backup og meta

အိမ်မှာအဖြစ်များတဲ့ မတော်တဆ ထိခိုက်ဒဏ်ရာတွေကို ဘယ်လိုကြိုတင်ကာကွယ်မလဲ


Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်မှာအဖြစ်များတဲ့ မတော်တဆ ထိခိုက်ဒဏ်ရာတွေကို ဘယ်လိုကြိုတင်ကာကွယ်မလဲ

    ကျွန်မတို့နေထိုင်ရာပတ်ဝန်းကျင်မှာ ဘယ်လိုပဲကြိုးစားပြီး သတိထားပါစေ၊ ကိုယ့်အိမ်ထဲမှာတောင်နေတိုင်းလုပ်နေကျအလုပ်တွေ၊ ကိုင်တွယ်ထိတွေ့နေကျပစ္စည်းတွေနဲ့ မတော်တဆမှုတွေဖြစ်တတ်ပါတယ်။ အသေးအဖွဲပဲဖြစ်ဖြစ်၊ ကြီးကြီးမားမားဖြစ်ဖြစ် မတော်တဆ ဆိုမှတော့ ကြိုမှန်းမရနိုင်တဲ့ကိစ္စတွေပါ။ ဒါပေမယ့် အိမ်မှာက ကိုယ်ကိုယ်တိုင်အပြင် ကလေးငယ်တွေရှိမယ်၊ လူကြီးမိဘတွေရှိမယ်၊ မိသားစုတွေရှိသေးတာမို့ ဒီလို မတော်တဆတွေကို နည်းသည်ထက်နည်းအောင် အတတ်နိုင်ဆုံးကြိုးစားကာကွယ်ရပါလိမ့်မယ်။

    အဖြစ်များတဲ့ အိမ်တွင်းမတော်တဆထိခိုက်မှုတွေက –

    ခလုတ်တိုက်၊ချော်လဲခြင်း (ပွန်းပဲ့အနာ၊ခြေပွတ်တိုင်လည်ခြင်း) –ချော်လဲတယ်ဆိုတာ အသက်အရွယ်မရွေး မတော်တဆဖြစ်တတ်ကြပေမယ့် ကလေးငယ်တွေနဲ့ အသက်ကြီးသူတွေမှာ ပိုအဖြစ်များပါတယ်။ ကလေးချော်လဲတယ်ဆိုရင် အုံဖွလုပ်ပေးရုံလောက်နဲ့သာ နှစ်သိမ့်ပေးရုံလောက်ပဲလိုတယ်လို့ ထင်ကြပါတယ်။ အခုဘာမှမဖြစ်ရင်တောင်မှ မကြာခဏချော်လဲပြီးခေါင်းနဲ့ကျတတ်တဲ့လူတစ်ယောက်ကခေါင်းမူးတာ၊အော့အန်တာ၊ သတိလစ်တာတွေဖြစ်လာပြီဆိုရင် စိတ်ပူရပါတယ်။ အမြန်ဆုံးဆေးကုသမှုခံယူသင့်ပါတယ်။ချော်လဲလို့ ဒူးပြဲတာ၊ လက်မှာထိခိုက်တာ၊ စတဲ့ ဒဏ်ရာတွေလည်းဖြစ်လာရင် အနာကျက်စေဖို့ ဂရုစိုက်ပေးရပါတယ်။

    ထိရှဒဏ်ရာများ – မီးဖိုချောင်မှာဆို အိမ်အလုပ်လုပ်ရင်းရတဲ့ ထိခိုက်အနာတရတွေပိုအဖြစ်များပါတယ်။ ထိရှဒဏ်ရာတွေ မရအောင်လို့ ဓါးကို အရမ်းထက်တာတွေမသုံးပါနဲ့။ မီးဖိုခန်းထဲမှာ ဓါးကို ဟိုနေရာယူလှီး၊ ဒီနေရာယူလှီးနဲ့ လျှောက်ယူသွားတာထက် စဉ်းတီတုံးမှာပဲသုံးသင့်ပါတယ်။ သုံးပြီးရင်လည်း သူ့နေရာနဲ့သူသေချာပြန်သိမ်းဖို့ မမေ့ပါနဲ့။

    ပစ္စည်းပြုတ်ကျခြင်း– ကလေးတွေက ကိုယ်တိုင်လှုပ်ရှားသွားလာနိုင်လာပြီဆိုတာနဲ့တွေ့ကရာပစ္စည်းတွေကို ဆွဲချတာ၊ လှမ်းဆွဲတာတွေလုပ်နိုင်တဲ့အန္တရာယ်ရှိလာပါတယ်။ စားပွဲခင်းတွေဆွဲချလို့ ပန်းကန်တွေကျကွဲတာ၊ ခက်ရင်းနဲ့ထိုးမိနိုင်တာ၊ လက်လှမ်းမီလောက်တဲ့ အမြင့်ကပစ္စည်းတွေကိုဆွဲလိုက်လို့ ကလေးအပေါ်ကျလာတာ၊စတဲ့ မတော်တဆမှုတွေက ရင်ပူစရာပါ။ ကလေးတင်တော့မဟုတ်ပါဘူး။ လူကြီးတွေလည်း လက်မအားတဲ့အချိန် ပစ္စည်းတွေမနိုင်ဘဲခြေထောက်ပေါ်ပြုတ်ကျတာ၊ မမှီတာကိုလှမ်းယူရင်းပြုတ်ကျကွဲရှတာတွေရှိနိုင်ပါတယ်။

    အပူလောင်ခြင်းနဲ့ မီးအန္တရာယ် – မီးလောင်ဒဏ်ရာနဲ့အပူလောင်ခြင်းတို့က မီးဖိုချောင်မှာအဖြစ်များတဲ့ပြဿနာဖြစ်သလို မီးဘေးအန္တရာယ်မတော်တဆမှုကလည်း မိသားစုအတွက် အန္တရာယ်ကြီးပါတယ်။

    အဆိပ်သင့်ခြင်း –အိမ်မှာဖြစ်တတ်တဲ့ အဆိပ်သင့်ခြင်းဟာ သန့်ရှင်းရေးနဲ့အိမ်သုံးပစ္စည်းတွေ၊ တစ်ကိုယ်ရည်သုံးပစ္စည်းတွေနဲ့အလှကုန်တွေ၊ဆေးဝါးတွေ၊ အပင်တွေ၊ ခဲနဲ့ကာဗွန်ဒိုင်အောက်ဆိုက်တို့ကြောင့်ဖြစ်တတ်ပါတယ်။

    ဒါတွေမဖြစ်အောင် ကြိုတင်ကာကွယ်မလဲ

    • ချော်လဲတာ၊ ခလုတ်တိုက်တာတွေ အဖြစ်နည်းစေဖို့ အိမ်ကြမ်းပြင်မှာ ပစ္စည်းတွေရှုပ်ပွမနေအောင်ရှင်းထားပါ။ ကြိုးခွေတစ်ခွေလောက်နဲ့လဲ ခလုတ်တိုက်ပြီး အကုန်ရှုပ်ထွေးသွားစေနိုင်ပါတယ်။ အလင်းရောင်ကို မမှိန်ပါစေနဲ့၊ လင်းလင်းချင်းချင်းနေပါ။ အိမ်နောက်ဖေးကျောက်ပြားမှာ မချော်လဲစေမယ့်အမျိုးအစားကိုရွေးသုံးပါ။ရေချိုးခန်းမှာ လက်ကိုင်တန်းထားပါ။
    • အိမ်ရဲ့လှေကားနဲ့ စကြံၤလမ်းတွေမှာ ပစ္စည်းတွေရှုပ်ပွမနေအောင် ဂရုစိုက်ပါ။ လှေကားမှာ ရေစိုနေရင်ချက်ချင်းသုတ်ပါ။ မီးအလင်း လုံလောက်ပါစေ။
    • အိမ်မှာကလေးရှိသူတွေ ပြတင်းပေါက်တွေကို သတိထားပါ(အထူးသဖြင့် အထပ်မြင့်တိုက်တွေမှာနေထိုင်သူတွေ)။ ပြတင်းပေါက်နဲ့ ဝရံတာမှာ သံပန်းအကာအရံလုပ်ထားတာကောင်းပါတယ်။ပြတင်းပေါက်နားမှာ ကလေးကတက်ဆော့နိုင်လောက်တဲ့ ဘီရိုအသေး၊ ခုံလေးတွေ၊ ပစ္စည်းအမြင့်တွေ မထားရှိပါနဲ့။
    • အဆိပ်အတောက်ဖြစ်စေမယ့်အရာတွေကို သတိထားပါ။ ကြွက်သတ်ဆေးလိုမျိုး အဆိပ်ရှိတဲ့အရာတွေကိုထည့်ထားတဲ့ပုလင်းနဲ့ ဘူးတိုင်းကို အမှတ်အသားထင်ထင်ရှားရှားလုပ်ထားပါ။ ကလေးမမီတဲ့နေရာမှာထားပါ။
    • ဓါးတွေနဲ့ တူ၊ သံ စတဲ့ တခြား ကိရိယာအသုံးအဆောင်တွေကို စနစ်တကျသိမ်းဆည်းပါ။ တစ်နေရာမှာချထားပြီးမေ့ခဲ့တဲ့အခါ မသိလိုက်ဘဲ တက်နင်းမိတာ၊တိုက်မိတာရှိရင် ဒဏ်ရာရနိုင်ပါတယ်။
    • ထိနိုင်ရှနိုင်တဲ့ ပစ္စည်းတွေကို သုံးနေတဲ့အခါ(ဥပမာ -သံရိုက်တာ၊ ဓါးလှီးတာ) အာရုံမများပါနဲ့။ ကလေးကိုလှမ်းကြည့်တာ၊ တီဗီသို့မဟုတ် တယ်လီဖုန်းကို လှမ်းအာရုံစိုက်တာတွေက အန္တရာယ်များစေပါတယ်။
    • ဓါးလွတ်ကျရင် လက်နဲ့လှမ်းဖမ်းဖို့ မကြိုးစားပါနဲ့။ ကိုယ်ခြေထောက်ပေါ်မကျအောင် သတိထားပြီးရှောင်ပါ။ပြီးမှပြန်ကောက်ပါ။
    • ဟင်းချက်တဲ့အခါကြော်ချက်တဲ့အခါ ဆီပူလောင်မှာကို သတိထားပါ။ အိုးကိုမ ရင် လက်နှီးဝတ်နဲ့သေချာကိုင်ပါ။
    • ရေနွေးအိုးကို မ ရင် ၊ရွှေ့ရင်မြဲမြဲကိုင်ပြီး တည်ငြိမ်စွာသယ်ယူပါ။ခြေလှမ်းငြိမ်ငြိမ်နဲ့ ခလုတ်မတိုက်နိုင်မယ့် လမ်းကလျှောက်ပါ။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement