backup og meta

ခံတွင်း အပူလောင်တာကို သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်း ၆ သွယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 02/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခံတွင်း အပူလောင်တာကို သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်း ၆ သွယ်

    တစ်ခါတစ်လေ ကြုံရလိမ့်မယ်။ ပူပူလောင်လောင် အစားအစာမျိုးတွေကို အလောတကြီး စားမိလိုက်တာမျိုး၊ ရေနွေးပူပူကို ရုတ်တရက် သတိမထားမိပဲ သောက်မိလိုက်တာမျိုး တွေပေါ့။ ဒီလို အချိန်မျိုးဆိုရင် အာခေါင်တစ်ခုလုံး ပူလောင်ကျိန်းစပ်ပြီး နေမထိထိုင်မသာဖြစ်သွားတတ်ကြတယ်မဟုတ်လား။

    ဒီလို အာခံတွင်း အပူလောင်ပြီဆိုရင် ဆိုးရွားလှတဲ့ ဝေဒနာကိုတင် ကြုံရတာမဟုတ်ပါဘူး၊ စားရေးသောက်ရေးပါ အခက်တွေ့ကြုံရပါလိမ့်မယ်။ အပူလောင်ထားတဲ့ ခံတွင်းကြောင့် အစာစားရာမှာ အရသာမရှိတာလိုလို၊ စပ်နေတာလိုလို၊ ထုံနေတာလိုလိုနဲ့ ခံတွင်းထဲ အစာဝင်သွားရင်ကို နေရထိုင်ရ ခက်နေတော့တာပါပဲ။ ပထမအဆင့် ခံတွင်းအပူလောင်နာဟာ တစ်ရက်ဝန်းကျင်ကနေ ၁ ပတ်ဝန်းကျင်အထိ ကြာတတ်ပြီးတော့ ပြင်းထန်လွန်းတဲ့ အခြေအနေမျိုးကိုတော့ ဒုတိယအဆင့် ခံတွင်း အပူလောင်နာလို့ သတ်မှတ်လေ့ရှိပါတယ်။

    ဒီလို ဝေဒနာမျိုး ခံစားရချိန်မှာ အလွယ်တကူ ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေ ရှိပါတယ်။ သင်မထင်မှတ်ထားတဲ့ အနီးနားက အစားအစာတချို့ဟာ အဲ့ဒီ အာခံတွင်း အပူလောင်တဲ့ ဝေဒနာကို အလျှင်အမြန် ပျောက်ကင်းစေနိုင်ပါတယ်။

    ခံတွင်းအပူလောင်တာကို သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်းတွေ

    ခုဖော်ပြပေးမယ့် နည်းလမ်းတွေကတော့ ပထမအဆင့် ခံတွင်း အပူလောင်နာကို နေအိမ်မှာတင် အလွယ်တကူရရှိနိုင်တဲ့ အစားအစာတွေကို အသုံးပြုပြီး သက်သာအောင် ကုသနိုင်မယ့် နည်းလမ်းတွေဖြစ်ပါတယ်။

    • ၁။ ရေအေးအေး သောက်ပေးပါ – ကိုယ် အပူလောင်သွားပြီ၊ အာခေါင်ပေါက်သွားပြီဆိုတာကို သိတာနဲ့ ရေအေးအေးကို ၁၀ မိနစ်ခြားတစ်ခါလောက် သောက်ပေးပါ။ ရေအေးမရနိုင်ရင်လည်း ရေထဲကို ရေခဲစိမ်ပြီး သောက်ပေးလို့ရပါတယ်။ ဒါမှမဟုတ်လဲ ရေအေး၊ ရေခဲတုံးစတာတွေကို အချိန်အတော်ကြာ ဆက်တိုက် ငုံထားပေးတာကလည်း ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ သဘာဝ ရေအေးအေးကို ပြောတာပါ။ အာခေါင်အတွင်းပိုင်းက အပူလောင်သွားတဲ့ အရေပြားအလွှာရဲ့ ပျက်စီးမှုတွေကို လျှော့ချပေးနိုင်ပါတယ်။
    • ၂။ ဒိန်ချဉ် ဒါမှမဟုတ် နို့ သောက်ပေးပါ – ဒိန်ချဉ်လို နို့ထွက်ပစ္စည်း စစ်စစ်တွေဟာ အာခေါင် အပူလောင်လို့ဖြစ်လာတဲ့ နာကျင်မှုဝေဒနာကို ထိထိရောက်ရောက် သက်သာစေနိုင်ပါတယ်။ အထူးသဖြင့် အအေးခံထားတဲ့/ရေခဲရောစပ်ထားတဲ့ ဒိန်ချဉ်တို့ နို့အေးတို့ တစ်ဖန်ခွက်စာလောက် သောက်သုံးပေးမယ်ဆိုရင် အာခေါင်အတွင်းက အပူလောင်လို့ ပျက်စီးသွားတဲ့ အရေပြားကို ယာယီကာကွယ်ပေးထားမှာဖြစ်ပါတယ်။ ဒါကြောင့် အဆိုပါ အပူလောင်ရာနေရာမှာ ပိုဆိုးတဲ့အနာဖြစ်မလာဖို့နဲ့ ယားယံတာ၊ နာကျင်တာတွေဖြစ်မလာစေဖို့ ထိမ်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။
    • ၃။ ရှားစောင်းလက်ပပ် အစေးနဲ့ သုတ်လိမ်းပါ – ရှားစောင်းလက်ပပ် (Aloe Vera) ဟာ ဆေးဘက်ဝင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ အာခေါင် အပူလောင်တာကိုလည်း သက်သာအောင် ကုစားပေးနိုင်ပါတယ်။ ရှားစောင်းလက်ပတ်ရဲ့ အစေးဟာ အပူလောင်ထားတဲ့နေရာကို ချောမွေ့စေဖို့နဲ့ ဝေဒနာသက်သာစေဖို့ ကူညီပေးနိုင်ပါတယ်။
    • ၄။ ပျားရည် သုံးပါ – ပျားရည်ချိုမြမြလေးဟာလည်း အပူလောင်ချိန်မှာ ဝေဒနာ ပျောက်ကင်းအောင် ကုစားပေးနိုင်ပါတယ်။ ပျားရည်ကို သောက်သုံးပေးတာ ဒါမှမဟုတ် ငုံထားတာက အနာကို အလျင်အမြန် ကျက်စေနိုင်ပါတယ်။ ပျားရည်ထဲမှာပါဝင်တဲ့ Antimicrobial properties တွေဟာ အပူလောင်နာကြောင့် ဖြစ်လာတဲ့ နာကျင်မှုဝေဒနာတွေ လျော့ပါးသွားအောင်လည်း အထောက်အကူပြုပါတယ်။ ဒါ့အပြင် ရောဂါပိုး ကူးစက်တာမျိုးကိုလည်း လျှော့ချပေးနိုင်ပါတယ်။
    • ၅။ ဆားငန်ရည် ငုံပါ – အာခံတွင်း အပူလောင်ချိန်မှာ ဆားရည်ငုံဖို့ကတော့ ပြောပြစရာမလိုလောက်အောင်ကို လူသိများတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ရောဂါပိုးမွှားတွေ မကူးစက်နိုင်အောင် ကာကွယ်ပေးနိုင်သလို အပူလောင်ချိန်မှာ ဖြစ်လာတဲ့ အရေပြား ပျက်ဆီးမှုတွေကိုလည်း လျှော့ချပေးပါတယ်။ ရောဂါသက်သာနှုန်းလည်း မြန်စေပါတယ်။ ဆားရည်ငုံရာမှာ သိပ်မပူတဲ့ ရေနွေးနွေးလေးထဲကို ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာလောက် ထည့်ဖျော်တာက အကောင်းဆုံးနည်းလမ်းဖြစ်ပြီး တစ်နေ့ကို ၂ – ၃ ကြိမ်လောက် လုပ်ပေးသင့်ပါတယ်။
    • ၆။ ပျော့ပျောင်းတဲ့ အစားအစာများ – အာခေါင်မှာ အပူလောင်ထားပြီဆိုရင် စားတဲ့အစားအစာက အရေးကြီးလာပါပြီ။ ပျော့ပျောင်းနူးညံ့တဲ့အစားအစာတွေကို ရွေးချယ်စားသောက်ပေးတာကလည်း ဝေဒနာခံစားရတာကို သက်သာစေမှာဖြစ်သလို အလျင်အမြန် ပျောက်ကင်းဖို့ အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။

    ခံတွင်း အပူလောင်ထားပြီဆိုရင် အထက်ဖော်ပြပါ နည်းလမ်းတွေနဲ့ သက်သာ ပျောက်ကင်းအောင် ကုသနိုင်သလို ခံတွင်း သန့်ရှင်းနေအောင် ဂရုစိုက်ဖို့လည်း အရေးကြီးကြောင်း သိထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ပထမအဆင့် အပူလောင်နာအတွက် အိမ်တွင်းကုသနည်းတွေနဲ့ ကုသနိုင်ပေမယ့် ဒုတိယအဆင့် အခြေအနေမျိုးဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့ မဖြစ်မနေလိုအပ်တယ်မှာဖြစ်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 02/07/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement