backup og meta

နာရီဓာတ်ခဲမျိုချမိတဲ့ ကလေးတွေရဲ့ အန္တရာယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    နာရီဓာတ်ခဲမျိုချမိတဲ့ ကလေးတွေရဲ့ အန္တရာယ်

    ကလေးတွေဆိုတာ လူကြီးလစ်တာနဲ့ မြင်မြင်ကရာ ပါးစပ်ထဲကောက်ထည့်လိုက်ရမှ။ ဒါ့ကြောင့် ကလေးရဲ့ပါးစပ်ထဲအန္တရာယ်ဖြစ်စေနိုင်တဲ့ အရာဝတ္ထုတွေ မဝင်စေဖို့ မိဘတွေက မျက်ခြေမပြတ်စောင့်ကြည့်သင့်ပါတယ်။ ကလေးက တခုခုနေလို့မကောင်းတာကို မိဘတွေ သတိထားမိဖို့က အရေးကြီးဆုံးပါပဲ။ မဟုတ်ရင် ကလေးနေလို့မကောင်းတာကို တခြားကျန်းမာရေးပြဿနာ တွေနဲ့ ထင်မှတ်မှားကြမယ်၊ အချိန်မီမကုသနိုင်တာကြောင့် မလိုအပ်ဘဲ ကလေးရဲ့အသက်ဆုံးရှုံးရနိုင်ပါတယ်။

    အိမ်မှာပဲ ရှိနေတဲ့ အန္တရာယ်တစ်ခုက နာရီဓာတ်ခဲလို့ခေါ်တဲ့ battery လေးတွေပါ။ သကြားလုံးလေးလိုလို အရွယ်အစားမို့ ကလေးတွေကောက်စားမိတတ်တယ်။ သိပ်ကိုအန္တရာယ်ကြီး တဲ့ အရာဝတ္ထုဖြစ်ပါတယ်။ အရွယ်အစားတူတခြားအရာဝတ္ထုတွေဆိုရင် အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုကြောင့် အန္တရာယ်ရှိတာမှန်ပေမယ့် နာရီဓာတ်ခဲဆိုရင်တော့  ကလေးရဲ့အစာလမ်းကြောင်းထဲမှာ ဓာတ်ပြုတုံ့ပြန်မှုကြောင့် နှစ်နာရီအတွင်း ပျံ့နှံ့လောင်ကျွမ်းစေနိုင်ပါတယ်။

    တချို့မိဘတွေဆို ကလေးက အစားသိပ်မစား၊ ရေသိပ်မသောက်၊ ပုံမှန်ထက်မှိုင်နေတာ၊ ငိုတာ တို့လို ထူးခြားတဲ့လက္ခဏာတွေရှိလာရင် လည်ချောင်းနာတာလား၊ အစာအိမ်ကပဲဖြစ်သလား အထင်မှားတတ်ကြပါတယ်။ အဲဒီမှာ အရေးပေါ်ကုသမှုကို မမီတော့ဘဲ ကလေးအသက်ဆုံးရှုံးရနိုင်တာ ကြောက်စရာပါ။

    သူတို့မှာ ကလေးရဲ့အစာခြေစနစ်ကို ထိခိုက်မှုပြင်းထန်စေနိုင်တဲ့ အန္တရာယ်ရှိဓာတုပစ္စည်းတွေ အပြည့် ပါဝင်ပါတယ်။ ဒါ့ကြောင့် နာရီဓာတ်ခဲလေးတွေကို အိမ်မှာ ကလေးတွေလက်လှမ်းမမီတဲ့နေရာ မှာပဲ ထားသင့်ပါတယ်။ အဟောင်းတွေဆို သေချာစွန့်ပစ်ပါ။

    ဘာလက္ခဏာတွေ ပြတတ်လဲ

    ကလေးက –

    • ရုတ်တရက် ချောင်းဆိုးတာ၊ လည်ချောင်းဆို့သလို ပျို့တာ၊ သွားရည်ကျနေတာ
    • ဗိုက်အောင့်သလိုလို ဖြစ်နေတာ၊
    • နေမကောင်းသလို ဖြစ်နေတာ၊
    • လည်ပင်း သို့မဟုတ် ဗိုက်ကို ညွှန်ပြနေတာ
    • လည်ချောင်းနာ၊ ရင်ဘတ်အောင့်၊ ဗိုက်အောင့်တာ
    • နုံးနေတာ
    • အရင်နဲ့မတူ အသံတိတ်နေတာ၊ ငြိမ်လွန်းနေတာ
    • အစာသိပ်မစားတော့တာ၊ အစားနည်းလာတာ
    • အစာမျိုမချနိုင်တာ
    • အသံပြောင်းနေတာ
    • တံတွေး သို့မဟုတ် ဝမ်းမှာ သွေးပါတာ စတဲ့ လက္ခဏာတွေ တွေ့ရနိုင်ပါတယ်။

    ဒီလက္ခဏာတွေကို တခြားရောဂါတွေနဲ့ မှားတတ်ကြလို့ ကလေးမှာ ထူးခြားတဲ့လက္ခဏာတွေ့ရတာနဲ့ ကျွမ်းကျင်ဆရာဝန်ဆီကို အမြန်ဆုံးပြသစစ်ဆေးဖို့ အရေးကြီးပါတယ်။

    အန္တရာယ်ရှိတဲ့ တခြားအရာဝတ္ထုတွေ

    နာရီဓာတ်ခဲအပြင် မျိုချမိရင် အရေးပေါ်ကုသမှုလိုအပ်နိုင်တဲ့ အန္တရာယ်ရှိတခြားအရာဝတ္ထုတွေ အများကြီးရှိပါသေးတယ် –

    သံလိုက်တုံး – သံလိုက်တုံးအသေးလေးတွေကို မျိုချမိရင် ကလေးရဲ့အစာအိမ်အူလမ်းကြောင်း ထဲမှာ ထိခိုက်မှုကြီးမားနိုင်ပါတယ်။ အသက်ရှူလမ်းကြောင်း ပိတ်ဆို့တာကြောင့် ချက်ချင်း အသက်အန္တရာယ်ရှိနိုင်သလို အူထဲမှာ ပိတ်ဆို့နိုင်လို့ အမြန်ဆုံးခွဲစိတ်ဖယ်ရှားပစ်ရပါတယ်။ သံလိုက်နှစ်ခုလုံးမျိုချတာဖြစ်ခဲ့ရင် တစ်ခုနဲ့တစ်ခုဆွဲငင်ပြီး မရွေ့လျားနိုင်တော့တာကြောင့် ပိုပြီးအန္တရာယ်ကြီးပါတယ်။

    အကြွေစေ့ – အကြွေစေ့တွေက ခုချိန်မှာ မသုံးကြတော့ပေမယ့် အိမ်မှာပဲ မသိမ်းဆည်းမိတဲ့အဟောင်းတွေ၊ ဒါမှမဟုတ် ကစားစရာအဖြစ် သုံးတာတွေ ဆိုရင် ကလေးကမျိုချနိုင်တဲ့ အန္တရာယ်ရှိပါတယ်။

    ဘာလုပ်ရမလဲ

    တစ်ခုတည်းသော ဖြေရှင်းနည်းက ဆေးရုံ၊ ဆေးခန်းအမြန်ပြေးပြီး အရေးပေါ်ကုသမှုခံယူတာပါပဲ။ မနောက်ကျပါစေနဲ့။

    ဒါတွေမလုပ်ပါနဲ့

    • ကလေးကိုနေမကောင်းလို့ဆိုပြီး ကိုယ့်သဘောနဲ့ကိုယ် ဆေးတွေမတိုက်ပါနဲ့၊ အန်ထုတ်နိုင်ဖို့ဆိုပြီး ဆေးတွေမတိုက်ပါနဲ့။
    • ကလေးကို အစာတွေ၊ သောက်စရာတွေ အတင်းမကျွေး၊ မတိုက်ပါနဲ့။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement