backup og meta

ရုတ်တရက် နှာခေါင်းသွေးလျှံတာကို ရပ်တန့်အောင် ဘယ်လိုလုပ်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 16/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရုတ်တရက် နှာခေါင်းသွေးလျှံတာကို ရပ်တန့်အောင် ဘယ်လိုလုပ်မလဲ

    ရုတ်တရက် နှာခေါင်းသွေးလျှံတာကို ရပ်တန့်အောင် ဘယ်လိုလုပ်မလဲ ……  များသောအားဖြင့် ပူပြင်းတဲ့ နွေရာသီရောက်လာချိန်တွေမှာ နှာခေါင်းသွေးလျှံတာမျိုး ဖြစ်တတ်ကြလေ့ရှိပါတယ်။ လေ့လာချက်တွေအရတော့ လူတွေဟာ တစ်သက်မှာ အနည်းဆုံး တစ်ခါလောက်တော့ နှာခေါင်းသွေးလျှံတာမျိုးဖြစ်လေ့ဖြစ်ထရှိတတ်ပါတယ်။

    နှာခေါင်းဟာ မျက်နှာရဲ့ အလယ်တည့်တည့်မှာ ရှိတဲ့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီးတော့ ထိခိုက်ဖို့ လွယ်ကူတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ နှာခေါင်းသွေးလျှံတာဟာ ဆိုးရွားတဲ့ ဝေဒနာမျိုးမဟုတ်ပေမယ့် အလွန်အမင်း ပြင်းထန်ရင်တော့ အသက်အန္တရာယ်ရှိနိုင်ပါတယ်။

    နှာခေါင်းသွေးလျှံတာဟာ နှာခေါင်းထဲက သွေးကြောတွေ ပေါက်ထွက်တာကြောင့် အဖြစ်များပြီးတော့ အသက်ငယ်ရွယ်တဲ့ ကလေးတွေမှာလည်း ဖြစ်နိုင်ပါတယ်။ နှာခေါင်းသွေးလျှံစေနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီးရှိပေမယ့် ကိုယ်တွင်းမှာ ထိခိုက်ဒါဏ်ရာရတာ၊ အသက်ရှူလမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ဝေဒနာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ကိုကိန်းလို မူးယစ်ဆေးဝါး အသုံးပြုမှုတွေကြောင့်လည်း ဖြစ်နိုင်သလို သွေးတိုးတာ၊ ကယ်လ်ဆီယမ်ဓာတ် ချို့တဲ့တာ၊ တစ်ချို့သော အကျိတ်ရောဂါတွေရှိနေတာ၊ နှာခေါင်းရိုးကျိုးတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။

    ရုတ်တရက် နှာခေါင်းသွေးလျှံတာကို ရပ်တန့်အောင် ဘယ်လိုလုပ်မလဲ

    ရုတ်တရက် နှာခေါင်းသွေးလျှံတာမျိုး ကြုံလာရရင် သဘာဝအတိုင်း ရပ်တန့်သွားအောင် ပြုလုပ်လို့ရတဲ့ နည်းလမ်းတွေ ရှိပါတယ်။ အဆိုပါနည်းလမ်းတွေကတော့

    • ၁။ နှာခေါင်းရဲ့ အလယ်ပိုင်းမှာရှိတဲ့ နှာရိုး/နှာနုရိုးကို လက်မ၊ လက်ညှိူးတို့ဖြင့် ၁၅ မိနစ်ဝန်းကျင်ကြာတဲ့အထိ ဖိညှပ်ထားပါ။
    • ၂။ ခေါင်းကို ရှေ့သို့ ငိုက်ထားပါ။ အနောက်မော့ထားတာမျိုး မလုပ်ပါနဲ့။ လူအတော်များများက နှာခေါင်းသွေးလျှံရင် မော့ထားဖို့ ပြောတတ်ကြပေမယ့် ဒီအချက်က မှားပါတယ်။ ငုံ့ထားမှသာ နှာခေါင်းသွေးတွေ လည်ချောင်းထဲကို ပြန်ပြီး စီးဝင်ပြီး တစ်ဆို့နေတာမျိုး မဖြစ်တော့မှာ ဖြစ်ပါတယ်။
    • ၃။ ပါးစပ်နဲ့ အသက်ရှူသွင်း၊ ရှူထုတ်လုပ်ပါ။
    • ၄။ ရေခဲ ထည့်ထားတဲ့ ဒါမှမဟုတ် ရေခဲရေ စိမ်ထားတဲ့ မျက်နှာသုပ်ပဝါ၊ လက်ကိုင်ပုဝါ၊ အဝတ်စ သန့်သန့် တစ်ခုခုကို နှာခေါင်းနားတစ်ဝိုက် တင်ထားပေးပါ။
    • ၅။ နှာခေါင်းထဲကနေ သွေးယိုစီးမှု ရပ်သွားချိန်မှာ အိပ်ယာ၊ ဆိုဖာစတဲ့ နေရာမျိုးတွေမှာ လှဲနေပေးပါ။ ဒီလို လှဲအိပ်ရာမှာ ရင်ဘတ်/နှလုံးကို ဦးခေါင်းထက်ကို မြင့်အောင် အခုအခံ တစ်ခုခုထားပြီး လှဲဖို့ လိုအပ်ပါတယ်။ ဒါမှသာ နှာခေါင်းအတွင်း ဖိအားသက်သာ လျော့နည်းသွားမှာပါ။
    • ၆။ နှာခေါင်းအတွင်း အမြှေးပါးအလွှာ ခြောက်သွေ့တာမျိုး မဖြစ်အောင် Air ဖွင့်ထားတာမျိုး၊ ယပ်ခပ်ပေးတာမျိုး လုပ်ပါ။
    • ၇။ နှာခေါင်းထဲကနေ လေမှုတ်ထုတ်တာမျိုးကို ၂၄ နာရီအတွင်း တတ်နိုင်သမျှ မပြုလုပ်ပါနဲ့။ လုပ်ဖြစ်ခဲ့ရင်တောင်မှ ညင်သာစွာ ပြုလုပ်ပါ။
    • ၈။ နှာခေါင်းသွေးလျှံပြီးတဲ့နောက်မှာ အလေးအပင် မတာမျိုး၊ ပင်ပင်ပန်းပန်း လှုပ်ရှားရတာမျိုးတွေ မလုပ်ဖို့ လိုအပ်ပါတယ်။ ဒီလိုပြုလုပ်မယ် ဆိုရင် သွေးဖိအားတွေ များလာပြီး နှာခေါင်းသွေးယို စီးတာမျိုး ထပ်ဖြစ်နိုင်ပါတယ်။

    ရုတ်တရက် နှာခေါင်းသွေးလျှံတာမျိုး ကြုံလာရရင် အထက်မှာ ဖော်ပြထားတဲ့ ဒီလို နည်းလမ်းတွေကို အသုံးပြုပြီး ပြုစုကုသနိုင်မှာ ဖြစ်ပါတယ်။ တိကျတဲ့ ရောဂါ အကြောင်းအရင်းကို သိရှိနိုင်ဖို့ ဆိုရင်တော့ ကျွမ်းကျင်သူတွေ နဲ့ ပြသတိုင်ပင်ကြည့်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 16/11/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement