backup og meta

နားထဲကို ပိုးကောင် ဝင်သွားရင်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နားထဲကို ပိုးကောင် ဝင်သွားရင်

    တဝီဝီနဲ့ ပျံနေတဲ့ ပိုးကောင် တွေ ရုတ်တရက် နားထဲကို တည့်တည့်မတ်မတ်ဝင်လာတဲ့အခါ တော်တော်ဒုက္ခရောက်ပါတယ်။ ရုတ်တရက် ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဒီပိုးကောင်ကို ဆွဲထုတ်ဖို့ အတင်းကြိုးစားပါတယ်။ ပိုးကောင်က နားထဲမှာ လျှောက်သွားနေမှာလား၊ နားထဲက နားစည်ကို ကိုက်လိုက်မှာလား။ နားကန်းတော့မှာလား စသဖြင့် ကြောက်လန့်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် နားထဲကို ပိုးကောင်ဝင်ပြီး ပြန်မထွက်လာခဲ့ရင် အရေးပေါ် လုပ်နိုင်တဲ့ နည်းလမ်းတွေကို မျှဝေပေးချင်ပါတယ်။

    ပိုးကောင် ဝင်မှန်း ဘယ်လိုသိမလဲ။

    နားထဲကို ဝင်သွားတာ ပိုးကောင်ဟုတ်တယ်ဆိုရင်၊ အသက်လည်း ရှိနေသေးတယ်ဆိုရင် နားထဲမှာ တဝီဝီနဲ့ အသံကြားနေရသလို ပိုးကောင် တရွရွ သွားနေတာကိုလည်း သိရပါတယ်။ ဒါကြောင့် နားထဲမှာ အူနေပြီး၊ ယားသလိုလို ကသိကအောင့် ဖြစ်နေမှာပါ။ မတော်တဆ အကောင်က ကိုက်လိုက်တယ်၊ ဆူးနဲ့ထိုးလိုက်တယ်ဆိုရင်တော့ နာတာ၊ ရောင်တာ၊ ယားတာတွေ ဖြစ်လာမှာပါ။

    နားဆိုတာ အာရုံကြောတွေ စုဝေးနေတဲ့နေရာပါ။ ဒါကြောင့် နားထဲမှာ တစ်ခုခုဖြစ်ရင် အားလုံးကို သိနေတော့ စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်။ ဒါ့ပြင် နီလာတာ၊ ရောင်လာတာ၊ နားထဲကနေ ပြည်ထွက်တာ၊ သွေးထွက်တာတွေလည်း ခံစားရနိုင်ပါသေးတယ်။

    လူကြီးကတော့ နားထဲတစ်ခုခု ဝင်သွားရင် ပိုးကောင်လား ဘာလား တန်းသိပေမယ့် ကလေးဆိုရင်တော့ သိမှာ မဟုတ်ပါဘူး။ ဒါကြောင့် ကလေးက နားကို ပွတ်နေတယ်၊ ကုတ်နေတယ်ဆိုရင် နားထဲ တစ်ခုခုဝင်နေတာ ဖြစ်နိုင်ပါတယ်။ ကလေးကို သေချာ မေးကြည့်ပါ။ နားထဲကို ကြည့်ကြည့်ပါ။

    ပိုးကောင်ကို ဘယ်လို ဖယ်မလဲ။

  • အရင်ဆုံး စိတ်အေးအေးထားပါ။ ကလေးဆိုရင်လည်း စိတ်အေးအေးထားဖို့ ချော့ပေးပါ။
  • ကြောက်လန့်တကြားနဲ့ နားထဲကို အတင်းကလော်တာ၊ နားရင်းရိုက်တာတွေ မလုပ်ပါနဲ့။
  • နားထဲကို နားဖာကလော်တံ၊ နားကျပ်တံ၊ မီးခြစ်ဆံ စတာတွေနဲ့ အတင်းမကလော်ပါနဲ့။ အခန့်မသင့်ရင် ပိုးကောင်က အထဲကို ပိုရောက်သွားပါမယ်။ မတော်တဆ နားစည်ကို ထိုးမိတာလည်း ဖြစ်နိုင်ပါတယ်။
  • နားထဲကို ဓာတ်မီးထိုးကြည့်ပါ။ နားကို အနောက်အပြင်ဘက် ဆွဲပြီးကြည့်တာက နားပြွန်ကို ဖြောင့်သွားစေလို့ ပိုပြီး ရှင်းရှင်းလင်းလင်း တွေ့ရမျာပါ။ ပိုးကောင်ကို မြင်နေရတယ်ဆိုရင် ဇာဂနာနဲ့ အသာလေး ဖယ်ထုတ်ပါ။ ဖယ်လို့မရရင်လည်း အတင်းမကြိုးစားပါနဲ့။ နားကို ထိခိုက်ဒဏ်ရာ ရသွားပါလိမ့်မယ်။
  • ပိုးကောင်ရှိတဲ့ဘက်ကို ခေါင်းစောင်းချပါ။ ခေါင်းကို အသာအယာ လှုပ်ရမ်းပေးပါ။ ပိုးကောင် ကျချင် ကျလာနိုင်ပါတယ်။ မကျလာလည်း နားကို အတင်းရိုက်တာမျိုး မလုပ်ပါနဲ့။
  • ဆီထည့်ပါ။ ပိုးကောင်ဝင်သွားတဲ့နားကို အပေါ်မော့ထားပါ။ ပြီးရင် ဟင်းချက်ဆီ၊ သံလွင်ဆီ၊ အုန်းဆီ စသဖြင့် အလွယ်ရနိုင်တဲ့ဆီတမျိုးမျိုးကို နားထဲလောင်းထည့်ပါ။ ပိုးကောင်သေပြီး အပေါ်ကို ပေါလောပေါ်လာပါလိမ့်မယ်။ ဒီတော့မှ ခေါင်းကို စောင်းပြီး ထုတ်လိုက်ပါ။
  • သတိထားရမှာက ဒီနည်းလမ်းက ဝင်သွားတာ ပိုးကောင်သေချာမှ လုပ်ပါ။ တခြားပစ္စည်းဝင်သွားတာဆို မသုံးပါနဲ့။ နဂိုတည်းက နား မှာပြဿနာတစ်ခုခုရှိနေတဲ့သူတွေ၊ နားစည်ပေါက်သွားတဲ့သူတွေဆိုရင် မသုံးပါနဲ့။ နားစည်ပေါက်သွားတဲ့ လက္ခဏာတွေကတော့ နားနာတာ၊ သွေးထွက်လာတာ၊ အရည်ထွက်လာတာ စတာတွေပဲ ဖြစ်ပါတယ်။

    ဘယ်အချိန်မှာ ဆေးရုံသွားမလဲ။

    • အပေါ်ကနည်းလမ်းတွေ လုပ်တာတောင် ပိုးကောင် ထွက်မလာခဲ့ရင်
    • ပိုးကောင် တစ်ပိုင်းတစ်စပဲ ထွက်လာခဲ့ရင်
    • နားက မခံမရပ်နိုင်အောင် နာနေရင်
    • ပြည်ထွက်လာရင်
    • နားက အသံကောင်းကောင်း မကြားရတော့ရင်
    • နားထဲမှာ တစ်ခုခုတစ်နေတဲ့ ခံစားချက်မျိုးရှိနေရင် ဆေးရုံ၊ ဆေးခန်းသွားပါ။
    • အပေါ်က နည်းလမ်းတွေ မလုပ်ရဲရင်လည်း ဆေးရုံတန်းသွားပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 11/08/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement