backup og meta

ခန္ဓါကိုယ်အမျိုးအစားအလိုက် diet လုပ်နည်းများ


Dr. Yee Mon Lwin မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခန္ဓါကိုယ်အမျိုးအစားအလိုက် diet လုပ်နည်းများ

    လူတစ်ယောက်နဲ့ တစ်ယောက်ဟာ ခန္ဓါကိုယ်အချိုးအစားတွေမတူကြသလို ဖြစ်ချင်တဲ့ ခန္ဓါကိုယ်ပန်းတိုင်တွေကလည်းမတူကြပါဘူး။

    တချို့က ပိန်ချင်တယ်၊ ကြွက်သားတွေနဲ့ကျစ်လျစ်ချင်တယ်၊ တချို့ကျတော့လည်း လက်ရှိကိုယ်အလေးချိန်ကို ဆက်လက်ထိန်းသိမ်းထားချင်တယ်၊ ယောက်ျားလေးတွေဆိုရင် ကြွက်သားကြီးချင်တယ် စသဖြင့်ဖြစ်ချင်တာတွေအမျိုးမျိုးပေါ့။

    ပန်းတိုင်မတူကြတဲ့အချိန်မှာ သူများလုပ်နေတဲ့လေ့ကျင့်ခန်းမျိုး စားနေတဲ့အစားအသောက်မျိုးကို ကိုယ်ကသေချာမသိဘဲ လိုက်လုပ်ရင် ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုရောက်မှာမဟုတ်ပါဘူး။

    လုပ်နေတဲ့ Diet တွေအောင်မြင်ဖို့ လေ့ကျင့်ခန်းတွေထိရောက်ဖို့အတွက် မိမိခန္ဓါကိုယ်က ဘယ်လိုပုံစံလဲဆိုတာသိဖို့ အရေးကြီးပါတယ်။

    ခန္ဓါကိုယ်အချိုးအစားဟာ အကြမ်းဖျင်းအားဖြင့် သုံးမျိုးရှိပါတယ်။

    Ectomorph

    ပထမတစ်မျိုးကတော့ Ectomorph ပါ။

    သူငယ်ချင်းတွေထဲမှာ ဘယ်လောက်စားစားမဝတဲ့သူမျိုး တွေ့ဖူးမှာပေါ့။ ဒီလိုအချိုးအစားပိုင်ရှင်တွေကို လူအများက အားကျကြသလို သူတို့ကိုယ်တိုင်ကလည်း ဝချင်တယ်ဆိုတဲ့ စိတ်ဆန္ဒရှိတတ်ကြပါတယ်။

    Ectomorph လေးတွေဟာ ပုခုံး၊တင်ပါးတွေကျဉ်းပြီး ခြေတံလက်တံရှည်ပါတယ်။ အရိုးအဆစ်တွေဟာ သေးငယ်ပြီး ခန္ဓါကိုယ်အဆီပမာဏနည်းတဲ့သူတွေဖြစ်ကြပါတယ်။

    ဟောလီးဝုဒ်မင်းသမီး ကင်မရွန် ဒိုင်ယက်ဇ်၊ မင်းသား ဘရက်ပစ် နဲ့ မော်ဒယ် ကိတ်မော့စ် တို့ကို ectomorph ခန္ဓါကိုယ်အမျိုးအစားအဖြစ်ဥပမာ ပြလို့ရပါတယ်။

    Ectomorph လေးတွေဘာစားသင့်လဲ။

    ထမင်း၊ ပေါင်မုန့်စားတဲ့ ကစီဓါတ် (carbohydrates) အသားဓါတ် (protein) တွေကိုပိုစားသင့်ပါတယ်။ အဆီကိုတော့ ပိန်တယ်ဆိုပြီး အလွန်အကြူးမစားသင့်ပါ။ သွေးတွင်းအဆီ (Cholestrol) တက်လာနိုင်ပါတယ်။

    ဘယ်လိုလေ့ကျင့်ခန်းတွေလုပ်သင့်လဲ။

    အဆီတက်ဖို့ခက်တဲ့ ခန္ဓါကိုယ်ဖြစ်သလို ကြွက်သားတက်ဖို့လည်း ခက်ခဲပါတယ်။

    ဝိတ်တင်ချင်တဲ့သူဖြစ်ရင်တော့ အလေးများများကို အခေါက်ရေနည်းနည်းသာ မ ရပါမယ်။ ပြေးစက်ပေါ်မှာပြေးတာ၊ စက်ဘီးနင်းတာစတဲ့ နှလုံးခုန်နှုန်းမြန်စေတဲ့ လေ့ကျင့်ခန်းတွေကိုတော့ လျှော့ကစားသင့်ပါတယ်။ တစ်ရက်ထဲမှာ အချိန်အကြာကြီး မဆော့မိဖို့လည်း သတိထားရပါမယ်။

    Endomorph

    Endomorph ကတော့ Ectomorph နဲ့လုံးဝပြောင်းပြန်ပါ။ အသက်ရှုလိုက်ရင်တောင် ဝိတ်တက်တယ်ဆိုတဲ့သူမျိုးတွေပေါ့။

    သူတို့ရဲ့ ခန္ဓါကိုယ်အချိုးအစားကို ကြည့်မယ်ဆိုရင် ခန္ဓါကိုယ်က ဘေးကိုပြန့်ကားတယ် ခန္ဓါကိုယ်အောက်ပိုင်းမှာ အဆီပိုစုတတ်ပြီး လက်တံခြေတံတွေ တိုတိုတုတ်တုတ်ဖြစ်တတ်ပါတယ်။ အဆီပမာဏကလည်းများတတ်ပါတယ်။

    ဒါကစိတ်ဓါတ်ကျစရာမဟုတ်ပါဘူး။ ကမ္ဘာကျော် ပေါ့ပ် ဘုရင်မ ဂျန်နီဖာလိုပက်ဇ်က Endomorph ခန္ဓါကိုယ်အမျိုးအစားဖြစ်ပါတယ်။ သူမဟာ အသက် ၅၀ ရောက်တဲ့အထိ လေ့ကျင့်ခန်းမှန်မှန်လုပ်ပြီး အစားအသောက်ထိန်းတဲ့အတွက် အများအားကျရတဲ့ အဆီကင်းတဲ့ ဂီတာရှိတ်ခန္ဓါကိုယ်လေးကို ပိုင်ဆိုင်ထားပါတယ်။

    Endomorph လေးတွေ ဘာစားမလဲ။

    ကစီဓါတ်ကို တတ်နိုင်သလောက် ရှောင်ပြီး အသားဓါတ်များများပိုစားသင့်ပါတယ်။

    ဘယ်လိုလေ့ကျင့်ခန်းတွေလုပ်သင့်လဲ။

    ခန္ဓါကိုယ်ရဲ့ အဆီပမာဏကို လျှော့ချဖို့အတွက် နှလုံးခုန်နှုန်းမြန်စေတဲ့ လေ့ကျင့်ခန်း (cardio) ကိုအဓိကထားလုပ်သင့်ပါတယ်။ အဆီကျပြီး အသားကျစ်လျစ်ဖို့အတွက်လည်း အလေးမ အားကစားကို အလေးနည်းနည်းကို အခေါက်ရေများများနဲ့ ကစားသင့်ပါတယ်။ အဆီနေရာတွေမှာ ကြွက်သားတွေနဲ့အစားထိုးဖို့ပါ။

    Mesomorph

    နောက်ဆုံးအမျိုးအစား mesomorph ကိုပိုင်ဆိုင်ထားတဲ့သူတွေကတော့ ကံအကောင်းဆုံးလို့ပြောလို့ရပါတယ် အားကစားသမား အများစုဟာ mesomorph ခန္ဓါကိုယ် ကိုပိုင်ဆိုင်ထားသူတွေပါ ခါးနေရာမှာ သိမ်ပြီး ခြေတံလက်တံတွေဟာ ကြွက်သားတွေနဲ့ ကျစ်လျစ်နေတတ်ပါတယ် အဆီပါဝင်မှုပမာဏနည်းပြီး ကြွက်သား အလွယ်တကူတည်ဆောက်ဖို့အတွက် အခြေခံအုတ်မြစ်ကို ခန္ဓါကိုယ်မှာ ပါပြီးသားပါ။

    မင်းသားကြီး အာနိုးနဲ့ တင်းနစ်မယ် မာရီယာ ရှာရာပိုဗာတို့ ဆိုရင် လည်း mesomorph ခန္ဓါကိုယ်အမျိုးအစားပိုင်ရှင်တွေပဲ ဖြစ်ပါတယ်။

    Mesomorph လေးတွေ ဘာတွေစားမလဲ။

    အစာအုပ်စု သုံးအုပ်စုလုံး မျှတအောင်စားပေးရပါတယ်။ ခန္ဓါကိုယ်ဆက်ထိန်းထားဖို့ပါ။

    ဘယ်လိုလေ့ကျင့်ခန်းလုပ်မလဲ။

    နှလုံးခုန်နှုန်းမြန်စေတဲ့ လေ့ကျင့်ခန်း (cardio) နဲ့ အလေးမ အားကစား (strength training) ကိုရောပြီးကစားရပါမယ် အလေးမတာကိုတော့ ကျစ်လျစ်ချင်တာလား ကြွက်သား ပိုကြီးချင်တာလား အပေါ်မူတည်ပြီး အလေး အတိုးအလျှော့လုပ်ပြီး ကစားနိုင်ပါတယ်။

    ခန္ဓါကိုယ်တိုင်းက လှပပါတယ် (Each body is beautiful) ဆိုတဲ့ ဆောင်ပုဒ်ရှိသလို အမြင်လှဖို့သက်သက်မဟုတ်ဘဲ ကျန်းမာရေးအတွက် အစားအသောက်ထိန်းတာနဲ့ လေ့ကျင့်ခန်းကို ပုံမှန်လုပ်သင့်ပါတယ်။ Gym သွားပြီး လိုချင်တဲ့ ခန္ဓါကိုယ်ရမလာဘူး၊ အစားလျှော့တာပဲ မပိန်သွားဘူးဆိုတာမျိုး မဖြစ်စေဖို့အတွက် ကိုယ်ခန္ဓါကိုယ်အချိုးအစားပေါ်မူတည်ပြီး နေထိုင်စားသောက်တတ်အောင် ဒီစာလေးကိုဝေမျှလိုက်ရပါတယ်။

    Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Yee Mon Lwin မှ ရေးသားသည်။ · 30/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement