backup og meta

လုပ်ငန်းခွင်မှာ မတော်တဆ ခြေပြတ်လက်ပြတ် ဖြစ်ခဲ့ရင်


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လုပ်ငန်းခွင်မှာ မတော်တဆ ခြေပြတ်လက်ပြတ် ဖြစ်ခဲ့ရင်

    စက်ယန္တရားတွေနဲ့ အလုပ်လုပ်နေကြတဲ့သူတွေမှာ ထိခိုက်ဒဏ်ရာဆိုတာက ကြုံတတ်ပါတယ်။ ဒီထဲမှာ ဆိုးဆိုးဝါးဝါး ဖြစ်တတ်တာကတော့ ခြေပြတ် လက်ပြတ်ဖြစ်တာပါပဲ။ ခြေချောင်း လက်ချောင်းလေးတွေ ဖြစ်ကောင်း ဖြစ်မယ်။ ခြေတွေ လက်တွေ ဖြစ်ကောင်း ဖြစ်မယ်။

    ခုခေတ်မှာက ခြေတွေ လက်တွေ ဆိုတာက ပြတ်သွားရင်တောင် တော်တော်များများ ပြန်ဆက်နိုင်နေပါပြီ။ အဓိက အရေးကြီးတာက ခြေတွေ လက်တွေကို သေချာသိမ်းဆည်းထားနိုင်ဖို့ပါပဲ။

    ယန္တရားတွေနဲ့ ထိခိုက်မိလို့ ခြေပြတ် လက်ပြတ် ဖြစ်သွားခဲ့ရင် ဘေးလူက အရေးကြီးပါတယ်။ ဘေးလူက သတ္တိရှိရှိနဲ့ လုပ်တတ်ကိုင်တတ်ရင် လူနာအတွက် အများကြီး အကျိုးရှိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးမှာ ဘယ်လိုလုပ်ရမလဲဆိုတာ ပြောပြပေးပါ့မယ်။

    ဘာတွေ သတိထားရမလဲ။

    တစ်ခုခုနဲ့ ခိုက်မိလို့ ရှိရင် ဘာတွေကို သတိထားရမလဲဆိုတော့

    • ဒဏ်ရာဖြစ်တဲ့နေရာကနေ လူနာကို ဘယ်လို ကယ်ထုတ်မလဲ။
    • ဒဏ်ရာကို ဘာလုပ်ပေးမလဲ။
    • ပြတ်သွားတဲ့ ခြေချောင်း၊ လက်ချောင်းတွေကိုရော ဘယ်လိုသိမ်းမလဲ။
    • လူနာ သွေးလန့်ပြီး ရှော့ရသွားခဲ့ရင် ဘယ်လိုလုပ်မလဲ စတာတွေကို သိထားရပါမယ်။

    ဒဏ်ရာဖြစ်နေတဲ့ နေရာကနေ  လူနာကို ဘယ်လိုကယ်ထုတ်မလဲ။

    • ဘေးလူတွေကို အော်ဟစ် အကူအညီတောင်းပါ။
    • စက်ထဲမှာ ညပ်နေတယ်ဆို စက်ကို ချက်ချင်းပိတ်ပါ။
    • ဒဏ်ရာအပေါ်နားမှာ လက်ဝတ်ရတနာတွေ ဝတ်ထားရင် အတင်းဆွဲမချွတ်ပါနဲ့။
    • ဆေးရုံကား ခေါ်ဖို့၊ ဆေးရုံအမြန်သွားဖို့ အမြန်ပြင်ဆင်ပါ။
    • ပြတ်သွားတဲ့ ခြေချောင်း၊ လက်ချောင်းတွေကို တစ်ယောက်ယောက်ကို ရှာပြီး သိမ်းဆည်းခိုင်းပါ။ စက်ထဲမှာ ညပ်နေရင် သတိထားပြီး ထုတ်ခိုင်းပါ။

    ဒဏ်ရာကို ဘာလုပ်ပေးရမလဲ။

    ဆေးရုံသွားနေတဲ့လမ်းမှာ လုပ်ပေးနိုင်တာတွေကတော့

    • အနာကို ရေသန့်သန့်နဲ့ ဆေးချပါ။
    • အပေါ်ကနေ အဝတ်သန့်သန့်၊ ပတ်တီးသန့်သန့်နဲ့ အုပ်ထားပါ။
    • သွေးထွက်တာ နည်းအောင်၊ ရောင်ရမ်းတာ နည်းအောင်လို့ ထိခိုက်တဲ့နေရာကို နှလုံးထက် မြင့်အောင့်ထားပါ။
    • အနာနေရာက သွေးထွက်နေရင် အဝတ်အပေါ်ကနေ ဖိထားပေးပါ။
    • အဝတ်က သွေးတွေရွှဲလာရင် အောက်ကအဝတ်ကို မဖယ်ဘဲ အပေါ်ကနေ အဝတ်သန့်သန့်နဲ့ ထည့်ဖိထားပေးပါ။
    • ဖိတဲ့နေရာမှာလည်း သွေးတိတ်ရုံလောက်ဆို ရပါပြီ။ အားများလွန်းရင် သွေးမလျှောက်ဘဲ တစ်ရှုးတွေ ပုပ်တတ်ပါတယ်။

    ပြတ်သွားတဲ့ ခြေချောင်း၊ လက်ချောင်းတွေကိုရော ဘယ်လိုသိမ်းမလဲ။

  • ပြတ်သွားတဲ့ လက်ချောင်းမှာ လက်ဝတ်ရတနာတွေ ဝတ်ထားရင် အတင်းမချွတ်ပါနဲ့။
  • လက်ချောင်း၊ ခြေချောင်းကို ရေသန့်သန့်နဲ့ လောင်းချပါ။ ပွတ်ပြီး မဆေးပါနဲ့။ သွေးကြောလေးတွေ၊ အာရုံကြောလေးတွေ ပျက်စီးတတ်ပါတယ်။
  • ပြီးရင် အဝတ်ကို ရေစိုရုံလေး စွတ်ပြီး ပတ်ထားလိုက်ပါ။
  • အိတ်သန့်သန့်ထဲ ထည့်ပါ။
  • တတ်နိုင်ရင် အိတ်နဲ့ နှစ်ထပ်စွပ်ပါ။
  • ရေခဲထည့်ထားတဲ့ အိတ်နဲ့ အပြင်ကနေ ထပ်စွပ်ပါ။ စုစုပေါင်း ၃ထပ်ပေါ့။
  • ပြတ်တာက တစ်ချောင်းထက်ပိုရင် တစ်ချောင်း တစ်အိတ် ထည့်ပေးပါ။
  • သတိထားရမှာက ရေခဲနဲ့ လက်ချောင်းနဲ့ တိုက်ရိုက် မထိပါစေနဲ့။ ဒါကြောင့် အိတ်အထပ်ထပ် စွပ်ခိုင်းတာပါ။ ပြတ်သွားတဲ့ လက်ချောင်းက အေးနေရင် ရပါပြီ။ ခဲသွားစရာ မလိုပါဘူး။ ရေခဲမရှိရင်  အပြင်ကနေ ရေအေးအိတ်လေးနဲ့ ထပ်ပါ။ လက်ချောင်းတွေကို ရေမစိုပါစေနဲ့။
  • ဒီအထုပ်လေးကို ဆေးရုံကို တစ်ပါတည်း ယူသွားဖို့ မမေ့ပါနဲ့။
  • လူနာ သွေးလန့်ပြီး ရှော့ရသွားခဲ့ရင် ဘယ်လိုလုပ်မလဲ။

    လူနာက သွေးထွက်လွန်လို့ပဲ ဖြစ်ဖြစ်၊ လက်ပြတ် ခြေပြတ်ကို အကြောက်လွန်လို့ပဲ ဖြစ်ဖြစ် ရှော့ရတတ်ပါတယ်။ လူနာရှော့ရမှန်း ဘယ်လိုသိမလဲဆိုရင်

    • ခြေဖျား၊ လက်ဖျားတွေ အေးလာမယ်။
    • ပျို့လာမယ်။
    • မူးလာမယ်။ အန်လာမယ်။
    • ဖြူဖျော့လာမယ်။
    • ရင်တုန်လာမယ် စတာတွေ ခံစားရမှာပါ။

    ဒါဆို သာမန်လူတစ်ယောက်အနေနဲ့ လုပ်ပေးနိုင်တာတွေက

    • လူနာကို လှဲခိုင်းပါ။
    • ခြေထောက်ကို နည်းနည်းမြင့်မြင့်ထားပါ။
    • လူနာကို လှုပ်လှုပ်ရှားရှား မလုပ်ခိုင်းပါနဲ့။
    • သူချမ်းလာရင် အပေါ်က အဝတ်တစ်ခုခု လွှမ်းထားပေးပါ။
    • လူနာလှဲလျက်နဲ့ အန်ရင် ဘေးစောင်းထားပါ။
    • သွေးထွက်နေတဲ့ ဒဏ်ရာကို သွေးတိတ်အောင် ဖိထားပေးပါ။

    ခြေပျက် လက်ပြတ်ဖြစ်တာက ခုခေတ်မှာ တော်တော်များများ ပြန်ဆက်လို့ရနေပါပြီ။ ဒါကြောင့် သိပ်စိတ်မပူပါနဲ့။ အရေးကြီးတာက ဆေးရုံကို အမြန်ရောက်ဖို့နဲ့ ဆေးရုံသွားနေတဲ့ လမ်းမှာ လူနာကို ကောင်းကောင်း ပြုစုတတ်ဖို့ပါပဲ။ ဒါကြောင့် ဒီနည်းလမ်းတွေကို စက်ယန္တရားတွေနဲ့ နေ့စဉ် အလုပ်လုပ်နေရသူတိုင်း သိထားသင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 13/09/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement