်သော ပိတ်ပါးစအုပ်ပြီး ပတ်တီးဖွဖွစည်းခြင်းဖြင့် ပိုးမွှားမဝင်ရောက်စေရန် ကာကွယ်ပါ။
    • ဓာတ်ဆားရည်၊ လတ်ဆတ်သောသစ်သီးဖျော်ရည် (သို့) ရေအေးအေးကို ဖြည်းညှင်းစွာ မကြာခဏ တိုက်ပါ။

    အရေပြားနှင့် ကြွက်သားများပါပျက်စီးပြီး အရိုးပါလောင်ကျွမ်းခြင်း (တတိယအဆင့်)

    အရေပြားများနီရဲပြီး ပေါက်ပြဲနေမည်။  ဒဏ်ရာပတ်ဝန်းကျင်တွင် ပထမနှင့်ဒုတိယအဆင့် လောင်ကျွမ်းခြင်းတို့ကြောင့် နာကျင်ပြီး ရောင်ရမ်းနေမည်။အရေပြား၊ ကြွက်သားနှင့် အရိုးထိပါလောင်၍ ကျွမ်းနေမည်။ လောင်ကျွမ်းသည့်ဒဏ်ရာသည် အာရုံကြောများကို ပျက်စီး၍ နာကျင်မှုမရှိဘဲ သားရေကဲ့သို့ ဖြူနေမည် (သို့) မည်းနေမည်။ အရေပြားခြောက်သွေ့နေမည်။

    • အပူလောင်ဒဏ်ရာကို ပြုစုရာတွင် လက်ကိုသန့်စင်စွာ ဆေးကြောပါ။
    • အပူလောင်ဒဏ်ရာပေါ်ကို သန့်စင်သော ပိတ်ပါးစဖြင့် ဖုံးအုပ်ပါ။
    • ဒဏ်ရာဝန်းကျင်ကို ရေလောင်းပါ။
    • ဒဏ်ရာဝန်းကျင်ကို သန့်စင်သော ပိတ်ပါးစဖြင့်သုတ်ပြီး ခြောက်သွေ့သန့်စင်သော ပိတ်ပါးစအုပ်၍ ပတ်တီးဖွဖွစည်းပေးပါ။
    • ဓာတ်ဆားရည်၊ လတ်ဆတ်သောသစ်သီးဖျော်ရည် (သို့) ရေအေးအေးကို ဖြည်းညှင်းစွာ မကြာခဏ တိုက်ပါ။
    • လူနာကို ချမ်းတုန်ခြင်းမဖြစ်ပေါ်စေရန် နွေးနွေးထွေးထွေးထားပါ။
    • ရှော့ခ်မဖြစ်စေရန် ကာကွယ်ပါ။
    • ဆေးရုံပို့ပါ။

    ဆောင်ရန်အချက်များ

    • အပူလောင်သောနေရာများ နာကျင်မှုသက်သာသည်အထိ ရေအေးလောင်းပါ။ ရေဘုံဘိုင်အောက်တွင်ထားပါ။
    • ပိုးမွှားမဝင်ရောက်စေရန်ကာကွယ်ပါ။
    • လူနာကို  ပူလွန်း၊ အေးလွန်းဖြစ်ခြင်းမှ ကာကွယ်ပါ။
    • သွေးဆုတ်သွေးလန့်ခြင်းမဖြစ်ရန် ကာကွယ်ပါ။ ဖြစ်လျှင်ပြုစုကုသပါ။
    • ဓာတ်ဆားရည်၊ လတ်ဆတ်သော သစ်သီးဖျော်ရည် (သို့) ရေအေးအေးကို ဖြည်းညှင်းစွာ မကြာခဏ တိုက်ပါ။
    • လူနာကိုချမ်းတုန်ခြင်းမဖြစ်ပေါ်စေရန် နွေးနွေးထွေးထွေးထားပါ။
    • အသက်ရှူခက်ခဲမှုကို စောင့်ကြည့်ပါ။
    • ဓာတုဗေဒပစ္စည်း၊ လောင်ကျွမ်းနေသောအဝတ်စ၊ အသုံးအဆောင်ပစ္စည်းများ ဖယ်ရှားပါ။
    • ဆေးရုံပို့ပါ။

    ရှောင်ရန်အချက်များ

    • မည်သည့်ဆေး၊ အဆီမှ မလိမ်းရ။
    • အရည်ကြည်ဖုများ မဖောက်ရ။
    • အသားစများကို မညှပ်ရ။
    • ကပ်နေသောအဝတ်အစား အသုံးအဆောင်များကို မဆွရ။
    • ရေခဲရေ မသုံးရ။
    • ပလာစတာ၊ ဂွမ်း၊ အမွှေးနုချည်ထည် မသုံးရ။
    • မီးဖိုချောင်သုံးဆေး မသုံးရ။
    • ဆေးပြာရည် မသုံးရ။

    မဖြစ်မနေ ဆေးရုံပို့ရမည့်အခြေအနေများ

    (၁)      လူနာသည် အသက် ၅ နှစ်အောက် (သို့) ၅၅ နှစ်အထက်ဖြစ်နေခြင်း။

    (၂)       အသက်ရှူခက်ခဲနေခြင်း။

    (၃)      လျှပ်စစ်ဓာတ်လိုက်ခံရသူများ။

    (၄)      မျက်နှာ၊ လည်ပင်း၊ ရင်အုံ၊ အသက်ရှူလမ်းကြောင်းနှင့် မျိုးပွားအင်္ဂါလောင်ကျွမ်းခံရသူများ။

    (၅)      ဓာတုဗေဒပစ္စည်း လောင်ကျွမ်းခံရသူများ။

    (၆)      ပြင်းထန်သော ဒုတိယအဆင့် လောင်ကျွမ်းခံရသူများ။

    (၇)      တတိယအဆင့် လောင်ကျွမ်းခံရသူများ။

    (၈)      ပတ်လည် လောင်ကျွမ်းခံရသူများ။

    ရေမရှိပါက

    • ဒဏ်ရာကို ဆန်းစစ်ပါ။
    • ရောဂါပိုးဝင်ရောက်မှုမရှိစေရန် ဒဏ်ရာကို ဖုံးအုပ်ထားပါ။

    (သန့်စင်သောပိတ်စ၊ ခြောက်သွေ့သန့်စင်သော ပလပ်စတစ်အိတ်၊ သန့်ရှင်းသော ဒေသသုံး ငှက်ပျောရွက်စသည်)

    • လက်ချောင်းခြေချောင်းများတွင် ဒဏ်ရာရပါက ၄င်းတို့ကြားတွင် ပိတ်ပါးစခံပြီးမှ ပတ်တီးစည်းပါ။
    • လူနာကို ချမ်းတုန်ခြင်းမဖြစ်ပေါ်စေရန် နွေးနွေးထွေးထွေးထားပါ။
    • ဆေးရုံ အမြန်ဆုံးပို့ပါ။

    ရေးသားသူ-ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 30/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement