backup og meta

ရေကူးနေရင်း ကြွက်တက် လာရင်


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရေကူးနေရင်း ကြွက်တက် လာရင်

    ရေကူးနေရင်း ကြွက်တက်တယ်ဆိုတာ ဖြစ်တတ်တဲ့ ပြဿနာတစ်ခုပါ။ ကြွက်တက်လို့ မသေပေမယ့် ကြွက်သားတွေ လှုပ်မရတာကြောင့် အခန့်မသင့်ရင် ရေနစ်ပြီး အသက်ဆုံးရှုံးတက်ပါတယ်။ ဒါကြောင့် မတော်တဆများ ရေကူးရင်း ကြွက်တက်လာခဲ့ရင် အသက်အန္တရာယ် မထိခိုက်အောင် ဘာတွေလုပ်သင့်လဲဆိုတာ ပြောပြပေးပါ့မယ်။

    ရေကူးရင်း ဘာကြောင့်ကြွက်တက်တာလဲ။

    အကြောင်းရင်းတွေ သိထားတော့ နောက်တစ်ခါ မဖြစ်အောင် ကာကွယ်လို့ရတာပေါ့။ များသောအားဖြင့်တော့

    • ရေနဲ့ ဓာတ်ဆား မလုံလောက်တာ။ ကြွက်သားတွေ ကောင်းကောင်း ကျုံ့ဆန့်နိုင်ဖို့ သတ္တုဓာတ်တွေ လိုအပ်ပါတယ်။ အထူးသဖြင့် နွေရာသီမှာ ပူကလည်းပူ၊ ရေနဲ့ ဓာတ်ဆားတွေ ဆုံးရှုံးနေတတ်ပြီး အေးအောင်ဆိုပြီး ရေဆင်းကူးလိုက်ရင် ဒီပြဿနာဖြစ်တတ်ပါတယ်။
    • ကြွက်သားတွေ တောင့်တင်းတာ
    • အလွန်အကျွံ ရေကူးတာ
    • ရေထဲမှာ ကောင်းကောင်း အသားမကျသေးတာ
    • ရေက အေးလွန်းတာ
    • မလိုအပ်ဘဲ အားသုံးပြီးကူးတာ စတာတွေကြောင့် ဖြစ်တတ်ပါတယ်။

    ရေကူးရင်း ကြွက်တက်ခဲ့ရင်

    မတော်တဆ ရေကူးနေရင်းနဲ့မှ ကိုယ်ကိုယ်တိုင် ကြွက်တက်ခဲ့ရင်

    • စိတ်အေးအေးထားပါ။
    • အတင်းကာရော မကူးပါနဲ့။ အတင်းကူးလေလေ ကြွက်သားတွေ ပိုတောင့်တင်းလေလေပါပဲ။
    • ပတ်ဝန်းကျင်ကို အော်ဟစ်အကူအညီတောင်းပါ။
    • ကုန်းပေါ်ကို ကိုယ်တတ်နိုင်သလောက် ကြိုးစားပြီး ကူးကြည့်ပါ။
    • စိတ်ချရတဲ့ နေရာရောက်ပြီဆိုရင် တောင့်တင်းနေတဲ့ ကြွက်သားကို ဖြည်းဖြည်းချင်း နှိပ်နယ်ပေးပါ။
    • အကြောလျှော့ပါ။
    • ရေနွေးအိတ် ဒါမှမဟုတ် ရေခဲဝတ်လေး ကပ်ပေးပါ။
    • ဓာတ်ဆားရည်သောက်ပါ။

    သူများကြွက်တက်ပြီး ရေနစ်နေတာတွေ့ရင်

    • ရေကူးတတ်ရင် ဆင်းကယ်ပါ။
    • တစ်လက်စတည်း ပတ်ဝန်းကျင်ကို အကူအညီတောင်းပါ။
    • လူနာကုန်းပေါ်ကို ရောက်ပြီဆို သတိရသလား၊ ရေနစ်ထားသလား စစ်ဆေးကြည့်ပါ။
    • သတိလစ်နေတယ်၊ နှလုံးလည်း မခုန်တော့ဘူးဆိုရင် အရေးပေါ်အသက်ကယ်နည်းကို စလုပ်ပါ။ သာမန်လူတစ်ယောက် အနေနဲ့ တစ်မိနစ်ကို အခါ ၁၀၀ ရင်ဘတ်ဖိပေးရင် လုံလောက်ပါတယ်။
    • သတိရတယ် ဘာမှမဖြစ်ဘူးဆိုရင် ကြွက်တက်တဲ့ နေရာကို စစ်ဆေးကြည့်ပါ။
    • ကြွက်တက်တုန်းပဲဆိုရင် တောင့်တင်းနေတဲ့ ကြွက်သားကို ဖြည်းဖြည်းချင်း နှိပ်နယ်ပေးပါ။
    • အကြောလျှော့ပါ။
    • ရေနွေးအိတ် ဒါမှမဟုတ် ရေခဲဝတ်လေး ကပ်ပေးပါ။
    • ဓာတ်ဆားရည်သောက်ပါ။

    ဒီနည်းလမ်းတွေနဲ့ဆိုရင် ကြွက်တက်တာ သက်သာသွားမှာပါ။ သက်သာသွားသွားချင်း ရေပြန်မကူးပါနဲ့ဦး။ တစ်ရက်၊ နှစ်ရက်လောက် ကြွက်သားတွေ အနားရပြီးမှ ပြန်ကူးတာကောင်းပါတယ်။

    ရေကူးနေရင်း ကြွက်မတက်ချင်ဘူးဆိုရင်

    ရေကူးရင်း ကြွက်တက်တာက အခန့်မသင့်ရင် ရေနစ်နိုင်ခြေရှိလို့ တတ်နိုင်သမျှ ကြွက်မတက်အောင် ကာကွယ်ထားသင့်ပါတယ်။ ဒါကြောင့်

    • ရေမကူးခင်မှာ ကြွက်သားတွေ အကြောလျှော့ထားပါ။
    • ရေထဲရောက်ရောက်ချင်း စမကူးပါနဲ့။ ရေနဲ့ အသားကျအောင် ခဏနေပါ။
    • ကြွက်သားတွေ တင်းနေချိန်မှာ အားနဲ့ မကူးပါနဲ့။
    • ရေနဲ့ ဓာတ်ဆား လုံလောက်အောင် သောက်ထားပါ။
    • နောက်တစ်ခုက လူရှင်းတဲ့နေရာတွေမှာ ရေမကူးပါနဲ့။ မတော်တဆ ရေနစ်ခဲ့ရင် အော်ဟစ်အကူအညီတောင်းဖို့ အဆင်ပြေတဲ့ နေရာမှာ ကူးပါ။

    ဒီနည်းလမ်းတွေနဲ့ဆိုရင်တော့ ရေကူးရင်း ကြွက်တက်ခဲ့ရင်တောင် အသက်အန္တရာယ်ကို ကာကွယ်နိုင်မှာပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement