backup og meta

အစာအငတ်ခံ ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစာအငတ်ခံ ခြင်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

    အစာအငတ်ခံ တယ်ဆိုတာထက် အစာကို အချိန်ပိုင်းနဲ့ စည်းစနစ်တကျ စားတယ်လို့ပဲ ပြောရမလား။ Intermittent fasting လို့ ခေါ်တဲ့ IFဟာ ဝိတ်ချသူတွေကြား တော်တော်လေး ခေတ်စားလာပါတယ်။ IF နဲ့ နေလိုက်တဲ့အခါ ဝိတ်လည်း ကျလာတယ်။ နေရတာလည်း ပေါ့ပေါ့ပါးပါး ရှိလာတယ်လို့ ပြောကြသူတွေလည်း ရှိပါတယ်။ အစာကို စည်းနဲ့ ကမ်းနဲ့ စားလာတတ်သလို အရင်ကလောက်လည်း စားချင်စိတ် မဖြစ်မိဘူးလို့ ဆိုကြပါတယ်။ ဒီအကြောင်းကို နည်းနည်းလေး လေ့လာကြည့်ရအောင်။

    Intermittent fasting ဆိုတာ ဘာလဲ။

    Intermittent fastingဆိုတာက အချိန်အပိုင်းအခြားနဲ့ စားတာာမျိုးပါ။ တစ်နေ့ ၂၄နာရီမှာ ဘယ်နာရီအတွင်းကတော့ စားမယ်၊ ဘယ်နာရီအတွင်းမှာတော့ မစားဘဲ နေမယ်ဆိုပြီး ဆုံးဖြတ်ထားကြတာပါ။ အချိန်အပိုင်းအခြားတွေထဲမှာ အသုံးအများဆုံးကတော့ ၁၆း၈ကို ၅း၂နဲ့ စားတာပါပဲ။ ဆိုလိုတာက တစ်နေ့ ၂၄နာရီမှာ ၁၆နာရီကိုတော့ မစားဘူး။ ကျန်တဲ့ ၈နာရီအတွင်းမှာပဲ စားမယ်ပေါ့။ ဒါမျိုးကို တစ်ပတ်မှာ ပုံမှန်စားတာ ၅ရက် Intermittent fastingနဲ့ နေတာက ၂ရက်ဆိုပြီး လုပ်လာကြပါတယ်။

    ဒီနေရာမှာ ကို မစားဘဲနေမယ့် ၁၆နာရီနဲ့ စားမယ့် ၈နာရီကို ကြိုက်သလို သတ်မှတ်လို့ရတယ်ဆိုပေမယ့် ပညာရှင်တွေ အကြံပေးတာကတော့ စားမယ့် ၈နာရီထဲမှာ မနက်စာ ပါရင် ပိုကောင်းပါတယ်။ နောက်ပြီး နောက်ဆုံးအစာစားချိန်က အိပ်ချိန်နဲ့ ၂နာရီ ၃နာရီ ခွာထားရင် ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သာမန်အားဖြင့်လည်း metabolismက ညဘက်ဆို ပိုပြီးနှေးလာတဲ့အတွက် ကယ်လိုရီလောင်ဖို့ ပိုနှေးပါတယ်။ မနက်စာကတော့ တစ်နေ့တာအတွက် အရေးကြီးဆုံးဖြစ်တဲ့အတွက် စားလိုက်တာက ပိုကောင်းပါတယ်။

    ဒါကြောင့် ဥပမာ ပေးရမယ်ဆိုရင် မနက် ၉နာရီလောက်ကနေ ညနေ၅နာရီလောက်ထိ ၈နာရီအတွင်းမှာ စားနိုင်ပြီး ညနေ ၅နာရီနောက်ပိုင်းကနေ  နောက်နေ့ မနက် ၉နာရီမတိုင်ခင်အထိ ဘာမှ စားလို့မရပါဘူး။ ဒီလိုမျိုးဆို အဆင်ပြေပါတယ်။ အပေါ်က အချက်တွေနဲ့လည်း ကိုက်ပါတယ်။ ဒါက ဥပမာပေးထားတာပါ။ ကိုယ်အဆင်ပြေသလို ချိန်ညှိစားလို့ရပါတယ်။

    နောက်တစ်ခုက စားတဲ့ ၈နာရီအတွင်းမှာလည်း  အသားကုန် သွပ်ထိုးပြီး မစားရပါဘူး။ ကယ်လိုရီများတာတွေ၊ အဆီများတာတွေ မစားရပါဘူး။ အသီးအရွက်များများ၊ အသားများများ၊ ဥတွေ၊ ပဲတွေ စားပေးရမှာပါ။ ကယ်လိုရီကိုတော့ တွက်ပြီး စားပေးပေါ့။ မဟုတ်ရင် ၈နာရီထဲ စားပေမယ့် ဝိတ်မကျဘဲ နေပါမယ်။ ဘာမှမစားတဲ့ ၁၆နာရီအတွင်းမှာလည်း အဆာခံအောင် ရေဓာတ်ပြည့်ဝအောင် ရေများများသောက်ပေးပါ။ အချိုလျှော့ထားတဲ့ ကော်ဖီတွေ၊ လက်ဖက်ရည်တွေ သောက်လို့ ရပါတယ်။ နို့လည်း သောက်ချင် သောက်နိုင်ပါတယ်။ ဒီလိုမှပဲ နည်းစနစ်မှန်မှန်နဲ့ ဝိတ်ကျလာမှာပါ။

    Intermittent fastingရဲ့ ကျန်းမာရေး ကောင်းကျိုးတွေ

    • ခန္ဓာကိုယ်ထဲက ဆဲလ်တွေ၊ မျိုးဗီဇတွေ၊ ဟော်မုန်းတွေရဲ့ လုပ်ဆောင်ချက်တွေ  ပြောင်းလဲလာတယ်။

    ဘာမှမစားတဲ့အချိန်အတွင်းမှာ ခန္ဓာကိုယ်မှာ ပြောင်းလဲသွားတာတွေ  အများကြီးပါ။ အင်ဆူလင်တွေ နည်းသွားလို့ အဆီတွေ ပိုလောင်ကျွမ်းလာတယ်။ Growth hormoneတွေ ထွက်လာလို့ အဆီတွေလောင်ပြီး ကြွက်သားတွေ တက်လာမယ်။ ဆဲလ်တွေထဲက အညစ်အကြေးတွေလည်း ထွက်သွားတယ်။ မျိုးဗီဇတွေ ပြောင်းလဲလာလို့ အသက်ပိုရှည်ပြီး တချို့ ရောဂါတွေ  မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်။

    • ဝိတ်လည်းကျပြီး ဗိုက်ကအဆီတွေလည်း နည်းသွားမယ်။

    လူအများစု IF လုပ်တာက ဝိတ်ကျချင်လို့ပါ။ တကယ်လည်း ကျပါတယ်။ ဒါ့ပြင် မစားဘဲနေတဲ့ အချိန်မှာ အဆီတွေကို သုံးနေတော့ ရေရှည်မှာ ဗိုက်ကအဆီတွေပါ ကျပါတယ်။

    • အင်ဆူလင် ခုခံနိုင်စွမ်းကို နည်းစေလို့ အမျိုးအစား ၂ ဆီးချို ရောဂါကို ကာကွယ်ပေးတယ်။

    Intermittent fasting ကြောင့် အင်ဆူလင် နည်းသွားရုံသာမက အင်ဆူလင် ခုခံနိုင်စွမ်းပါ ကျသွားပါတယ်။ ဒါကြောင့် ဆီးချို ရောဂါ ဖြစ်နိုင်ချေလည်း နည်းသွားတာပေါ့။

    • ဆဲလ်များ ဓာတ်တိုးခြင်းနဲ့ ရောင်ရမ်းခြင်းကို သက်သာစေတယ်။

    ဆဲလ်တွေ ဓာတ်တိုးလေလေ အရွယ်မတိုင်ခင် အိုမင်းဖို့ လွယ်လေလေပါပဲ။ Intermittent fasting လုပ်ပေးတာက ဆဲလ်တွေမှာ ဓာတ်တိုးတာကို သက်သာစေလို့ အိုမင်းတာကို နှေးစေတဲ့အပြင် တချို့သော ရောဂါတွေကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

    • နှလုံးရောဂါကို ကာကွယ်ပေးတယ်။

    Intermittent fastingကြောင့် သွေးဖိအားတွေ နည်းလာတယ်။ သွေးထဲမှာ ကိုလက်စထေရောတွေ၊ မကောင်းတဲ့ အဆီဓာတ်တွေ၊ သကြားဓာတ်တွေ နည်းသွားတဲ့အတွက် နှလုံးရောဂါ ဖြစ်နိုင်ချေပါ နည်းသွားပါတယ်။

    • ဆဲလ်ထဲက အညစ်အကြေးတွေ သန့်စင်ပေးတယ်။

    အဆာခံနေတဲ့အချိန်မှာ ဆဲလ်တွေက autophagy လို့ခေါ်တဲ့ နည်းလမ်းနဲ့ ဆဲလ်ထဲက အညစ်အကြေးတွေကို ရှင်းထုတ်ပစ်ပါတယ်။ ဒီလို လုပ်တာက ကင်ဆာနဲ့ အယ်လ်ဇိုင်းမားရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။

    • ဦးနှောက်စွမ်းဆောင်ရည်ကို ကောင်းစေတယ်။

    IFရဲ့ ဆဲလ်တွေ ဓာတ်တိုးတာကို ကာကွယ်နိုင်တဲ့ သတ္တိတွေ၊ ဆဲလ်ရောင်ရမ်းတာကို သက်သာစေတာတွေ၊ သွေးတွင်းသကြားဓာတ် နည်းစေတာတွေနဲ့ အင်ဆူလင် ခုခံနိုင်စွမ်း နည်းစေတာတွေက ဦးနှောက်စွမ်းရည်ကို မပျက်စီးစေဖို့ ကူညီပေးပါတယ်။ ဒါ့ပြင် ဦးနှောက်ဆဲလ်အသစ်တွေကိုလည်း ဖြစ်ပါတယ်။ စိတ်ကျရောဂါနဲ့ တခြားသော စိတ်ရောဂါတွေမှာ ချို့တဲ့တတ်တဲ့ BDNF ဓာတ်ကိုလည်း များစေပါတယ်။

    ဒီလောက်ဆိုရင်တော့ အချိန်ပိုင်း အစာအငတ်ခံ ခြင်း IFရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေကို သိလောက်ပါပြီ။ ဝိတ်ကျရုံတင်မကဘဲ တခြားကျန်းမာရေး အကျိုးကျေးဇူးတွေလည်း ရှိတာကြောင့် နည်းမှန်လမ်းမှန်နဲ့ စလုပ်ကြည့်ဖို့ အကြံပြုလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 08/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement