backup og meta

စိုစွတ်နေတဲ့ မိုးရာသီမှာ အနာကိုဘယ်လိုဂရုစိုက်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 09/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    စိုစွတ်နေတဲ့ မိုးရာသီမှာ အနာကိုဘယ်လိုဂရုစိုက်မလဲ

    အနာဆိုတာ ထိခိုက်ဒဏ်ရာတစ်မျိုးပါ။ မြင်သာအောင်ပြောပြရရင် အပေါ်ယံအရေပြားပေါက်ပြဲသွားတာပေါ့။ အပေါ်ယံအရေပြားက ခန္ဓာကိုယ်ရဲ့ ခံတပ်လေ။ ခံတပ်ပျက်သွားပြီဆိုရင် အန္တရာယ်ကျရောက်ဖို့က လွယ်သွားပြီပေါ့။ အခုလို မိုးရာသီမှာဆိုရင် စိုစိုစွတ်စွတ်ရှိတော့ ပိုးမွှားတွေပေါက်ဖွားဖို့အတွက်အခွင့်ကောင်းပါ။ ဒီတော့ အပေါ်ယံအရေပြားပေါက်ပြဲမှုကနေတဆင့် ရောဂါပိုးတွေအလွယ်တကူဝင်ရောက်ပြီး အနာရင်းတာ၊ ပိုးဝင်တာနဲ့ နောက်ဆက်တွဲပြဿနာတွေဖြစ်နိုင်ပါတယ်။ ဒါဆိုရင် စိုစွတ်နေတဲ့ မိုးရာသီမှာ အနာကိုဘယ်လိုဂရုစိုက်မလဲ ။

    စိုစွတ်နေတဲ့ မိုးရာသီမှာ အနာကိုဘယ်လိုဂရုစိုက်မလဲ

    • အနာကိုမိုးရေနဲ့ မထိတွေ့ပါစေနဲ့

    မိုးရေမှာ ရောဂါပိုးတွေ ပါဝင်နေတတ်တာကြောင့် အပြင်ထွက်ခါနီးတိုင်း အနာကို ပလာစတာကပ်တာမျိုးဖြစ်ဖြစ်၊ ပတ်တီးစည်းတာမျိုးဖြစ်ဖြစ် လုပ်သွားပေးပါ။ အနာကို မိုးရေနဲ့ တိုက်ရိုက်မထိတွေ့အောင် ကာကွယ်ပါ။ အနာကို မိုးရေနဲ့ထိတွေ့စေမှုက ပြင်းထန်တဲ့ရောဂါပိုးကူးစက်မှုကို ဖြစ်စေနိုင်တာကြောင့်ပါ။

  • အနာမှာ ညစ်ပေနေတဲ့အရာတွေ ပေကျံနေလားဆိုတာကို စစ်ဆေးပါ
  • အပြင်ကနေ မိုးစိုစိုနဲ့ ပြန်လာတဲ့အခါ အနာမှာ ညစ်ပေတဲ့အရာတွေ ပေကျံကပ်ပါလာလားဆိုတာကို သေချာစစ်ဆေးပါ။ ပေကျံနေတယ်ဆိုရင် ဖယ်ရှားသန့်စင်ပါ။ ဒီလိုလုပ်ပေးတာက အနာကို ပိုးဝင်ကူးစက်တာမျိုးမဖြစ်အောင် ကာကွယ်နိုင်မှာပါ။

  • အနာကို သန့်ရှင်းပေးပါ
  • အနာကို သန့်စင်ဖို့က မဖြစ်မနေလုပ်သင့်တဲ့ အချက်တစ်ခုပါ။ အပြင်က ပြန်လာတဲ့အခါတိုင်းမှာ ခြေလက်တွေကို သန့်စင်အောင်ဆေးကြောပေးပါ။ ပြီးရင်တော့ အနာကို သန့်ရှင်းရေးလုပ်ပါ။ အနာတဝိုက်ကို ဆပ်ပြာနဲ့ ရေသန့်သန့်လေးသုံးပြီး သေချာဆေးကြောသန့်စင်ပေးပါ။ ရေနွေးခပ်နွေးနွေးလေးကို တဘက်စသန့်သန့်လေးနဲ့ ယူပြီး အနာပေါ်နဲ့ အနာတဝိုက်ကို ဆေးကြောသန့်စင်ပေးတာက ထိရောက်တဲ့ နည်းလမ်းတစ်ခုပါ။

    • အနာကို ခြောက်သွေ့အောင် ထားပေးပါ

    အနာကို သန့်စင်ဆေးကြောပြီးတဲ့အခါ အနာကို ခြောက်သွေ့အောင်ထားပေးဖို့ မမေ့ပါနဲ့။ စိုစွတ်တဲ့အခြေအနေက ဘက်တီးရီးယားတွေကို အလွယ်တကူပေါက်ဖွားစေနိုင်တာကြောင့်ပါ။ ဒီလိုလုပ်ပေးတာက အရေပြားအတွင်းပိုင်းကို ရောဂါပိုးတွေ မဝင်ရောက်နိုင်အောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။

    • Antibiotic Cream လူးပေးပါ

    Antibiotic Creamတွေက အနာကို အစိုဓာတ်ရှိနေအောင် ထိန်းထားပေးနိုင်ရုံတင်မဟုတ်ဘဲ ပိုးဝင်ကူးစက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အနာကို သန့်စင်ပြီး ခြောက်သွေ့အောင်လုပ်ပြီးတဲ့အခါ Antibiotic Cream ခပ်ပါးပါးလေးလူးပေးပါ။ အချို့ Antibiotic Creamတွေမှာ အရေပြားဓာတ်မတည့်စေနိုင်တဲ့ ပစ္စည်းတွေပါဝင်တတ်တာကြောင့် အရေပြားမှာ ဆေးလူးပြီးလို့ ယားယံတာ၊ အဖုအပိမ့်ထွက်တာမျိုးဖြစ်လာမယ်ဆိုရင် ဆက်မလူးဖို့ ပြောပါရစေ။

    • အနာကို ပလာစတာကပ်ပါ၊ ပတ်တီးစည်းပါ

    အနာကို ပလာစတာကပ်ပေးတာ၊ ပတ်တီးစည်းထားတာတွေက အနာကို ပိုးမဝင်အောင်ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။ အထူးသဖြင့် အပြင်သွားရမယ်။ မိုးရေနဲ့ ထိတွေ့ရမယ်ဆိုရင် ပလာစတာ ကပ်သွားပါ။

    • အနာကို ကုတ်ဖဲ့တာမျိုးမလုပ်ပါနဲ့

    အနာကို ကုတ်ဖဲ့တာ၊ အနာဖေးကို ခွာထုတ်တာမျိုး မလုပ်ပါနဲ့။ အနာမကျက်ခင်မှာ ကုတ်ဖဲ့မိတဲ့အခါ အနာပေါက်ပြန်ဖြစ်သွားပြီး ရောဂါပိုးတွေ ဝင်ရောက်ကူးစက်တာမျိုး ဖြစ်နိုင်တာကြောင့်ပါ။ အနာဖေးကိုခွာတာက လက်သည်းကြားထဲက ပိုးတွေအနာထဲကို ဝင်ရောက်နိုင်သလို ပတ်ဝန်းကျင်က ဘက်တီးရီးယားတွေလည်း အနာထဲကို အလွယ်တကူဝင်ရောက်နိုင်ပါတယ်။ အနာကျက်ဖြစ်စဉ်ကို နှောင့်နှေးစေနိုင်ပါတယ်။

    • ပလာစတာလဲပေးပါ

    အနာမှာကပ်ထားတဲ့ ပလာစတာတွေ၊ ပတ်တီးတွေညစ်ပတ်နေရင်၊ ရေစိုနေရင် ချက်ချင်းလဲပေးပါ။ ဒီလိုလုပ်တာကလည်း အနာပိုးမဝင်အောင်ကာကွယ်ရာရောက်ပါတယ်။

  • အနာရင်းနေလား စစ်ဆေးဖို့ သတိရပါ
  • တစ်နေ့တစ်ကြိမ်တော့ အနာကို မဖြစ်မနေစစ်ဆေးပေးပါ။ အနာကိုစစ်ဆေးတဲ့အခါ

    -အနာတဝိုက် နီမြန်းရောင်ရမ်းနေလား၊

    -အနာတဝိုက်မှာ နာကျင်နေလား၊

    -အနာကနေ ပြည်လိုမျိုး အရည်တွေထွက်နေလား၊

    -အဖျားရှိနေတာလား ဆိုတာတွေကို သေချာစစ်ဆေးပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 09/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement