backup og meta

ဒဏ်ရာပေါ် ရေခဲအိတ်ကပ်သင့်သလား ရေနွေးအိတ်ကပ်သင့်သလား


Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒဏ်ရာပေါ် ရေခဲအိတ်ကပ်သင့်သလား ရေနွေးအိတ်ကပ်သင့်သလား

    ထိခိုက်ဒဏ်ရာတစ်ခုခုဖြစ်လာပြီဆိုရင်စောင့်ရှောက်ကုသမှုမှန်ကန်ဖို့တော်တော်လေးအရေးပါပါတယ်။ ဒဏ်ရာကိုသေချာဂရုစိုက်မှနောက်ဆက်တွဲပြဿနာတွေရန်ကနေ ကင်းဝေးမှာပါ။ ဒဏ်ရာအနာတရဖြစ်ကြတဲ့အခါရေခဲကပ်တာရှိသလိုရေနွေးအိတ်ကပ်တာလည်းရှိကြပါတယ်။ အခုဆောင်းပါးလေးထဲမှာရေခဲကပ်တာနဲ့ရေနွေးအိတ်ကပ်တာတို့ရဲ့ အနာအပေါ် သက်ရောက်ပုံလေးတွေကို မျှဝေပေးပါရစေ။

    ရေခဲကပ်တာနဲ့ရေနွေးအိတ်ကပ်တာကို သီးခြားစီအသုံးပြုလို့ရပါတယ်။ အတူတူတွဲဖက်ပြီးတော့ သုံးတာမျိုးတော့ အားမပေးပါဘူး။ ဒီနည်းလမ်း ၂ ခုစလုံးက အနာကျက်ဖြစ်စဉ်ကို တိုးတက်စေတာတော့ အမှန်ပါပဲ။ တစ်မျိုးချင်းစီက အာနိသင်တွေရှိကြပေမယ့် အကျိုးသက်ရောက်ပုံချင်းတော့မတူနိုင်ပါဘူး။ ပုံမှန်အားဖြင့်ကတော့ရေခဲကပ်တာက အနာစစဖြစ်ချင်းမှာ အနာသက်သာစေဖို့နဲ့သွေးတိတ်စေဖို့အတွက် အသုံးပြုတာပါ။ရေနွေးအိတ်ကပ်တာကိုတော့ အနာဖြစ်ပြီးတော်တော်ကြာတဲ့အချိန်နဲ့ နောက်ထပ်တစ်ကြိမ် အနာပြန်ပေါ်လာတဲ့အချိန်မှာမှ အသုံးပြုကြတာပါ။

    ရေခဲကပ်ခြင်း

    ရေခဲကပ်တာက အနာကိုသွေးတိတ်စေနိုင်ပြီး နာကျင်မှုကို သက်သာစေနိုင်ပါတယ်။ရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်ပြီး အနာကိုမြန်မြန်ကျက်စေနိုင်ပါတယ်။ရေခဲကပ်တာကို အနာစစဖြစ်ခြင်းမှာ ချက်ချင်းအသုံးပြုတာက အကောင်းဆုံးပါ။

    ပြင်းထန်တဲ့ထိခိုက်ဒဏ်ရာအတွက် အကောင်းဆုံးသောရေခဲကုထုံး

    ထိခိုက်ဒဏ်ရာကပြင်းထန်တဲ့အခါရေခဲကို အသုံးပြုတာအကောင်းဆုံးပါ။ အသေးစားထိခိုက်ဒဏ်ရာကနေစလို့ ကြီးကြီးမားမားထိခိုက်မိတာတွေကအထိသွေးကတော့ထွက်စမြဲပါ။သွေးထွက်တဲ့အခါသွေးတိတ်အောင်လုပ်ဖို့ အကောင်းဆုံးကရေခဲကပ်ပေးတာပါ။ရေခဲက ထိခိုက်မိတာကြောင့်ဖြစ်တဲ့ရောင်ရမ်းမှုကိုလည်း နာရီပိုင်းအတွင်း သက်သာစေနိုင်ပါတယ်။

    နောက်တစ်ခုကရေခဲကို ထိခိုက်ဒဏ်ရာတွေတင်မဟုတ်ဘဲ နာတာရှည်ရောင်ရမ်းနာကျင်မှုဝေဒနာတွေအတွက်ပါ အသုံးပြုလို့ရတာပါ။ အားကစားလုပ်ရင်းဖြစ်သွားတဲ့ ထိခိုက်နာကျင်မှုတွေအတွက်လည်းရေခဲကပ်တာက အသင့်တော်ဆုံးပါ။

    ရေခဲကပ်တဲ့အခါဘေးကင်းကင်းနဲ့အသုံးပြုနိုင်မယ့် နည်းလမ်းတွေက

  • ရေနွေးအိတ်ကပ်ကပ်ပြီးချင်းရေခဲကပ်တာမျိုးမလုပ်ပါနဲ့။
  • ရေခဲကို အရေပြားေပါ်မှာတိုက်ရိုက်မကပ်ပါနဲ့၊ တဘက်စ ဒါမှမဟုတ် အဝတ်စသန့်သန့်လေးနဲ့ ထည့်ပြီးကပ်ပေးပါ။
  • ရေခဲကပ်တဲ့အခါ အများဆုံး မိနစ် ၂၀ အထိပဲကပ်ပါ။ အရေပြားနဲ့တစ်ရှုးတွေကို ပုံမှန်အပူချိန်ပြန်ရောက်အောင် အချိန်ပေးလိုက်ပါ။
  • အရေပြားမှာရေခဲတစ်ချိန်လုံးကပ်ထားမယ်ဆိုရင် အရေပြားတစ်ရှုးတွေကို ထိခိုက်ပျက်စီးစေနိုင်တာကြောင့် မိနစ် ၂၀ရေခဲကပ်ပြီးတိုင်း ၁၀ မိနစ်လောက်တော့ အနည်းဆုံးနားလိုက်ပါ။
  • ရေနွေးအိတ်ကပ်ခြင်း

    ရေနွေးနဲ့ထိတွေ့တဲ့အခါ ခန္ဓါကိုယ်ကသွေးကြောတွေပွင့်လာပြီးသွေးစီးဆင်းမှုပိုမိုကောင်းမွန်စေနိုင်ပါတယ်။သွေးစီးဆင်းမှုပိုမိုကောင်းမွန်လာတဲ့အခါသွေးတွင်းမှာအောက်ဆီဂျင်ပမာဏများလာပြီး ထိခိုက်ဒဏ်ရာတဝိုက်ကိုအောက်ဆီဂျင်နဲ့လိုအပ်တဲ့ အာဟာရဓါတ်တွေ ရောက်ရှိစေနိုင်ပါတယ်။

    ကြွက်သားနဲ့တစ်ရှုးတွေအတွက် အကောင်းဆုံးသောနည်းလမ်းရေနွေးအိတ်ကပ်ခြင်း

    ရေနွေးအိတ်ကပ်တာက အဆစ်တွေနာကျင်တာကို သက်သာစေနိုင်ပါတယ်။ ကြွက်သားတွေ၊အရွတ်နဲ့အကြောတွေနာကျင်ရောင်ရမ်းတာကိုလည်း သက်သာစေနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာတွေနာကျင်တာကိုလည်းလျော့ပါးသက်သာစေနိုင်ပါတယ်။ရေနွေးအိတ်ကပ်ပေးတာက ကြွက်သားကိုပြေလျော့စေသလို ခန္ဓါကိုယ်က တစ်ရှုးတွေကိုလည်း ထိခိုက်မှုတွေကနေပြန်လည်ကျန်းမာလာစေနိုင်ပါတယ်။

    အပူဓါတ်ကသွေးစီးဆင်းမှုကိုကောင်းမွန်စေနိုင်တာကြောင့် ထိခိုက်ဒဏ်ရာတဝိုက်ကို သွေးစီးဆင်းရောက်ရှိစေပြီး အနာကျက်မြန်စေနိုင်ပါတယ်။ နာတာရှည်ထိခိုက်ဒဏ်ရာတွေအတွက်လည်းရေနွေးအိတ်ကပ်ပေးလို့ရပါတယ်။

    ရေနွေးအိတ်ကပ်တဲ့အခါဘေးကင်းကင်းနဲ့အသုံးပြုနိုင်မယ့်နည်းလမ်းတွေက

    • ရေနွေးအိတ်ကို အရေပြားပေါ်ကိုတိုက်ရိုက်မကပ်ပါနဲ့။ တဘက်စလေးနဲ့ထုပ်ပြီးမှ အရေပြားပေါ်မှာ အသုံးပြုပေးပါ။
    • ရေနွေးအိတ်ကပ်တဲ့အခါ မိနစ် ၂၀ ထက်ပိုမကပ်ပါနဲ့။
    • အရေပြားရောင်ရမ်းနေတဲ့နေရာတွေကိုရေနွေးအိတ်မကပ်ပါနဲ့။
    • အနာပေါက်ပွင့်နေတဲ့အနာ၊ ချုပ်ရိုးတို့ပေါ်မှာရေနွေးအိတ်မကပ်ပါနဲ့။သွေးပိုထွက်လာနိုင်တာကြောင့်ပါ။
    • ရေနွေးအိတ်ကပ်ရင်း မအိပ်ပါနဲ့။ အရေပြားအပူလောင်နိုင်တာကြောင့်ပါ။
    • အနာကသွေးထွက်နေသေးရင်ရေနွေးအိတ်မကပ်ပါနဲ့။
    • သွေးစီးဆင်းမှုသိပ်မကောင်းတဲ့ ခန္ဓါကိုယ်အစိတ်အပိုင်းကိုရေနွေးအိတ်မကပ်ပါနဲ့။
    • အာရုံခံနိုင်စွမ်းသိပ်မရှိတဲ့နေရာမျိုးကိုရေနွေးအိတ်မကပ်ပါနဲ့။
    • ဆီးချိုဝေဒနာရှင်တွေနဲ့ ကလေးငယ်တွေကိုရေနွေးအိတ်ကပ်ပေးတာမျိုးမလုပ်ပါနဲ့။
    • သွေးခဲနေတဲ့နေရာကိုရေနွေးအိတ်မကပ်ပါနဲ့။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 26/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement