backup og meta

ဆေးလိပ်ဖြတ်နေတဲ့ သူငယ်ချင်းကို ဘယ်လိုကူညီနိုင်မလဲ


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆေးလိပ်ဖြတ်နေတဲ့ သူငယ်ချင်းကို ဘယ်လိုကူညီနိုင်မလဲ

    ဆေးလိပ်ကို ကာလကြာရှည်စွာ သောက်နေသူတစ်ယောက်အတွက် ဆေးလိပ်ဖြတ်ဖို့ဆိုတာ လွယ်ကူလှတဲ့ကိစ္စတော့ မဟုတ်ပါဘူး။ ဆေးလိပ်သောက်ခြင်းဟာ အင်မတန်မှ စွဲလမ်းစေပြီး ဖြတ်ရခက်ပါတယ်။ ဆေးလိပ်ဖြတ်မယ်လို့ စဉ်းစားလိုက်တာနဲ့ တိခနဲ ချက်ချင်းပြတ်သွားမှာ မဟုတ်ပါဘူး။ ခက်ခဲတဲ့ အဆင့်တွေကို ကျော်ဖြတ်ရပါဦးမယ်။ ဆေးလိပ်ကို ကြိုးစားပြီးဖြတ်နေချိန်မှာ မိသားစုနဲ့ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ အကူအညီကို လိုအပ်လှပါတယ်။

    သင့်မိသားစုနဲ့ မိတ်ဆွေအပေါင်းအသင်းတွေထဲမှာ  ဆေးလိပ်ဖြတ်ဖို့ ကြိုးစားနေသူတွေရှိနေရင် ဒီလိုနည်းလမ်းလေးတွေနဲ့ ကူညီအားပေးလိုက်ပါ။

    (၁) နှုတ်ဖြင့်အားပေးပါ။

    ဒီနည်းလမ်းဟာ အင်မတန်မှ လွယ်ကူရိုးရှင်းလှပါတယ်။ နှုတ်၏စောင်မခြင်း ဆိုပါတော့။ ဆေးလိပ်သောက်သုံးသူ တစ်ယောက်က ဆေးလိပ်ဖြတ်ဖို့ စကားစလာတဲ့အခါ အောက်ပါစကားလုံးလေးတွေနဲ့ တုံ့ပြန် နိုင်ပါတယ်။

    “ ငါမင်းအတွက် ဂုဏ်ယူလိုက်တာ၊ ဆေးလိပ်ဖြတ်ဖို့ စိတ်ကူးရှိတာ မင်းအရမ်းတော်တာပဲ”

    “ဆေးလိပ်ဖြတ်ချိန်မှာ အခက်အခဲတွေတော့ရှိမှာပဲ။ ဒါပေမယ့် မင်းသေချာပေါက် လုပ်နိုင်မှာပါ။    မင်းအောင်မြင်မယ်ဆိုတာ ငါယုံကြည်တယ်။”

    “ အကူအညီလိုတာရှိရင် ပြောနော်၊ ငါတတ်နိုင်သလောက် ကူညီပေးမယ်။”

    “ ဆေးလိပ်ဖြတ်တယ်ဆိုတာ တော်တော်လေးကို မှန်ကန်တဲ့ဆုံးဖြတ်ချက်ပဲ။”

    စတဲ့ အားပေးစကားလေးတွေဟာ ရိုးရှင်းလွန်းပေမယ့် ကြားရသူအတွက် အားဆေးတစ်ခွက်ပါ။ တွန့်ဆုတ်မနေဘဲ အားပေးစကားပြောပေးပါ။

    (၂) ဆရာကြီးမလုပ်မိပါနဲ့။

    ပွစိပွစိပြောနေခြင်း၊ ဆူပူခြင်းနဲ့ ဆရာလုပ်ခြင်းတွေက ဆေးလိပ်ဖြတ်ရန် ကြိုးစားနေသူကို အထောက်အကူဖြစ်စေမှာ မဟုတ်ပါဘူး။ စိတ်ကိုညစ်နွမ်းစေမှာပါ။ သင့်ဆီကိုလည်း လာရောက် အကူအညီတောင်းတော့မှာ မဟုတ်ပါဘူး။ အောက်ပါ အပြောအဆိုတွေကို မပြောမိအောင်ရှောင်ပါ။

    • ဆေးလိပ်သောက်ခြင်းက ဘယ်လောက်မကောင်းကြောင်းပြောဆိုခြင်း
    • ယနေ့ သူဆေးလိပ်သောက်သလားဆိုတာ မေးမြန်းခြင်း
    • ယနေ့ သူဆေးလိပ်ဘယ်နှစ်လိပ်သောက်လဲ မေးမြန်းခြင်း
    • ဆေးလိပ်ဖြတ်နေစဉ် ဆေးလိပ်တောင့်တမှုအပေါ် ငြင်းခုန်ပြောဆိုခြင်း
    • မနေနိုင်လို့ပြန်သောက်မိခြင်း အပေါ်ပြစ်တင်ပြောဆိုခြင်း

    (၃) နားထောင်ပေးပါ။

    စိတ်ဝင်တစားနားထောင်ပေးခြင်းဟာ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်းရဲ့ အစိတ်အပိုင်း တစ်ခုပါပဲ။ ကိုယ်ကချည်း ဆရာလုပ်  ပြောဆိုမနေဘဲ သူပြောတာကို ဂရုတစိုက် အချိန်ပေး  နားထောင်ပေးပါ။

    (၄) စိတ်အာရုံလွှဲပေးပါ

    ဆေးလိပ်ဖြတ်ချိန်မှာ အဆိုးရွားဆုံးကြုံတွေ့ရနိုင်တဲ့ အခက်အခဲကတော့ ဆေးလိပ်ကို ပြင်းပြစွာ တောင့်တခြင်းပါပဲ။ ဒါကိုကျော်လွှားပြီး မေ့မေ့ပျောက်ပျောက်ဖြစ်ဖို့ ဆိုရင်တော့ အာရုံလွှဲပေးဖို့ လိုပါလိမ့်မယ်။

  • ရုပ်ရှင်အတူကြည့် ပေးတာမျိုး
  • အပေါင်းအသင်းတွေစုခေါ်ပြီးဂိမ်းကစားကြတာမျိုး
  • သူကြိုက်တဲ့ စားသောက်ဆိုင်တွေမှာသွားစားကြတာမျိုး
  • သင်တန်းတွေမှာစာရင်းပေးပေးတာမျိုး (ဥပမာ ပန်းချီသင်တန်း၊ ဓာတ်ပုံသင်တန်း စသည်)
  • ရှိုးပွဲတွေ၊ ဘောလုံးပွဲတွေအတူသွားကြည့်ကြတာမျိုး
  • ဆေးလိပ်သောက်လို့မရတဲ့ အားကစားရုံတွေကို ခေါ်သွားပေးတာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။
  • (၅) အကြံပေးပါ။

    ဆေးလိပ်အစားထိုး အရာတွေအတွက် အကြံပေးနိုင်ပါတယ်။

    • သကြားလုံး၊ ပီကေများ စားခိုင်းခြင်း
    • ရေများများ သောက်ဖို့ အကြံပေးခြင်း
    • ဝင်လေထွက်လေရှူရှိုက်၍ စိတ်ကိုအနားပေးစေရန် အကြံပြုခြင်းတွေ ပြုလုပ်နိုင်ပါတယ်။

    သူ့အတွက် အလွန်ခက်ခဲနေမယ်ဆိုရင်တော့

    • ဆေးလိပ်အစားထိုး အီလက်ထရောနစ်စီးကရက်များ အသုံးပြုစေခြင်းကိုပြုလုပ်နိုင်ပါတယ်။ သို့သော် အီလက်ထရောနစ်စီးကရက်များမှာလည်း ဆေးလိပ်ကဲ့သို့ နီကိုတင်းဓာတ် ပါဝင်တာကို သတိချပ်စေချင်ပါတယ်။ ပြီးတော့ ဒီ အီလက်ထရောနစ် စီးကရက်တွေ အန္တရာယ် ရှိ၊မရှိဆိုတာ အငြင်းပွားနေကြဆဲ ဖြစ်ပါတယ်။

    (၆) သတင်းအချက်အလက်များဆောင်ကြဉ်းပေးပါ။

    ဆေးလိပ်ဖြတ်နေတဲ့ မိမိမိတ်ဆွေအတွက် အထောက်အကူဖြစ်စေမယ့် သတင်း  အချက်အလက်တွေကိုကူညီပေးပါ။ တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်တွေရှိနိုင်တဲ့နေရာ၊ လိုအပ်တဲ့ဆေးဝါးအထောက်အကူ ရရှိနိုင်စေဖို့နဲ့ အခြားဆေးလိပ်ဖြတ်ရန် ကြိုးစားနေသူများနဲ့ အချင်းချင်း တိုင်ပင်အားပေးနိုင်စေရန် ဆက်သွယ်ပေးခြင်းတွေနဲ့ ကူညီပေးနိုင်ပါတယ်။

    ကောင်းမွန်တဲ့နေထိုင်ဘဝသို့ ရောက်ရန်ကြိုးစားနေသူတွေ ရဲ့ ခြေလှမ်းတွေအတွက် လက်တွဲကူညီပေးလိုက်ကြရအောင်။

    ရေးသားသူ- ‌ဒေါက်တာမှူးခင်

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement