backup og meta

ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ချို့တဲ့နေကြောင်း ဘယ်လိုသိနိုင်မလဲ။ ဘာတွေပြန်စားပေးရမလဲ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 04/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ချို့တဲ့နေကြောင်း ဘယ်လိုသိနိုင်မလဲ။ ဘာတွေပြန်စားပေးရမလဲ ။

    လူတစ်ယောက်နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေဆိုတာ အသက်အရွယ်၊ ကိုယ်ခန္ဓါအချိုးအစားနဲ့ ယောက်ျား မိန်းမပေါ်မူတည်ပြီး ပြောင်းလဲနေတာပါ။ ပုံသေမရှိပါဘူး။ ပြီးတော့ လူတွေဟာ အာဟာရမျှတအောင် စားဖို့ထက် ကိုယ်ကြိုက်တာတွေပဲ ပိုစားနေကြသူချည်းပါပဲ။ ဒါကြောင့် နေ့တိုင်း အစားစားနေပေမယ့်လည်း ဗီတာမင်နဲ့ သတ္တုဓါတ်တွေအကုန်ပြည့်အောင် မရနိုင်ကြပါဘူး။ ဒီလိုနဲ့ ကြာလာတဲ့အခါ ဗီတာမင် နဲ့ သတ္တုဓါတ် ချို့တဲ့တာတွေဖြစ်လာပါတယ်။ ဒါဆိုရင် ကိုယ်ထဲမှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ချို့တဲ့နေကြောင်း ဘယ်လိုသိနိုင်မလဲ။ ဘာတွေပြန်စားပေးရမလဲ ။ ဆိုတာကို သိထားဖို့တော့ လိုမယ်နော်။

    ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ချို့တဲ့နေကြောင်း ဘယ်လိုသိနိုင်မလဲ။ ဘာတွေပြန်စားပေးရမလဲ ။

    ဒါဆို ကိုယ့်မှာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ချို့တဲ့နေကြောင်း ဘယ်လိုသိနိုင်မလဲ။ ဘာတွေပြန်စားပေးရမလဲ ။

    ကိုယ်နေ့တိုင်း အစားစားနေပေမယ့် ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ချို့တဲ့တာတွေ ဖြစ်နိုင်သေးတဲ့အတွက် ကိုယ့်မှာ ဘာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေချို့တဲ့နေပြီလဲဆိုတာ သိနိုင်ဖို့ ဒီအချက်လေးတွေ ဖတ်ကြည့်စေချင်ပါတယ်။

    ဗီတာမင် A ။ ။ ဗီတာမင် A ချိုတဲ့နေရင် အရေပြားမှာ ကြာဆူးတွေပေါက်လာမယ်။ ညဘက်ရောက်ရင် မျက်လုံးကသိပ်ကြည့်မကောင်းတော့ဘူး။ လက်သည်းတွေမှာလည်း အစင်းကြောင်းတွေပေါ်လာမယ်။ အဲဒီအခါကျရင် ဗီတာမင် A ကြွယ်ဝတဲ့ အစားအစာတွေဖြစ်တဲ့ မုန်လာဥနီ၊ ဟင်းနုနွယ်နဲ့ ရွှေဖရုံသီးတို့ကိုစားပေဖို့လိုပါတယ်။

    ဗီတာမင် B ။ ။ ဗီတာမင် B တွေထဲမှာမှ ဗီတာမင် B12 နဲ့ B1 ချို့တဲ့တာ အဖြစ်များပါတယ်။ ဗီတာမင် B 12 ချို့တဲ့ရင် အာရုံကြောတွေအားနည်းလာတဲ့အတွက် ခြေတွေလက်တွေထုံကျင်နေတတ်ပါတယ်။ သွေးအားနည်းတာမျိုးလည်းဖြစ်တတ်ပြီး လူကနုန်းနေတတ်ပါတယ်။ ဒါကြောင့် ဗီတာမင် B12 ကြွယ်ဝတဲ့အစားအသောက်တွေဖြစ်တဲ့ အနီရောင်ရှိတဲ့အသားတွေ ( အမဲသား၊သိုးသား) ၊ဥ အမျိုးမျိုးနဲ့ နို့သောက်ပေးဖို့လိုအပ်ပါတယ်။ ဗီတာမင် B1 ချို့တဲ့သူတွေကတော့ အရက်သမားအများစုနဲ့ အစားရှောင်တဲ့ နို့တိုက်မိခင်ရဲ့ နို့စို့အရွယ် ရင်သွေးလေးတွေပါ။ ပုံမှန်လူတွေကတော့ ဗီတာမင် B1 ကြွယ်ဝတဲ့ထမင်းနေ့စဉ်စားနေတဲ့အတွက် B1 ချို့တဲ့စရာအကြောင်းတော့ သိပ်မရှိပါဘူး။ ။

    ဗီတာမင် C ။ ။ ကိုယ်သွားတိုက်လိုက်ရင် သွားဖုံးမှာသွေးတွေထွက်လာတယ်။ သွားဖုံးရောင်နေတယ်။ အနာတွေလည်း အကျက်နှေးတယ်။ ကိုယ်ခံအားမကောင်းလို့ ခဏခဏဖျားနေပြီဆို ဗီတာမင် C ချို့တဲ့နေတာ ဖြစ်နိုင်ပါတယ်။ ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေကတော့ ချဉ်တဲ့ အသီးအနှံတွေ အကုန်ဖြစ်ပါတယ်။ သံပုရာသီး၊ လိမ္မော်သီး၊ ဘယ်ရီသီး၊ ခရမ်းချဉ်သီး။

    ဗီတာမင် D ။ ။ ဗီတာမင် D ဆိုတာ အရိုးသန်မာဖို့အတွက် အဓိကလိုအပ်တဲ့ ဗီတာမင်တစ်ခုဖြစ်တဲ့အတွက် သူချို့တဲ့ရင် ကလေးတွေမှာဆို အရိုးပျော့ရောဂါ၊ အရိုးခွင်ရောဂါတွေဖြစ်နိုင်ပြီး လူကြီးတွေမှာဆို အရိုးပါးတာတွေဖြစ်တတ်ပါတယ်။ ဗီတာမင် D ကို မနက်ပိုင်း ၇ နာရီကနေ ၁၀ အတွင်းထွက်တဲ့ နေရောင်ခြည်ကနေ အဓိက ရနိုင်ပါတယ်။ ဝယ်စရာမလိုတဲ့အတွက် ပိုက်ဆံမကုန်ဘူးနော်။ ။

    ဗီတာမင် E ။ ။ ဗီတာမင် E ကတော့ အသားအရေလှပအောင်လုပ်ပေးတဲ့နေရာမှာ ဆရာတစ်ဆူဖြစ်တဲ့ အတွက် သူချို့တဲ့နေရင် အသားအရေတွေ မွဲခြောက်လာပြီး စိုပြေမှု မရှိနိုင်တော့ပါဘူး။ ဒါ့အပြင် မျက်လုံးတိမ်စွဲတာကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။ အစေ့အဆံတွေဖြစ်တဲ့ ေနကြာစေ့၊ ဗန်ဒါစေ့၊ သစ်ကြားသီးတို့က ဗီတာမင် E ကြွယ်ဝတဲ့ အစားအသောက်တွေပါ။

    ဗီတာမင် K ။ ။ ထိခိုက်ဒဏ်ရာတစ်ခုခုရပြီး သွေးတော်တော်နဲ့ မတိတ်ဘူးဆိုရင်တော့ ဗီတာမင် K ချို့တဲ့နေလို့သာမှတ်လိုက်ပေတော့။ ရေကညွတ်တို့၊ သံလွင်ဆီတို့၊ ပဲပိစပ်တို့မှာ ဗီတာမင် K တွေပါဝင်တဲ့အတွက် ကိုယ့်နေ့စဉ်စားတဲ့ အစားအစာတွေထဲသူတို့ပါအောင်စားပေးပါ။ ။

    ကယ်လ်ဆီယမ်ဓါတ် ။ ။ ကယ်လ်ဆီယမ်ဓါတ် ချို့တဲ့နေတဲ့ သူတစ်ယောက်ရဲ့ အရိုးတွေက ကျိုးလွယ်၊ ပဲ့လွယ်နေတတ်ပါတယ်။ ဒါ့အပြင် ခဏခဏ ကြွက်တက်နေတတ်ပြီး လက်သည်းမျက်နှာပြင်တွေကလည်း ကြမ်းနေပါလိမ့်မယ်။ ဒါကြောင့် ကယ်လ်ဆီယမ်ဓါတ်ကြွယ်ဝတဲ့ အစားအသောက်တွေဖြစ်တဲ့ အရိုးပြုတ်ဟင်းရည်၊ ခေါင်းတစ်ရာသားတို့ကို စားပေးဖို့ လိုပါတယ်။

    သံဓါတ် ။ ။ သံဓါတ်ချို့တဲ့သူတစ်ယောက်ဟာ သွေးအားနည်းနေတတ်လို့ အမြဲလိုလို နုန်းခွေနေတတ်ပါတယ်။ ခြေဖျားလက်ဖျားတွေလည်း အေးစက်နေတတ်ပြီး လူကလည်း ဖြူလျော်နေပါလိမ့်မယ်။ အမဲသား၊ အသည်းအမြစ်နဲ့ ချော့ကလက်တို့ဟာ သံဓါတ်ကြွယ်ဝတဲ့ အစားအစာတွေပါ။

    မဂ္ဂနီဆီယမ် ။ ။ ကြွက်သားတွေတောင့်နေတာမျိုး၊ ခြေထောက်တွေ အားမရှိသလိုမျိုး၊ ခြေထောက်ကို လှုပ်နေချင်တာမျိုး၊ နှလုံးခုန်မြန်လိုက် နှေးသွားလိုက်ဖြစ်တာမျိုးတွေက မဂ္ဂနီဆီယမ် ချို့တဲ့တဲ့ လက္ခဏာတွေပါ။ နို့နဲ့ နို့ထွက်ပစ္စည်းတွေ၊ ထောပတ်သီး၊ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေမှာ မဂ္ဂနီဆီယမ်ဓါတ် ကြွယ်ဝစွာပါပါတယ်။

    ဇင့်ဓါတ် ။ ။ ခုခံအားအတွက် လိုအပ်တဲ့ သတ္တုဓါတ်တစ်ခုဖြစ်တဲ့အတွက် ခဏခဏ နေမကောင်းဖြစ်နေမယ်။ ဝမ်းခဏခဏလျှောနေမယ်၊ ပါးစပ်မှာ အနာတွေပေါက်နေမယ်၊ လက်သည်းမှာ အဖြူပွင့်တွေ ပွင့်နေမယ်ဆို ဇင့်ဓါတ်ချို့တဲ့နေတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဟင်းနုနွယ်၊ ဥအမျိုးမျိုး၊ အမဲသား၊ ပင်လယ်စာ၊နဲ့ မှိုတို့ကို စားပေးဖို့လိုပါတယ်။

    ဒါတွေကတော့ ဗီတာမင်နဲ့ သတ္တုဓါတ်ချို့တဲ့လို့ရှိရင် အဖြစ်များတတ်တဲ့ လက္ခဏာတွေပါ။ ဘယ်လောက်ပဲ အစားတစ်လိုင်းသမားတွေဖြစ်ပါစေ နေ့စဉ်လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အကုန်ကာမိအောင်စားဖို့ဆိုတာ တော်တော်ကို ခက်ခဲတဲ့အရာတစ်ခုဖြစ်နေသေးရင်တော့ ဖြည့်စွက်အားဆေးတွေကို ဆရာဝန်တွေနဲ့ တိုင်ပင်ပြီး သောက်စေချင်ပါတယ် ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 04/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement