backup og meta

အသားစားရတာ ကြိုက်တယ်ဆိုတဲ့သူတွေအတွက် ကာနီဗိုး Diet

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 31/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသားစားရတာ ကြိုက်တယ်ဆိုတဲ့သူတွေအတွက် ကာနီဗိုး Diet

    ကိုယ့်အသိတွေမှာ အသားအရမ်းကြိုက်တဲ့သူရှိလား၊ ဒါမှမဟုတ် ကိုယ်တိုင်ကရော အသားမှ အသားပဲ စားချင်တဲ့သူတွေထဲမှာပါလား။ ဒါဆို ခုပြောပြပေးမယ့်ဆောင်းပါးကို သင်စိတ်ဝင်စားမိမှာပါ။ ဒီနေ့ပြောပြပေးမယ့် အကြောင်းအရာကတော့ ကာနီဗိုး Diet (Carnivore Diet) ရဲ့ အကျိုးကျေးဇူးတွေ၊ ဆောင်ရန်၊ ရှောင်ရန်နဲ့ သိထားသင့်တဲ့ အရာတွေပဲ ဖြစ်ပါတယ်။

    ကာနီဗိုး Diet ဆိုတာဘာလဲ။

    အသားနဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေကိုပဲ စားပေးရတာဖြစ်ပြီး တခြားအစားအစာမှန်သမျှ လုံးဝရှောင်ရတဲ့ dietဖြစ်ပါတယ်။ ဒီနည်းလမ်းက ကိုယ်အလေးချိန်ကို ကျစေပြီး ကြွက်သားတက်မြန်စေတယ်။ စိတ်ခံစားချက်ကို တည်ငြိမ်စေပြီး သွေးတွင်းသကြားဓာတ်ကို ပုံမှန်လည်ပတ်စေတယ်လို့ ဆိုကြပါတယ်။ တခြားအစားအစာကနေ ကိုယ်ခန္ဓာအတွက် မကောင်းတဲ့ ကာဗိုဟိုက်ဒြိတ်တွေကို ရှောင်ဖို့နဲ့ ကြွက်သားထု အလျင်အမြန်တက်စေဖို့ ရည်ရွယ်ချက်နဲ့ ကာနီဗိုး Diet ကို တီထွင်ခဲ့ကြတာ ဖြစ်ပါတယ်။

    ဒါပေမယ့် လေ့လာတွေ့ရှိချက်အရ ဒီနည်းလမ်းဟာ ရေတိုအတွက်သာ အဆင်ပြေပြီး ရေရှည်လုပ်မယ်ဆိုရင်တော့ တခြားအစားအစာကနေ အာဟာရဓာတ်တွေ ရတာနည်းသွားနိုင်တဲ့အပြင် ကိုယ်ခန္ဓာအတွက် ဆိုးကျိုးပိုဖြစ်စေနိုင်တယ်လို့ တွေ့ရှိရပါတယ်။

    ကာနီဗိုး Diet မှာ ဘာတွေပါဝင်လဲ။

    အမဲသား၊ ကြက်သား၊ ဝက်သား၊ သိုးသား၊ ကြက်ဆင်သား၊ တိရစ္ဆာန်တွေရဲ့ ကိုယ်တွင်းကလီစာတွေ၊ ဂဏန်း၊ ပုစွန်၊ ဆော်လ်မွန်ငါး၊ ဆာဒင်းငါး၊ ချိစ်၊ ထောပတ်၊ ရိုးတွင်းခြင်ဆီ၊ ဥအမျိုးမျိုး၊ နို့သကြားဓါတ်နည်းတဲ့ ဒိန်ချဉ်၊ နွားနို့တွေကို နေ့စဉ် များများစားပေးရမှာဖြစ်ပါတယ်။ အရည်အနေနဲ့ ရေနဲ့ ကြက်စွပ်ပြုတ်ကိုသာ အဓိကသောက်ပေးရမှာဖြစ်ပါတယ်။

    ကာနီဗိုး Diet စားသူတွေ ဘာရှောင်ဖို့ လိုလဲ။

    ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံ၊ အစေ့အဆန်တွေ၊ အခွံမာသီး၊ ပဲအမျိုးမျိုး၊ ဂျုံတွေ၊ အချိုများတဲ့ မုန့်တွေကို လုံးဝရှောင်ဖို့ လိုပါတယ်။ နို့သကြားဓာတ်များတဲ့ နွားနို့၊ ဒိန်ချဉ်တွေ၊ ဆန်၊ ပေါင်မုန့်၊ အရက်၊ ဘီယာ၊ သကြား၊ ကော်ဖီ၊ လက်ဖက်ရည်၊ သစ်သီးဖျော်ရည်တွေအကုန် ရှောင်ရမှာပါ။

    ဘာအတွက် ကာနီဗိုး Diet ကို စားသုံးကြတာလဲ။

    • ပရိုတင်းပမာဏ အများဆုံးရစေဖို့
    • ကိုယ်ခန္ဓာ ကြွက်သားထုတက်စေဖို့
    • ကယ်လိုရီလောင်ကျွမ်းမှု မြန်စေဖို့
    • ဇီဝကမ္မဖြစ်စဉ်တွေကို လျင်မြန်စွာ ပြောင်းလဲစေဖို့
    • ကာဗိုဟိုက်ဒြိတ်လို့ ခေါ်တဲ့ ကစီဓာတ်ကို လုံးဝဖယ်ရှားပစ်ဖို့
    • တစ်နေ့တာ ကုန်ဆုံးသွားတဲ့ အားအင်တွေကို အမြန်ဆုံး ဖြည့်တင်းပေးဖို့
    • လန်းဆန်းတက်ကြွနေပြီး အားအင်အပြည့်ရှိစေဖို့
    • ကိုယ်အလေးချိန်နဲ့ အဆီပိုတွေ ကျစေဖို့
    • စိတ်ကျရောဂါ၊ စိုးရိမ်ပူပန်လွန်ကဲစိတ် အစရှိတဲ့ စိတ်ကျန်းမာရေးပြဿနာတွေကို လျော့နည်းစေဖို့
    • ပိုမိုကောင်းမွန်သော စိတ်ခံစားချက်တွေကို ဖြစ်စေဖို့ အစရှိတဲ့ ရည်ရွယ်ချက်တွေနဲ့ ဒီ Diet ကို ကျင့်သုံးကြပါတယ်။

    ကာနီဗိုး Diet ရဲ့ ကောင်းကျိုးတွေ

    ၁။ အသားကလွဲပြီး ကျန်တဲ့ အစားအစာတွေကို လုံးဝရှောင်ဖို့လိုတဲ့ ဒီ Diet မှာလည်း သူ့ဟာနဲ့သူတော့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဥပမာ အချိုများတဲ့ အစားအစာတွေ၊ ကိတ်မုန့်၊ သကြားလုံး၊ ဘီစကွတ်၊ ကွတ်ကီး၊ ဆိုဒါအအေးတွေ၊ ဖျော်ရည်တွေကို လုံးဝရှောင်လိုက်ရတဲ့အတွက် နာတာရှည်ရောဂါ (ဥပမာ ဆီးချိုရောဂါ) ဖြစ်နိုင်ခြေ နည်းသွားပါတယ်။

    ၂။ ပရိုတင်းကို အခြေခံပြီး စားသုံးတဲ့ Diet ဖြစ်တာမို့ မလိုအပ်တဲ့ ကစီဓာတ်တွေကို ဖယ်ထုတ်ပေးတယ်။ ကိုယ်အလေးချိန်ကို ကျစေပြီး ကြွက်သားတက်မြန်ချင်တဲ့ အမျိုးသားတွေအတွက် တော်တော်လေး အဆင်ပြေပါတယ်။

    ၃။ အသားတွေဟာ ဗိုက်ကို ပြည့်ဝစေတဲ့အတွက် တစ်ခါစားပြီးတာနဲ့ ထပ်စားဖို့ အချိန်အနည်းငယ် ယူရပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကျချင်တဲ့သူတွေအနေနဲ့ အဆင်ပြေပါတယ်။ ဒါ့အပြင် ပရိုတင်းဓာတ်ဟာ ကိုယ်ခန္ဓာကြွက်သားထုကို တက်စေတယ်။

    ကာနီဗိုး Dietရဲ့ မကောင်းတဲ့ဆိုးကျိုးတွေက ဘာတွေလဲ။

    ၁။ အသားနဲ့ တိရစ္ဆာန်ထွက်ပစ္စည်းတွေဟာ အဆီဓာတ်နဲ့ ကိုလက်စထရောပါဝင်မှုများလွန်တာကြောင့် နှလုံးရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေတယ်။ ဆိုဒီယမ်ပါဝင်မှုများခြင်းဟာ သွေးတိုးအပြင် ကျောက်ကပ်နဲ့ တခြားကိုယ်တွင်းအင်္ဂါမှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

    ၂။ အသားကလွဲပြီး ကျန်တဲ့အစားအစာတွေကို ရှောင်ရတာဖြစ်တဲ့အတွက် ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ တခြားဗီတာမင်နဲ့ အာဟာရဓာတ်တွေ နည်းသွားပါတယ်။ ဒီအတွက် ဖြည့်စွက်အားဆေးကို သောက်ပေးလို့ရတယ်ဆိုပေမယ့် ကိုယ်ခန္ဓာက အစားအစာကရတဲ့ အာဟာရကို ပိုပြီးစုပ်ယူရတာ လွယ်ကူတာမို့ ရေရှည်မှာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

    ၃။ အသားတွေမှာ အမျှင်ဓာတ်အလွန်နည်းတဲ့အတွက် အစာအိမ်က ပိုပြီးအလုပ်လုပ်ရပါတယ်။ ဒီအခါ အစာချေဖျက်တာ နှေးလာမယ်။ ဝမ်းချုပ်တာ၊ အစာဟောင်းတွေ အများကြီးကျန်နေတာဖြစ်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့ အသားကို သေချာကျက်အောင် မချက်ထားတဲ့အခါ သူ့ဆီက ဘက်တီးရီးယားပိုးတွေက အစာအိမ်ထဲကို ရောက်သွားပြီး အစာအိမ်ရောင်တာ၊ အူမကြီးကင်ဆာတွေပါ ဖြစ်လာနိုင်ပါတယ်။

    ၄။ နဂိုကျောက်ကပ်မကောင်းတဲ့ သူတွေ၊ ကျန်းမာရေးအခြေအနေအရ ပရိုတင်းဓာတ်ကို သတ်မှတ်ပြီး စားဖို့ လိုအပ်တဲ့သူတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ၊ ကလေးငယ်တွေအတွက် ဒီ Diet ဟာ အဆင်ပြေနိုင်မှာ မဟုတ်ပါဘူး။

    ကာနီဗိုး Dietအကြောင်း အကျဉ်းချုပ်

    ဒီ Diet ဟာ ကိုယ်နေ့စဉ်စားသုံးတဲ့ အစားအစာကို သေချာရွေးချယ်စားဖို့ လိုတဲ့အပြင် အသားနဲ့ နို့သကြားဓာတ်နည်းတဲ့ နို့ထွက်ပစ္စည်းတွေ၊ တိရစ္ဆာန်ထွက်ပစ္စည်းတွေကိုသာ အဓိကစားပေးရမှာဖြစ်ပြီး ကျန်တဲ့ အစားအစာမှန်သမျှ ရှောင်ဖို့ လိုအပ်ပါတယ်။ ကိုယ်အလေးချိန်ကျဖို့၊ ကြွက်သားတက်ဖို့အတွက် အဓိက ရည်ရွယ်ထားတာဖြစ်ပေမယ့် ရေရှည်အတွက်တော့ ကျန်းမာရေးအတွက် ဆိုးကျိုးပိုများစေနိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 31/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement