backup og meta

သင် စားရင်း အခန့်မသင့်လို့အရိုးစူးနေပြီလား။ ဒါလေးတွေ လုပ်ကြည့်ပါ။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင် စားရင်း အခန့်မသင့်လို့အရိုးစူးနေပြီလား။ ဒါလေးတွေ လုပ်ကြည့်ပါ။

    နေ့စဉ် အစာစားပြီးရှင်သန်နေရတဲ့ လူတစ်ယောက်အနေနဲ့ ဘဝမှာ တစ်ခါတော့ အစာအစားရင်း ငါးရိုးစူးတာတို့ကြက်ရိုးစူးတာတို့ ကြုံဖူးကြမှာပါ။ အစားတစ်လိုင်းတွေဆို ပိုဆိုးမှာပေါ့။ စားလို့ကောင်းနေပါတယ်ဆိုမှ အရိုးကစူးနေတော့ တော်တော် ကသိကအောက်ဖြစ်စရာ ပဲ မဟုတ်လား။ အဲအခါကျရင် ပူထူပြီး အရိုးကျအောင် လုပ်မိလုပ်ရာတွေလုပ်တတ်ကြတယ်။ မကျတဲ့အပြင် ပိုဆိုးသွားတတ်ပါတယ်။ ဒါကြောင့် အစာစားရင်း အရိုးစူးပြီဆိုတာနဲ့ ဘာတွေ လုပ်ရမယ်ဆိုတာ ပြောပြပေးချင်ပါတယ်။

    ဘာအရိုးတွေက အစားစားရင်းအများဆုံးဆူးတတ်သလဲ။ ။

    အစားအစားရင်း အဖြစ်အများဆုံးကတော့ ငါးရိုးဆူးတာ ၊ ကြက်ရိုးဆူးတာတွေ ဖြစ်ပါတယ်။ အရိုးများတဲ့ငါးကို အသားနွှင်စားရင်း ပဲဖြစ်ဖြစ်၊ မုန့်ဟင်းခါးစားရင်း ဟင်းရည်ထဲမှာ အရိုးပါလာတာပဲ ဖြစ်ဖြစ်၊ ကြက်သားသုတ်တွေမှာ အရိုးနဲနဲ ပါလာတာပဲဖြစ်ဖြစ် မသိလိုက်မိဘဲစားမိ မျိုချမိလိုက်တဲ့ အခါ အရိုးဆူးတတ်ကြပါတယ်။ အဲလို ဖြစ်လာပြီဆို ထူပူပြီး မလုပ်သင့်တာတွေ လုပ်မိရင် အရိုး မကျဘဲနဲ့ ပိုပြီး နစ်ဝင်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

    အစားစားရင်းအရိုးစူးပြီဆို ဘာတွေလုပ်ကြမလဲ။

    အရိုးဆူးတာက အသက်အန္တရာယ်မရှိတတ်ပေမယ့် ဆေးရုံဆေးခန်း သွားရလောက်တဲ့ အထိတစ်ရံတစ်ခါ ဒုက္ခပေးတတ်ပါတယ်။ အခန့်မသင့်ရင် ခွဲစိတ်ရတဲ့အထိတောင်ဖြစ်တတ်ပါတယ်။ ဒါကြောင့် အရိုးစူးပြီဆို သေချာ ဂရုစိုက်ဖို့လိုပါတယ်။ ဆေးခန်းရောက်တဲ့အထိ မပြင်းထန်အောင် အိမ်မှာ အမြန်လုပ်လို့ရတဲ့ အရိုးကျနည်းလေးတွေ ပြောပြချင်ပါတယ်။

    ချောင်းဆိုးထုတ်ကြည့်ပါ။

    ချောင်းဆိုးတယ်ဆိုတာ အပြင်ကဝင်လာတွေကို ပထမဆုံးတုံ့ပြန်တဲ့ ကိုယ်ခန္ဓာရဲ့ ဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။ ချောင်းဟတ်လိုက်ပြီ ဆိုတာနဲ့ လည်ပင်းကြွက်သားတွေက ကျုံ့လိုက်တော့ စူးနေတဲ့ ငါးရိုးကို ညှစ်လိုက်သလိုဖြစ်ပြီး ငါးရိုးက စူးနေတဲ့နေရာကနေ ပြုတ်ထွက်ကာ ချွဲတွေနဲ့အတူ အပြင်ကို ထွက်ရင်ထွက် ၊ မထွက်ရင် အစာအိမ်ထဲ ရောက်သွားပါတယ်။ အချိန်အနည်းငယ် ကြာတဲ့အထိ ချောင်းဟတ်လို့ မှ ဆက်ဆူးနေတုန်းဆိုရင် ဆက်မလုပ်တော့ ဘဲ တစ်ခြားနည်းပြောင်းကြည့်ပါ။

    သံလွင်ဆီ သောက်ချကြည့်ပါ။

    ချောင်းဆိုးထုတ်တာနဲ့တင် မရဘူးဆိုရင် ထမင်းစားတဲ့ နေရာနဲ့ အနီးဆုံးဖြစ်တဲ့ မီးဖိုချောင်သုံး ပစ္စည်းတွေကို အသုံးချကြည့်ပါ။ သံလွင် ဆီ တစ်ဘူးတွေ့ပြီဆိုရင် ဝမ်းသာလိုက်ပါတော့။ သံလွင်ဆီက သောက်ချရင်လည်း လူကို ဒုက္ခမပေးနိုင်တဲ့အပြင် အရိုးစူးတာမဟုတ်ဘဲ ကပ်နေတာမျိုးတွေ ဖြစ်ခဲ့ရင် ချောထွက်သွားစေမှာ ဖြစ်လို့ လည်ချောင်းထဲ အရိုးစူးသလို ခံစားရရင် ဒီနည်းလမ်းလေးကို စမ်းကြည့်တာလည်း မမှားပါဘူး။

    ထမင်းတစ်ဆုပ်မျိုချပါ။

    လူတော်တော်များများ လုပ်ဖြစ်တဲ့နည်းလေးပါ။ အရိုးဆူးပြီ ဆိုတာနဲ့ ထမင်းဖြစ်ဖြစ် ၊ ပေါင်မုန့်ဖြစ်ဖြစ် အလုတ်ကြီးကြီးမျိုချလိုက်ပါ။ ရေမသောက်ဘဲ မျိုချရင် ပိုကောင်းပါတယ်။ လည်ချောင်းနံရံမှာ စိုက်နေတဲ့ အရိုးကို ပွတ်ချပြီး အရိုးကျ သွားစေမှာဖြစ်ပါတယ်။ အရမ်းကြီး လုပ်လို့လည်း မကောင်းပါဘူး။ ၃ ခေါက်ထက်ကျော်လို့ မှ အရိုးမကျရင်ရပ်လိုက်ပါတော့။ တော်ကြာ အရိုးကျ မသွားတဲ့အပြင် လည်ချောင်း အသားထဲ နစ်ဝင်သွားတတ်လို့ပါ.။

    သံပရာသီး ( သို့မဟုတ်) ရှာလကာရည် လေးနဲနဲ သောက်ကြည့်ပါ။

    ငါးရိုးဆိုတာ သိပ်အထူကြီး မဟုတ်လို့ သံပုရာရည် ၊ ရှာလကာရည်တို့မှာပါတဲ့အပျော့စား အက်စစ်နဲ့ ထိရင် ပါးပြီးပျော်ဝင်သွားတတ်တဲ့ အရာပါ။ သံပုရာရည် ဆိုရင် ဒီအတိုင်း ပါးစပ်ထဲကို ညှစ်ချလို့ ရပြီး ရှာလကာရည်ဆိုရင်တော့ရေ အနည်းငယ်ရောပြီးမှ သောက်သင့်ပါတယ်။ စမ်းကြည့်သင့်တဲ့နည်းတစ်ခုဖြစ်ပါတယ်။

    ဆရာဝန်ဆီ သွားပါ။

    ဖော်ပြထားတဲ့ နည်းတွေနဲ့ဘယ်လိုမှ မရတော့ ဘူးဆိုရင် အတင်းလုပ်နေမယ် အစား ဆရာဝန်ဆီ သွားသင့်ပါပြီ။ ဆရာဝန်ဆီ မသွားချင်လို့အတင်းဆက်လုပ်နေမယ်ဆိုရင် ပိုဆိုးသွားတတ်ပြီး အပ်နဲ့ထွင်းရင် ရမယ့်အရာကို ပုဆိန်နဲ့ ပေါက်ရတတ်ပါတယ်။ စူးနေ၊ ကပ်နေတဲ့အရိုးက အသားထဲ စိုက်ဝင်သွားပြီဆိုရင် ဆွဲထုတ်လို့ မရတော့ဘဲ ခွဲထုတ်ရတာမျိုးတွေ ဖြစ်နိုင်ပါတယ်။

    ဒါကြောင့် ငါးစားပြီ၊ ကြက်သားသုပ်တွေ စားပြီဆိုရင် အရိုးမစူးအောင် ဂရုစိုက်ပြီး စားသင့်ပါတယ်။ မဖြစ်ခင် ကြိုတင်ကာကွယ်ခြင်းကသာ အကောင်းဆုံးပါ။ ဖြစ်လာပြီဆိုရင် လည်း စိတ်ကို အေးအေးထားပြီး ဖော်ပြထားတဲ့ နည်းတွေ တစ်ခုချင်းလုပ်ကြည့်ပါ။ ပြောပြထားတဲ့နည်းတစ်ခုခုနဲ့ အဆင်ပြေသွားကြတာက များပါတယ်။ နောက်ဆုံးမရတော့ရင်လည်း ပေကပ်မနေဘဲ ဆရာဝန်ဆီ သွားလိုက်ခြင်းကသာ အကောင်းဆုံးဖြစ်ပါလိမ့်မယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 24/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement