backup og meta

အနာကျက်မြန်စေဖို့ ဘယ်လိုလုပ်ရမလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အနာကျက်မြန်စေဖို့ ဘယ်လိုလုပ်ရမလဲ

    အနာကျက်မြန်စေဖို့ ဘယ်လိုလုပ်ရမလဲ …. လူ့ခန္ဓါကိုယ်မှာ အစိတ်အပိုင်းအားလုံးကမရှိမဖြစ် အရေးပါ ပါတယ်။ ဒါ့ကြောင့် ခန္ဓါကိုယ်အစိတ်အပိုင်းတစ်ခုခုမှာ ထိမိခိုက်မိ ဒဏ်ရာအသေးစားလေးဖြစ်နေရုံနဲ့ အဆင်မပြေဖြစ်တတ်ပါတယ်။ ဥပမာ အလုပ်မှာ ကွန်ပျူတာအမြဲသုံးနေရသူတွေ လက်ချောင်းမှာ ဓါးရှထားရင်၊ ထိခိုက်ထားရင် စာရိုက်ရခက်တာမျိုး၊ သွားလာရတာများတဲ့ အလုပ်လုပ်သူတွေခြေထောက်မှာကွဲရှအနာဖြစ်ထားရင် အလုပ်မတွင်တာမျိုးပါ။

    ဒါ့အပြင် ဒီလောက်ဒဏ်ရာသေးသေးလေးနဲ့တောင်မေးခိုင်လိုမျိုး ရောဂါပိုးဝင်လာခဲ့ရင် ရောဂါပိုကြီးပြီး နောက်ဆက်တွဲဆိုးကျိုးတွေအမျိုးမျိုးဖြစ်စေနိုင်တာကြောင့် ဘေးအန္တရာယ်ကင်းကင်းနဲ့ အနာမြန်မြန်ကျက်ဖို့လိုပါတယ်။ အနာကျက်မြန်စေဖို့က အနာကိုပိုးမဝင်မှ ဖြစ်မှာပါ။ အပ်နဲ့ထွင်းရမယ့်ကိစ္စလောက်ကနေ ထိခိုက်ဒဏ်ရာလေးတွေကို သေချာမကုသ ၊မစောင့်ရှောက်ရင် ပုဆိန်နဲ့ပေါက်ရမယ့်အဖြစ်မျိုးဖြစ်မလာစေဖို့ အနာမရင်းအောင်ဂရုစိုက်ရပါမယ်။

    အနာကျက်မြန်စေဖို့ ဘယ်လိုလုပ်ရမလဲ

    အနာကျက်မြန်စေဖို့ ဘယ်လိုလုပ်ရမလဲ ဆိုတာ ဆက်ကြည့်လိုက်ရအောင်နော်။ ဒါဆို အနာအမြန်ကျက်စေဖို့ ဘာတွေလုပ်ဖို့လိုသလဲဆိုတာရော သင်သိပါသလား။ သိထားသင့်တဲ့အချက်လေးတွေကိုအောက်မှာပြောပြလိုက်ပါတယ်နော်။

  • အရင်ဆုံး အနာရဲ့အနေအထားကို ကြည့်ပါ။ အရေပြားကပွန်းရုံပဲ၊ နီရဲနေရုံဖြစ်ပြီး သွေးမထွက်၊ မပေါက်ပြဲသေးဘူးဆိုရင်ရောဂါပိုးမဝင်အောင်ကာကွယ်ဖို့ပဲလိုပါတယ်။ အနာကိုအစိုဓါတ်မပျောက်အောင်ထိန်းပေးပါ။
  • အနာကိုမထိတွေ့ခင်မှာ လက်ကိုသေချာဆေးကြောပါ။ ဘယ်ဒဏ်ရာကိုမဆို မကိုင်တွယ်ခင်မှာ လက်ကိုဆပ်ပြာနဲ့စင်ကြယ်အောင်အမြဲ ဆေးကြောသင့်ပါတယ်။ ဒါမှ ပိုးဝင်နိုင်တဲ့အန္တရာယ်နည်းပါးစေမှာဖြစ်ပါတယ်။
  • အနာက လက်မှာဖြစ်နေခဲ့ရင် အနာကို ဆပ်ပြာမထိအောင် သတိထားပါ။ ဆပ်ပြာနဲ့တိုက်ရိုက်ထိတွေ့မိရင် အနာကိုပိုဆိုးစေပါတယ်။
  • သွေးတိတ်အောင်လုပ်ပါ။ဆေးကြောသန့်စင်ပြီးလို့ အနာကသွေးထွက်နေသေးတယ်ဆိုရင် ပိုးသတ်ပြီးသားဂွမ်းစလေးနဲ့ အသာအယာဖိထားပေးပါ။
  • hydrogen peroxide နဲ့ iodineဆေးတွေမသုံးပါနဲ့။hydrogen peroxide ကို အနာအတွက် ညွှန်းကြပေမယ့် ဘက်တီးရီးယားတွေကိုသေစေဖို့တော့ မစွမ်းနိုင်ပါဘူး။hydrogen peroxide က သဘာဝအလျောက်အနာကျက်တဲ့ဖြစ်စဉ်ကိုတောင်နှေးကွေးစေနိုင်ပြီး အနာကို ပိုစပ်စေနိုင်ပါတယ်။Iodine က ဒဏ်ရာကိုပိုနာစေပါတယ်။
  • အနာကိုဆေးထည့်ပါ။ အနာကို ပိုးသတ်ဆေးထည့်ပြီး ပလာစတာကပ်ပါ၊ သို့မဟုတ် ပတ်တီးစည်းပါ။
  • အနာက မနက်ဘူးဆိုရင် ထိခိုက်ရှနာတွေလောက်က ရှားစောင်းလက်ပပ်အနှစ် လိမ်းပေးနိုင်ပါတယ်။ အနာကြီးရင် နက်ရင်တော့ မသုံးပါနဲ့။ ရှားစောင်းလက်ပပ်က အနာတဝိုက်အရေပြားကိုအစိုဓါတ်ပေးနိုင်ပြီး ရောင်ရမ်းမှုကိုလျော့စေတဲ့အပြင် အနာကျက်မြန်စေပါတယ်။
  • အနာကို ကာကွယ်ဖုံးအုပ်ပါ။ဆေးထည့်ထားတဲ့ အနာကို ပိုးသတ်ပြီးသားဂွမ်းစလေးနဲ့ဖုံးအုပ်ပြီးပေပါတိပ်လေးနဲ့ကပ်နိုင်ပါတယ်။ တခါတည်းနဲ့အဆင်ပြေနိုင်တာက ပလာစတာကပ်လိုက်ရင် ပိုကောင်းပါတယ်။ အနာကျက်လာတဲ့အထိ ပလာစတာကို မှန်မှန်လဲပေးပါ။ ဒီလိုလဲတဲ့အခါတိုင်း အရေးကြီးတာက ဆေးပြန်ထည့်တဲ့အခါတိုင်း ကိုင်တွယ်တဲ့လက်က အမြဲဆေးကြောသန့်စင်ပြီးသားဖြစ်ပါစေ။
  • ပရိုတင်းဓါတ်နဲ့ဗီတာမင်တွေပြည့်ဝတဲ့အစားအစာတွေကိုပိုစားပါ။ပရိုတင်းများတာပိုစားပေးရင်အနာကျက်မြန်စေပြီး ဗီတာမင်ကြွယ်ဝတာစားရင် အရေပြားကျန်းမာရေးအတွက်ပိုကောင်းပါတယ်(အထူးသဖြင့် ဗီတာမင် အေနဲ့ ဗီတာမင် စီ)။ ဇင့်ဓါတ်ကလည်း အနာကျက်မြန်စေပါတယ်။ ပရိုတင်းများတဲ့ အဆီမပါအသားတွေ၊ ငါး၊ကြက်ဥနဲ့ပဲအမျိုးမျိုး၊ ဗီတာမင်စီ ကြွယ်ဝတဲ့ လိမ္မော်၊ကီဝီ၊နာနတ်၊ဘယ်ရီအစရှိတဲ့အသီးတွေစားပေးသင့်ပါတယ်။
  • ရေအလုံအလောက်သောက်သုံးပါ။ ရေ သို့မဟုတ် ကဖင်းမပါ၊အယ်ကိုဟောမပါတဲ့ သောက်စရာတစ်ခုခုကို နှစ်နာရီခြားတစ်ခါ အနည်းဆုံး ၈အောင်စလောက်ဝင်အောင် သောက်ပါ။ ဒါမှ ထိခိုက်ဒဏ်ရာရချိန်မှာ သွေးထွက်ခြင်း၊ အဖျားတက်ခြင်းကြောင့် ချွေးထွက်ပြီးဆုံးရှုံးသွားတဲ့အရည်ဓါတ်ကိုပြန်ဖြည့်တင်းနိုင်မှာဖြစ်ပါတယ်။
  • အနာဖေးတွေကို မခွာပါနဲ့ ။ အကျင့်ပါနေလို့ပဲ ဖြစ်ဖြစ် အနာဖေး တက်နေရင် မခွာပစ်ပါနဲ့။ အနာဖေးတွေက အနာကျက် လာတဲ့ လက္ခဏာ ဖြစ်လို့ သူတို့ကို ခွာလိုက်ရင် မလိုအပ်ဘဲ အမာရွတ် ဖြစ်တာတွေ၊ အနာကျက်ဖို့ အချိန် ပိုကြာသွားတာတွေ ဖြစ်လာစေနိုင်ပါတယ်။
  • ဗီတာမင်စီနဲ့ ဗီတာမင်အီး ဆေးဝါးတွေ သောက်ပေးပါ။ ဗီတာမင် စီက ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ပြီး အနာကို ဘက်တီးရီးယား ပိုးဝင်ခြင်းကနေ ကာကွယ်ပေးနိုင် ပါတယ်။ ဗီတာမင် အီးက အရေပြား အပေါ်ယံလွှာ တစ်ရှူးတွေ ပြန်လည် တည်ဆောက်မှုကို အထောက်အကူ ပေးပြီး အနာကျက် မြန်စေပါတယ်။
  • မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 21/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement