backup og meta

ခန္ဓါကိုယ်ရဲ့ခုခံအားစနစ်က ရောဂါတွေကို ဘယ်လိုခုခံပေးသလဲ


Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခန္ဓါကိုယ်ရဲ့ခုခံအားစနစ်က ရောဂါတွေကို ဘယ်လိုခုခံပေးသလဲ

    တစ်နေ့ထက်တစ်နေ့ပိုမိုညစ်ညမ်းပြီးရောဂါပိုးတွေပိုမိုများပြားလာတာကြောင့်နေ့စဉ်လှုပ်ရှားသွားလာနေရသူတွေအနေနဲ့ သွားရင်းလာရင်း အမှတ်မထင်ရောဂါကူးစက်တာမျိုးတွေခံရနိုင်ခြေကလည်းတော်တော်လေးကိုများလာနေတယ်ဆိုရပါမယ်။ အိပ်ရေးပျက်လွန်းတဲ့အခါဖြစ်ဖြစ်၊အားနည်းနေတဲ့အခါမျိုးမှာဖြစ်ဖြစ် ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကအားနည်းနေပြီးရောဂါတွေကအလွယ်တကူဝင်ရောက် တာမျိုးဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကိုယ်ခံအားစနစ်ကောင်းမွန်နေမယ်ဆိုရင်တော်ရုံတန်ရုံရောဂါတွေကို တိုက်ထုတ်ပေးနိုင် မှာဖြစ်ပါတယ်။ အခုတစ်ခါမှာတော့ ကိုယ်ခံအားစနစ်က ခန္ဓါကိုယ်ထဲကိုရောဂါတွေအလွယ်တကူမဝင်ရောက်နိုင်အောင် ဘယ်လိုကာကွယ်ပေးလဲဆိုတာကိုပြောပြပေးလိုပါတယ်။

    ကိုယ်ခံအားစနစ်ဆိုတာ

    ကိုယ်ခံအားစနစ်ဆိုတာ နားလည်လွယ်အောင်ပြောပြရရင် ခန္ဓါကိုယ်ကိုပြင်ပကရောဂါဖြစ်စေနိုင်တဲ့အရာတွေကြောင့်ရောဂါဘယတွေမခံစားရအောင်ကာကွယ်ရာမှာ အထောက်အပံ့ပေးတဲ့အရာတစ်ခုပါ။ပြင်ပကရောဂါဖြစ်စေတဲ့အရာတွေဆိုတဲ့ထဲမှာလည်း ဗိုင်ဒရပ်စတွေ၊ဘက်တီးရီးယားတွေ၊ ကပ်ပါးပိုးတွေ အပါအဝင် ခန္ဓါကိုယ်အတွင်းပိုင်းထဲကိုဝင်ရောက်ပြီး ကူးစက်ရောဂါတွေ၊ အနာရောဂါတွေဖြစ်စေနီုင်တဲ့အရာတွေပါဝင်လို့နေပါတယ်။ ဆဲလ်တွေ၊ တစ်ရှုးတွေနဲ့ဖွဲ့စည်းထားတဲ့ ရှုပ်ထွေးနက်နဲလှတဲ့ ကိုယ်ခံအားစနစ်ကပြင်ပကနေ ဝင်ရောက်လာတဲ့ရောဂါဖြစ်စေနိုင်တဲ့အရာတွေကို တိုက်ထုတ်ပေးပြီး ခန္ဓါကိုယ်တွင်းထဲမှာ ကျန်းမာတဲ့ တစ်ရှုးတွေကိုပဲကျန်ရှိစေပါတယ်။

    ကိုယ်ခံအားစနစ်က အူအတွင်းပိုင်းမှာ ခန္ဓါကိုယ်ကို အကျိုးပြုတဲ့ဘက်တီးရီးယားတွေပေါက်ဖွားအောင် လှုံ့ဆော်ပေးပါတယ်။ အဆိုပါ အကျိုးပြု ဘက်တီးရီးယားတွေက အူလမ်းကြောင်းထဲကိုရောက်ရှိလာတဲ့ရောဂါဖြစ်စေနိုင်တဲ့အရာတွေကိုတိုက်ထုတ်ပေးပါတယ်။ ကိုယ်ခံအားစနစ်က ခန္ဓါကိုယ်ထဲကိုရောဂါတွေမဝင်ရောက်နိုင်အောင် ဘယ်လိုကာကွယ်ပေးလဲဆိုတာနဲ့ ကျန်းကျန်းမာမာဖြစ်ဖို့အတွက် ကိုယ်ခံအားစနစ်ကောင်းမွန်စေဖို့ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာကိုသေသေချာချာသိရှိနိုင်အောင် ဒီစာလေးကိုဆက်ဖတ်ကြည့်လိုက်ကြရအောင်ပါ။

    ရောဂါပိုးကူးစက်ခြင်း

    ခန္ဓါကိုယ်ကဆဲလ်တွေထဲကိုရောဂါဖြစ်စေနိုင်တဲ့အရာတွေဝင်ရောက်သွားတဲ့အခါရောဂါကူးစက်မှုတွေဖြစ်လာပါတယ်။ ခန္ဓါကိုယ်တွင်းကိုရောဂါကူးစက်ဝင်ရောက်မှုက ကိုယ်ခံအားစနစ်တုံ့ပြန်မှုကိုဖြစ်စေပါတယ်။ ကိုယ်ခံအားစနစ်ရဲ့ တုံ့ပြန်မှုကမြန်ဆန်ထိရောက်လေလေရောဂါကိုခုခံမှုကလည်းမြန်ဆန်လေလေပါပဲ။ ကိုယ်ခံအားကောင်းတဲ့အခါရောဂါတွေကိုခုခံတိုက်ဖျက်မှုကမြန်ဆန်ပြီး နာမကျန်းဖြစ်တာကို သိပ်တောင်မခံစားလိုက်ရပါဘူး။

    ကိုယ်ခံအားကနည်းနေမယ်ဆိုရင်တော့ တစ်ခါတလေမှာ ကူးစက်မှုဝင်ရောက်တာကရောဂါခံစားရတာအထိတောင်ဖြစ်သွားနိုင်ပါတယ်။ ကိုယ်ခံအားစနစ် အားနည်းနေတဲ့ အခါမျိုးနဲ့ ကိုယ်ခံအားစနစ် ပျက်ပြားနေတဲ့အခါမျိုးမှာပြင်ပကရောဂါဖြစ်စေနိုင်တဲ့အရာတွေ ခန္ဓါကိုယ်တွင်းကို ဝင်ရောက်နိုင်ခြေကတော်တော်လေးကိုများနေပါတယ်။

    ကူးစက်ခံလိုက်ရတဲ့ရောဂါပိုးအမျိုးအစားပေါ်မှာမူတည်ပြီးတော့ရောဂါလက္ခဏာတွေကွဲပြားနိုင်ပါတယ်။ ဥပမာပြောပြရရင် ဖျာတဲ့အခါ ကိုယ်ခန္ဓါကအပူချိန်မြင့်တက်လာတာက အဖျားပိုးကို ကိုယ်ခံအားစနစ်က တုံ့ပြန်နေတာပါ။ ကိုယ်တွင်းကိုဝင်ရောက်လာတဲ့ ဖျားစေနိုင်တဲ့ပြင်ပကရောဂါဖြစ်စေတဲ့အရာကို ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကတိုက်ထုတ်နေတာပဲဖြစ်ပါတယ်။နောက်တစ်ခုကရောင်ရမ်းတာပါ။ ထိခိုက်တဲ့နေရာ ပိုးဝင်တဲ့နေရာမှာရောင်ရမ်းတာက ကိုယ်တွင်းကသွေးဖြူဥဆဲလ်တွေကရောဂါဖြစ်စေတဲ့အရာတွေကို တိုက်ထုတ်နေတာပဲဖြစ်ပါတယ်။

    ခန္ဓါကိုယ်ရဲ့ရောဂါပိုးတွေကို ကာကွယ်ပေးတဲ့အကာအကွယ် ၃ ရပ်

    (၁)Physical Barrier

    ခန္ဓါကိုယ်တွင်းကိုရောဂါပိုးတွေမဝင်ရောက်နိုင်အောင် ဒိုင်းသဖွယ်ကာကွယ်ပေးထားတဲ့အရာပါ။ အဲ့ဒါကတော့ အရေပြားပါပဲ။ အရေပြား ကခန္ဓါကိုယ်တွင်းထဲကို အဆိပ်အတောက်ဖြစ်စေနိုင်တဲ့အရာတွေ၊ရောဂါပိုးတွေနဲ့ အခြားထိခိုက်စေနိုင်တဲ့အရာတွေ မဝင်ရောက်နိုင်အောင် ကာကွယ်ပေးထားပါတယ်။ အရေပြားပေါ်ကဆဲလ်သေတွေက ကိုယ်တွင်းထဲကိုရောဂါကူးစက်မှုတွေမဖြစ်အောင် အလွှာတစ်ခုအဖြစ်နဲ့ ကာကွယ်ပေးထားပါတယ်။နောက်ထပ် အရံအတားတစ်ခုကတော့ အကျိအချွဲအမြှေးပါးတွေပါ။ အစာချေစနစ်နဲ့ အသက်ရှုလမ်းကြောင်းစနစ်အတွင်းမှာရှိနေတဲ့အကျိအချွဲအမြှေးတွေက ကိုယ်တွင်းထဲကိုပြင်ပကရောဂါဖြစ်စေနိုင်တဲ့အရာတွေမဝင်ရောက်နိုင်အောင် ဟန့်တားပေးပါတယ်။

    (၂) Chemical Barrier

    အရေပြားကလည်း Chemical Barrier အနေနဲ့ ကိုယ်တွင်းကိုရောဂါဖြစ်စေနိုင်တဲ့အရာတွေမဝင်ရောက်နိုင်အောင်တားဆီးပေးပါတယ်။ အရေပြားပေါ်မှာရှိတဲ့ ဂလင်းတွေကနေ အဆီနဲ့ချွေးတွေကို ထုတ်ပေးပြီး ပိုးမွှားတွေကို ကင်းစင်သွားအောင်လုပ်ဆောင်ပေးပါတယ်။ ချွေးထဲမှာပါတဲ့ အက်ဆစ်တွေက ဘက်တီးရီးယားတွေ ကြီးထွားမှုကိုနှေးကွေးစေနိုင်ပြီး အရေပြားကနေထုတ်တဲ့ အဆီတွေမှာပါတဲ့ ဓါတုပစ္စည်းတွေက ဘက်တီးရီးယားအချို့ကိုသေစေနိုင်ပါတယ်။ မျက်ရည်နဲ့တံတွေးတွေကလည်း ဘက်တီးရီးယားအချို့ကိုသေစေနိုင်စွမ်းရှိပါတယ်။

    (၃) Adaptive Immune Response

    ခန္ဓါကိုယ်ရဲ့ Physical Barrier နဲ့ Chemical Barrierတွေကရောဂါဘယဖြစ်စေနိုင်တဲ့အရာတွေကို မတားဆီးနိုင်ဘူးဆိုရင်နောက်ဆုံးအဆင့်ဖြစ်တဲ့ Adaptive Immune Response က ကိုယ်တွင်းကိုရောက်ရှိလာတဲ့ရောဂါဘယဖြစ်စေနိုင်တဲ့ အရာတွေကိုတားဆီးပေးပါလိမ့်မယ်။ ဒီနောက်ဆုံးအဆင့်ဖြစ်တဲ့ Adaptive Immune Response ကရောဂါဖြစ်စေတဲ့အရာတွေကိုတုံ့ပြန်နိုင်စေဖို့အတွက် သီးခြားတုံ့ပြန်မှုတွေနဲ့ memoryတွေကိုထောက်ပံ့ပေးပါတယ်။ ကိုယ်ခံအားစနစ်က ခန္ဓါကိုယ်တွင်းကိုရောက်လာတဲ့ပြင်ပရောဂါဖြစ်စေနိုင်တဲ့အရာတွေကို ဆန်းစစ်ပြီး တိုက်ထုတ်ပေးပါတယ်။

    ကိုယ်ခံအားစနစ်က ခန္ဓါကိုယ်ထဲကိုရောဂါတွေရောက်မလာအောင် ခုခံပေးနိုင်တာကြောင့် ကျန်းမာရေးကောင်းမွန်အောင်လုပ်ဆောင် တဲ့နေရာမှာအရေးပါတဲ့အရာတစ်ခုလည်းဖြစ်ပါတယ်။ ကိုယ်ခံအားစနစ်ကောင်းနေတာကရောဂါပိုးတွေမဝင်ရောက်အောင်တားဆီးပေးနိုင်တယ်ဆိုပေမယ့် ခန္ဓါကိုယ်ထဲကို မလိုလားအပ်တဲ့ရောဂါပိုးမွှာေးတွမဝင်ရောက်အောင်လုပ်ဆောင်ဖို့ကလည်း အရေးကြီးလှပါတယ်။ အရေပြားပေါက်ပြဲတဲ့ ဒဏ်ရာတွေရရှိသွားတဲ့အခါ အပေါ်မှာဖော်ပြခဲ့တဲ့ အရံအတားတွေထဲက ပထမဆုံးအရံအတားကျိုးပျက်သွားပြီဖြစ်ပါတယ်။ ဒီလိုမျိုးဖြစ်တဲ့အခါ အနာကိုသေချာသန့်စင်ပြီးဆေးထည့်တာ၊ အနာသေးရင်ပလာစတာကပ်တာနဲ့အနာကကြီးနေရင် ပတ်တီးစည်းတာမျိုးကိုလုပ်ဆောင်ပေးရပါမယ်။ မလိုလားအပ်ဘဲ ကိုယ်ခံအားစနစ်ကိုထိခိုက်တာမျိုးမဖြစ်စေဖို့ပါ။ အနာကို ပလာစတာကပ်ပေးတာကပြင်ပရောဂါဖြစ်စေနိုင်တဲ့အရာတွေ ဝင်ရောက်နိုင်ခြေကိုလျော့နည်းသွားစေနိုင်ပါတယ်။

    တစ်ခါတလေမှာ ကိုယ်ခံအားစနစ်ကလျင်လျင်မြန်မြန်တုံ့ပြန်နိုင်တာကြောင့်ရောဂါဖြစ်စေနိုင်တဲ့အရာတွေကိုမြန်မြန်ဆန်ဆန်ထိန်းချုပ် နိုင်ပါတယ်။ ယနေ့ခေတ်လိုမျိုး အန္တရာယ်ကြီးတဲ့ ဘက်တီးရီးယားတွေများပြားလှတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်နိုင်ဖို့ဆိုရင် ကိုယ်ခံအားစနစ် ကတော်တော်လေးအရေးပါပါတယ်။ ကိုယ်ခံအားစနစ်ကပြင်းထန်ပြီး အသက်ကိုထိခိုက်စေနိုင်တဲ့ ရောဂါပိုးကူးစက်တာတွေ၊ရောဂါဝင်တာတွေကနေတောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအားစနစ်မထိခိုက်စေဖို့အတွက် အသေးစားထိခိုက်ဒဏ်ရာတွေကို သေချာစနစ်တကျ ဂရုစိုက်တာ၊ အိပ်ရေးဝအောင်အိပ်စက်တာ၊ အာဟာရမျှတအောင်စားသုံးတာတွေကို ဂရုတစိုက်လုပ်ဆောင်ပေးသင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement