backup og meta

မျက်လုံးထဲကို စူပါဂလူးဝင်သွားတဲ့အခါ


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မျက်လုံးထဲကို စူပါဂလူးဝင်သွားတဲ့အခါ

    ဟိုကပ် ဒီကပ် ကပ်တတ်တဲ့ စူပါဂလူးလေးဟာ မျက်လုံးထဲလည်း ဝင်တတ်ပါတယ်။ ကြုံတောင့်ကြုံခဲ အခြေအနေမို့လို့ ရုတ်တရက် ကြုံလာရင် ခြေမကိုင်မိ လက်မကိုင်မိဖြစ်နေမှာပါ။ ဒါကြောင့် ဘာလုပ်ရမလဲဆိုတာ ပြောပြပေးပါ့မယ်။

    စူပါဂလူးက ဘယ်လိုလုပ်ပြီး မျက်လုံးထဲဝင်တာလဲ။

    အဖြစ်အများဆုံးကတော့ ကလေးအရွယ်တွေနဲ့ ဘိုးဘိုးဘွားဘွား အရွယ်တွေပါပဲ။ ကလေးတွေကတော့ လူကြီးအလစ်မှာ ဆော့ရင်း ပြုရင်း မျက်လုံးထဲကို ညှစ်မိတာကြောင့် ဝင်သွားတာပါ။ လူကြီးတွေက မမြင်မစမ်းနဲ့ မျက်စဉ်းဆေးနဲ့ မှားပြီး ခတ်တဲ့ကြပါသတဲ့ ။ ဒါကြောင့် စူပါဂလူးကို ကလေးတွေ မမီနိုင်တဲ့ နေရာမှာ သိမ်းရမှာ ဖြစ်သလို လူကြီးတွေမမှားအောင် ဆေးဘူးတွေနဲ့ တွဲမထားပါနဲ့။

    စူပါဂလူးဝင်ရင် ဘာလုပ်ရမလဲ။

    စူပါဂလူးက မျက်လုံးထဲကို တန်းပြီး ဝင်သွားတာ ရှိသလို မျက်တောင်တွေမှာ ကပ်နေတာ ဒါမှမဟုတ် မျက်ခွံနှစ်ခုကြားမှာ ကပ်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ စူပါဂလူး မျက်လုံးထဲဝင်သွားပြီဆိုတာနဲ့

    • အရင်ဆုံး စိတ်အေးအေးထားပါ။ မျက်လုံးထဲကို ဝင်ဝင်ချင်းမှာ ပူခနဲ ဖြစ်သွားတတ်ပါတယ်။
    • ဆေးရုံသွားဖို့ ပြင်ပါ။ ( မျက်စိဆေးရုံ ဒါမှမဟုတ် မျက်စိဆရာဝန်ရှိတဲ့ ဆေးရုံကို သွားပါ။)
    • ဆေးရုံသွားဖို့ ပြင်နေချိန်မှာ လုပ်နိုင်တာတွေက မျက်လုံးကို ရေဖွားဖွားနဲ့ ဆေးချတာပါပဲ။ ဒါက စူပါဂလူးတွေကို နည်းသွားစေပါတယ်။
    • မျက်လုံးကို အတင်းမပွတ်ပါနဲ့။ စူပါဂလူးတွေ ပိုပြန့်သွားပါလိမ့်မယ်။
    • မျက်ခွံကိုလည်း အတင်းမဆွဲဖြဲပါနဲ့။ ကိုယ်လုပ်မှ ပိုဆိုးသွားပါလိမ့်မယ်။
    • မျက်တောင်လည်း ခဏခဏ မခတ်ပါနဲ့။ ကော်တွေ ပိုကပ်သွားတတ်ပါတယ်။
    • အရက်ပြန်တွေသုံးပြီးလည်း မျက်လုံးကို မပွတ်ပါနဲ့။ မျက်လုံးကို ပိုထိခိုက်သွားပါလိမ့်မယ်။
    • အကောင်းဆုံးက ရေနိုင်နိုင်နဲ့ဆေး၊ မျက်လုံးကို ပတ်တီးသန့်သန့်လေးနဲ့ အုပ်ပြီး ဆေးရုံကို အမြန်ဆုံးသွားဖို့ပါပဲ။

    ဘာတွေ လုပ်ပေးမှာလဲ။

    ဆေးရုံမှာက ပစ္စည်းကိရိယာတွေ အစုံရှိတဲ့အပြင် ကိုယ့်ထက် ကျွမ်းကျင်သူတွေ ချည်းပဲဆိုတော့ စိတ်မပူပါနဲ့။ ကော်ကို သူတို့ဆီမှာ ရှိတဲ့ ကိရိယာလေးတွေနဲ့ ဖယ်ရှားပေးမှာပါ။ မျက်တောင်မွေးမှာ ကပ်နေရင်တော့ လိုအပ်ရင် မျက်တောင်မွေးတွေ ညှပ်ထုတ်ပစ်ရမှာပါ။ ဒါပေမယ့် စိတ်မပူပါနဲ့။ မျက်တောင်မွေးက ပြန်ပေါက်ပါတယ်။

    မျက်လုံးမှာ ကပ်နေတယ်။ မျက်သား ပွန်းသွားတယ်ဆိုရင်တော့ လိုအပ်ရင် ခွဲစိတ်ကုသတာမျိုးတွေ လုပ်ရနိုင်ပါတယ်။ မျက်စဉ်းဆေးတွေထည့်၊ ပိုးသတ်ဆေးတွေ ပေးပြီးတော့ပေါ့၊ စူပါဂလူးကို စဖယ်ဖယ်ပြီးချင်းမှာတော့ မျက်လုံးကြည့်လို့ မကောင်းတာ၊ နှစ်ထပ်မြင်တာ၊ ခိုးလို့ခုလု ဖြစ်သွားတာတွေ ရှိပါတယ်။ အချိန်ကြာလာတာနဲ့အမျှတော့ သက်သာသွားပါတယ်။

    မျက်လုံးကန်းသွားနိုင်လား။

    ဒါက လူတိုင်း ကြောက်ကြတဲ့ အခြေအနေပါ။ တချို့ဆို ကလေးငယ်ငယ်လေးတွေ ဖြစ်တာဆိုတော့ စိုးရိမ်ကြတာပေါ့။ ဝမ်းသာစရာကောင်းတာက မျက်လုံးထဲကို စူပါဂလူးဝင်ပြီး မျက်လုံးထိခိုက်သွားတယ်ဆိုတာ မရှိသလောက်ကို ရှားပါးတယ်။ မျက်လုံးထဲကို တစ်ခုခုဝင်ခါနီးရင် သဘာဝတရားက မဝင်အောင် မျက်လုံးမှိတ်ချလိုက်တာကြောင့်ရယ်၊ တစ်ခုခုဖြစ်မှာစိုးလို့ ဆေးရုံကို အမြန်သွားကြတာရယ်ကြောင့်ပါ။ တခြားနေရာဆို ပေတေနေကြဦးမှာလေ။

    မျက်လုံးထဲ စူပါဂလူးဝင်တာက တချို့ဆို ဘာမှမလုပ်ဘဲ ရက်ပိုင်းလောက်နဲ့တောင် ပြန်ကောင်းသွားကြတယ်တဲ့။ သိပ်မပြင်းထန်ရင်ပေါ့လေ။ ဘာပဲဖြစ်ဖြစ် မျက်လုံးအတွင်းသားတွေ ထိခိုက်သွားလားဆိုတာ စစ်ဆေးရမယ်လေ။ လိုအပ်တဲ့ ကုသမှုတွေ ခံယူရမှာဆိုတော့ အိမ်မှာ ရှေးဦးသူနာပြုနည်းတွေ လုပ်ပြီး ဆေးရုံသွားလိုက်တာ အကောင်းဆုံးပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/09/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement