backup og meta

ချုပ်ရိုးကို ဘယ်လိုဂရုစိုက်ရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ချုပ်ရိုးကို ဘယ်လိုဂရုစိုက်ရမလဲ

    ခေါင်းကွဲသွားလို့ ၅ ချက်ချုပ်လိုက်ရတယ်။ ခြေထောက်ဒဏ်ရာ ၄ ချက်ချုပ်လိုက်ရတယ် စသည်ဖြင့် ကိုယ်တိုင်ရော၊ တခြားသူတွေဆီမှာပါ မြင်ဖူးကြားဖူးကြုံဖူးကြမှာပါ။ ဆရာဝန်က ချုပ်ပေးလိုက်တာပဲ ဆိုပေမယ့် ချုပ်လိုက်တယ်ဆိုတိုင်း အနာပေါက်ပိတ်မသွားပါဘူး။ အနာကျက် မသွားပါဘူး။ အနာကျက်ဖို့ အချိန်တစ်ခုတော့ စောင့်ရဦးမှာပါ။ ချုပ်ရိုး ဖြေဖို့ကလည်း ရှိသေးတယ်။

    ချုပ်ရိုးကို ဘယ်လိုဂရုစိုက်ရမလဲ

    ဒဏ်ရာကြောင့်ဖြစ်ဖြစ် တစ်စုံတရာ ခွဲစိတ်ကုသမှုကြောင့်ဖြစ်ဖြစ်၊ ချုပ်ရိုး အနာမကျက်ခင် စပ်ကြားမှာ ဒဏ်ရာကို သေချာဂရုစိုက်ပေးဖို့ အရေးကြီးပါတယ်။ အခန့်မသင့်လို့ အနာပိုးဝင်ခဲ့ရင် ရိုးရိုးအနာထက် အန္တရာယ်နဲ့ နောက်ဆက်တွဲပြဿနာ ပိုများနိုင်လို့ပါ။ ခွဲစိတ်ကုသထားတဲ့ ဒဏ်ရာတွေက ချုပ်ရိုးကြောင့် အနာကျက်လွယ်ပေမယ့် ချုပ်ရိုးကြောင့်ပဲ အမာရွတ်ကြီး ဖြစ်မကျန်အောင်၊ အနာပိုးမဝင်အောင် သတိထားပြီး ဂရုစိုက်တာ အကောင်းဆုံး ဖြစ်ပါတယ်။

    ဘာတွေ သတိထားဂရုစိုက်ရမလဲ

    • ပတ်တီး သို့မဟုတ် ပလာစတာကို ဘယ်အချိန်မှာဖယ်ရမလဲ။

    တချို့ဒဏ်ရာတွေမှာ ခွဲစိတ်ပြီး၊ ချုပ်ပြီးတာနဲ့နောက်တစ်ရက်မှာ ဖယ်လို့ရပါပြီ။ ဒါကတော့ ဘယ်ခန္ဓာကိုယ် အစိတ်အပိုင်းမှာဖြစ်တဲ့ ဒဏ်ရာလဲ၊ ဒဏ်ရာဘယ်လောက်ပြင်းသလဲ၊ ဒဏ်ရာအတိမ်အနက်တို့အပေါ် မူတည်ပါတယ်။ ဒဏ်ရာအများစုကတော့ သုံးလေးရက်လောက်ကြာမှ ပတ်တီးဖယ်လို့ရတာပါ။ ဒါပေမယ့် အနာကို ကာကွယ်ဖို့ ပလာစတာဖြစ်ဖြစ် ဖုံးအုပ်ကာကွယ်ထားနိုင်ပါတယ်။

    • အနာကို ခြောက်သွေ့အောင် ထားပါ။

    အထူးသဖြင့် ကုသမှုခံယူပြီး ပထမ ၂၄ နာရီအတွင်းမှာ သတိထားရပါတယ်။ ပထမရက်မှာ ဆရာဝန် ခွင့်ပြုချက်မရှိရင် ရေမချိုးသင့်ပါဘူး။ ရေပတ်တိုက်ချင် တိုက်ပါ။ ဒုတိယရက် ဆိုရင်တော့ ရေချိုးပြီးရင် အနာတဝိုက်ကို တဘက်နဲ့ ညင်သာစွာ တို့သုတ်ပါ။

    • ချုပ်ရိုးဖြေတာကို ဆရာဝန်ကသာ လုပ်ပေးလို့ရပါတယ်။

    ကိုယ့်သဘောနဲ့ကိုယ် ဘာမှမလုပ်သင့်ပါဘူး။ အများစု ချုပ်ရိုးတွေဆို ၃ ရက်ကနေ ၃ ပတ်လောက်ကြာမှ ဖြေရတာမျိုးပါ။ အနာကျက်တဲ့ အနေအထားကို ကြည့်ပြီး ဆရာဝန်က ဆုံးဖြတ်ပါလိမ့်မယ်။

    • ဒဏ်ရာရှိတဲ့အစိတ်အပိုင်းကို လှုပ်ရှားမှုနည်းအောင်ထားပါ။

    ချုပ်ရိုး ဒဏ်ရာတဝိုက် လှုပ်ရှားမှုနည်းမှ အနာကျက်မြန်စေမှာပါ။ ချုပ်ရိုးကို ပြန်ကွဲစေလောက်တဲ့ လှုပ်ရှားမှုမျိုးတွေ မလုပ်ပါနဲ့။ ခွဲစိတ်ကုသမှု နောက်ပိုင်း တစ်လအတွင်း အလေးအပင်မတာ၊ အားစိုက်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊ အားကစားလုပ်တာတွေ ရှောင်သင့်ပါတယ်။

    • ဒဏ်ရာတဲ့ လက် သို့မဟုတ် ခြေထောက်ကို နှလုံးထက် level မြင့်အောင် မြှင့်ထားပါ။

    ဒါမှ နာကျင်မှုနဲ့ ရောင်ရမ်းမှု သက်သာစေမှာဖြစ်ပါတယ်။ သက်သောင့်သက်သာဖြစ်စေဖို့ ခေါင်းအုံး သို့မဟုတ် စောင်လေး ခုထားပေးပါ။

    • အနာကို မထိတွေ့ခင်မှာ လက်အမြဲဆေးကြောပါ။

    အနာကို သန့်စင်မယ်ဆိုရင် တိုက်ရိုက်မဟုတ်ဘဲ အနာတစ်ဝိုက်အရေပြားမှာ gauze padလေး သို့မဟုတ် အဝတ်စနုနုလေး သုံးနိုင်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်မရှိဘဲ ဆပ်ပြာ အပြင်းစားတွေ၊ အရက်ပြန်၊ အိုင်အိုဒင်း၊ peroxideတွေ မသုံးပါနဲ့။ အရေပြားကို ထိခိုက်စေပြီး အနာကျက် နှေးစေနိုင်ပါတယ်။

    • ဆရာဝန် ညွှန်ကြားတဲ့အတိုင်းမဟုတ်ဘဲ ဘယ်ဆေး၊ ဘယ်အရာကိုမှ အနာကို မလိမ်းပါနဲ့။ သန့်စင်တာ၊ ဆေးထည့်တာတို့ကိုညွှန်ကြားချက်အတိုင်းသာ လုပ်ပါ။

    ဒါတွေဖြစ်လာရင် ဆရာဝန်နဲ့ပြန်ပြပါ။

    • အနာ ချုပ်ရိုးက ကွဲလာတယ်ဆိုရင် ဆရာဝန်နဲ့ ပြန်ပြပါ။ လိုအပ်လို့ ပြန်ချုပ်သင့်ရင် ချုပ်ရနိုင်ပါတယ်။
    • ချုပ်ရိုးက နီရဲလာတယ်ဆိုရင် ပိုးဝင်တဲ့ လက္ခဏာ ဖြစ်နိုင်ပါတယ်။ ကုသမှု ခံယူပြီးကာစမှာ နီရဲနေတာကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် နီရဲနေတာက ဆက်တိုက် ဖြစ်နေရင်၊ ပိုဆိုးလာရင်၊ အနာတစ်ဝိုက် တစ်လက်မထက် ပိုကျယ်ပြန့်လာရင်၊ အနာက ပူနေရင် ဆရာဝန်နဲ့ ပြန်ပြပါ။
    • အနာက သွေးထွက်နေရင် အနာကပ် ပလာစတာ၊ ပတ်တီးတွေကို အသစ်လဲပေးပါ။ သွေးတိတ်အောင် ခဏလေး ဖိထားကြည့်လို့ မတိတ်ရင် ဆရာဝန်ပြပါ။
    • ခွဲစိတ်ပြီး ပထမ ၆လအတွင်း နေပူထဲသွားတဲ့အခါ အနာ သို့မဟုတ် အမာရွတ်ကို နေရောင်တိုက်ရိုက်မထိတွေ့အောင် ဖုံးအုပ်ကာကွယ်ထားပါ။ နေလောင်တဲ့အခါ အမာရွတ် ကြာရှည်တတ်ပါတယ်။ အမာရွတ်က အရောင်ရင့်ပြီး သိသာတတ်ပါတယ်။
    • အနာမှာ ပြည်တည်လာတာ၊ အနံ့ထွက်လာတာလိုမျိုး အနာပိုးဝင်တဲ့ လက္ခဏာတွေ တွေ့လာရရင် ပိုမဆိုးလာခင် ကုသမှုခံယူပါ။ အဖျားတက်လာတာ၊ ဂလင်းတွေ ရောင်ရမ်းလာတာဆိုရင် ချက်ချင်း ဆရာဝန်ပြပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 22/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement