backup og meta

ပလာစတာနဲ့ ပတ်တီးကို ဘယ်လိုသုံးရမလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပလာစတာနဲ့ ပတ်တီးကို ဘယ်လိုသုံးရမလဲ

    မတော်တဆြဖစ်လို့ ထိမိရှမိတယ်ဆိုရင် ပလာစတာဝယ်ပြီး လွယ်လွယ်ကပ်လိုက်ကြတာများပါတယ်။ ဒဏ်ရာကြီးရင်တော့ ပတ်တီးစည်းကြတာပေါ့။ ဒါပေမယ့် အသုံးပြုတဲ့နည်းလမ်းမှန်ကန်မှ အနာသန့်ရှင်းပြီးရောဂါပိုးမဝင်ေစမှာဖြစ်ပါတယ်။ အနာကို ဖြစ်သလိုကုသမယ်ဆိုရင် အနာကျက်ဖို့လည်းနှောင့်နှေးစေမယ့်အပြင် ပိုးဝင်ခဲ့ရင်နာက်ဆက်တွဲဆိုးကျိုးေတွရှိစေနိုင်ပါတယ်။

    ဒါ့ကြောင့် ဘယ်ဒဏ်ရာကိုမဆို အရင်ဆုံးလုပ်ပေးသင့်တဲ့ ဒီအချက်လေးတွေကို သိထားသင့်ပါတယ်။

    • အနာကို မထိတွေ့ခင် လက်အရင်ဆေးပြီးခြောက်အောင်သုတ်ပါ။ (ဒဏ်ရာကြီးတယ်ဆို လက်အိတ်စွပ်ပြီးဆေးထည့်၊ပတ်တီးစည်း လုပ်သင့်ပါတယ်)
    • သွေးထွက်နေတယ်ဆိုရင် လူနာကို ထိုင်ခိုင်း သို့မဟုတ် လှဲနေခိုင်းပါ။
    • အနာကိုလေနဲ့မမှုတ်ရပါဘူး။
    • သွေးတိတ်စေဖို့အနာကိုဖိထားပြီး အနာရှိတဲ့ လက် သို့မဟုတ်ခြေထောက်ကို နည်းနည်းမြှင့်ထားပါ။
    • အနာကို ဖုံးအုပ်နိုင်လောက်တဲ့အရွယ်အစားရှိတဲ့ ပလာစတာ သို့မဟုတ် ပတ်တီးကိုသုံးပါ(ဥပမာ အနာက ပလာစတာကပ်လို့ အပြည့်အဝမဖုံးအုပ်နိုင်ဘူးဆိုရင် ဒဏ်ရာမကြီးလည်း ပတ်တီးစည်းပါ)
    • ပလာစတာနဲ့ ပတ်တီးကို ပုံမှန်အသစ်လဲသင့်ပါတယ်။
    • ဒဏ်ရာကသိပ်များတယ်ဆိုရင်တော့ အရေးပေါ်ဆေးထည့်ပြီးတာနဲ့ဆေးခန်းပြသင့်ပါတယ်။

    ပလာစတာ ကပ်မယ်ဆိုရင်

    ပလာစတာဆိုတာ အနာကပ် gauzeလေးတစ်ခုနဲ့ ကျုံ့ဆန့်လို့ရတဲ့ ကပ်ခွာလေးတွဲပေးထားတာဖြစ်လို့ အသေးစားဒဏ်ရာအနာတရဖြစ်ရင် အလွယ်တကူဝယ်သုံးလို့ရပါတယ်။ အနာကပ်ပလာစတာတချို့ကရေစိုခံလည်းဖြစ်တာကြောင့် လှုပ်ရှားရအဆင်ပြေပြီး အနာကို ရောဂါပိုးတွေရန်က ဘေးကင်းစိတ်ချရစေပါတယ်။ အသုံးပြုတဲ့အခါ သတိထားသင့်တာက –

    • အနာနဲ့ အနာတဝိုက်အရေပြားကို သန့်စင်ပေးပြီးခြောက်သွေ့အောင်အရင်ထားရပါမယ်။ မဟုတ်ရင် ပလာစတာကပ်လည်း မထူးပါဘူး။ ပိုးဝင်နိုင်ပါတယ်။
    • ရက်ကြာနေပြီဖြစ်တဲ့၊ဟောင်းနွ်မ်းနေတဲ့၊ ညစ်ပေနေတဲ့ ပလာစတာကိုမသုံးသင့်ပါဘူး။
    • ပလာစတာ ညစ်ပေလာတဲ့အခါ၊ စွတ်စိုသွားတဲ့အခါတိုင်း အသစ်လဲပေးသင့်ပါတယ်။

    ပတ်တီးကို ဘယ်အတွက်သုံးကြသလဲ

    ထိခိုက်ဒဏ်ရာကြီးမားတဲ့အခါ၊ အရိုးကျိုးအက်ခြင်း၊ အဆစ်အမြစ် ကြွက်သားနာကျင်ကိုက်ခဲတဲ့အခါမျိုးတို့မှာ ပတ်တီးစည်းကြပါတယ်။ ဒဏ်ရာပြင်းထန်တဲ့အခါ များသောအားဖြင့် ဆေးရုံဆေးခန်းမှာ ကျန်းမာရေးဝန်ထမ်းတွေက အနာကို နည်းစနစ်တကျ ဆေးထည့်ပတ်တီးစည်းပေးကြတာပါ။ နောက်ပိုင်းမှသာ အသစ်လဲတာမျိုးမှာ အိမ်မှာလုပ်ရတာများပါတယ်။ ဘာကြောင့်ပဲဖြစ်ဖြစ် ကိုယ့်အိမ်မှာပဲ ပတ်တီးစည်းမယ်ဆိုရင် သိထားသင့်တာက –

    • ပတ်တီးမစည်းခင်သွေးတိတ်အောင် အနာကိုအရင်ဖိထားပေးရပါမယ်။
    • သိပ်မကြီးမားတဲ့ဒဏ်ရာကိုဆိုရင်ရေ၊ ဆပ်ပြာအပျော့စားနဲ့ဆေးကြောသန့်စင်ပေးပြီး အနာပိုးသတ်ဆေးထည့်ပြီးမှ သန့်ရှင်းတဲ့ပတ်တီးကို စည်းပေးရမှာပါ။
    • ပြင်းထန်တဲ့ ဒဏ်ရာအကြီးစားတွေကို ဆေးခန်းမပြဘဲ ကိုယ့်ဘာသာသန့်စင်ဖို့ မကြိုးစားပါနဲ့။
    • ပတ်တီးစည်းတဲ့အခါမှာ ခန္ဓါကိုယ်ကို စည်းရအဆင်ပြေစေမယ့်အနေအထား အရင်ပြင်ထားပါ။ လူနာကိုဖိမိတာမျိုး မဖြစ်စေဖို့ ဒဏ်ရာရှိတဲ့ဘက်ကနေပဲ ပတ်တီးစည်းပေးသင့်ပါတယ်( ဘယ်ဘက်ခြမ်းကဒဏ်ရာကို သင်ကညာဘက်ခြမ်းကနေ ပတ်တီးလှမ်းစည်းပေးတာမျိုးမလုပ်ပါနဲ့)။
    • ဒဏ်ရာအရွယ်အစားနဲ့ ဒဏ်ရာရှိတဲ့ခန္ဓါကိုယ်အစိတ်အပိုင်းကိုမူတည်ပြီး အနာနဲ့ သင့်တော်မယ့် ပတ်တီးအရွယ်အစားကိုသုံးပါ။ ဒဏ်ရာထက်ပိုကြီးနေတဲ့ ပတ်တီးကြောင့် ပိုကျပ်၊ပိုထူပြီးလေမဝင်တော့တဲ့အခါ အနာကိုပိုလှောင်ပိတ်စေပါတယ်။ ပတ်တီးကသေးနေပြန်ရင်လည်း ဒဏ်ရာကို ထိခိုက်မှုရန်၊ ရောဂါပိုးမွှားရန်က မကာကွယ်ပေးနိုင်လောက်ပါဘူး။
    • ပတ်တီးကို တင်းတင်းရင်းရင်းစည်းပါ။ ဒါပေမယ့်မကျပ်ပါစေနဲ့။
    • ပတ်တီးစည်းတဲ့အချိန်က ပုံမှန်ဆိုပေမယ့်ခြေလက်တွေက ဒဏ်ရာအရှိန်ကြောင့်ရောင်ရမ်းလာတတ်လို့နောက်မှကျပ်လာနိုင်ပါတယ်။ ဒါ့ကြောင့် တင်းကျပ်နေသလို ခံစားရရင် သွေးလျှောက်မလျှောက် မကြာခဏစစ်ဆေးပြီးပြန်ဖြေလျှော့သင့်လျှော့ပေးရပါမယ်။
    • အရိုးအဆစ်ပြဿနာကြောင့် တံတောင်ဆစ်နဲ့ဒူး တို့လိုနေရာတွေမှာ ပတ်တီးစည်းရတဲ့အခါ အဆစ်နေရာကို နည်းနည်းဖြေလျှော့ထားပေးပါ။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 06/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement