backup og meta

အရက်နာကျနေတဲ့ မနက်ခင်းမှာ စားသင့်တဲ့အစားအစာများ


Ye Myo Myat မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အရက်နာကျနေတဲ့ မနက်ခင်းမှာ စားသင့်တဲ့အစားအစာများ

    အရက်နာကျတဲ့ ခံစားချက်က တော်တော်ဆိုးဝါးတယ်ဆိုတာ ကြုံဖူးတဲ့သူတွေပဲ သိကြမှာပါ။ ဒီဘက်ခေတ်ကြီးမှာ ကျား၊ မ မရွေး၊ အသက်အရွယ်မရွေး အရက်ေသာက်လာကြပါတယ်။ အပေါင်းအသင်းတွေနဲ့ ဆုံခိုက်၊ အလုပ်က လုပ်ဖော်ကိုင်ဖက်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ တွေ့ဆုံနေချိန်မှာ အနည်းဆုံးတော့ အရက်လေး ဝင်လိုက်ရမှ အာလေး၊ လျှာလေး သွက်လာပြီး ပိုပျော်ဖို့ကောင်းလာတာပေါ့။

    ကျန်းမာရေးအရ အရက်ဆိုတာ မကောင်းတဲ့အရာတွေထဲမှာ ပါဝင်ပါတယ်။ ဒါပေမယ့်လည်း တစ်ခါတလေဆိုတော့ ဒါတွေကို ဂရုမစိုက်ပဲ သောက်ကြတာပါပဲ။ ညလုံးပေါက် အရက်သောက်ပြီး နောက်နေ့မနက်မှာ အရက်နာကျတဲ့ ခံစားချက်ကတော့ အဆိုးဆုံးပါပဲ။ အရက်ကို ပမာဏတစ်ခုထိ ကျော်လွန်ပြီး သောက်တာကြောင့်ရော အရက်သောက်နည်း မမှန်တာကြောင့် မနက်နိုးလာတဲ့အခါ အရက်နာကျတဲ့ လက္ခဏာကို ကြုံရပါတယ်။

    အရက်နာကျနေမှန်း သိနိုင်မယ့် လက္ခဏာများ

    • မောပန်းတာ၊ အားနည်းတာ
    • ရေအလွန်ငတ်တာ၊ ပါးစပ်ခြောက်တာ
    • ခေါင်းမူး၊ ခေါင်းကိုက်တာ၊ ကိုယ်လက် ကြွက်သား နာကျင်ကိုက်ခဲတာ
    • မူးဝေတာ၊ အန်တာ၊ ဝမ်းဗိုက်က နာကျင်တာ
    • အိပ်ရေးမဝသလို ခံစားရတာ
    • အလင်းစူးမခံနိုင်တာ၊ အသံကျယ်ကြားရင် နားမခံနိုင်တာ
    • အခန်းကလည်နေသလို ခေါင်းထဲ မူးဝေနေတာ
    • ခြေလက် တုန်တာ
    • အာရုံမစူးစိုက်နိုင်တာ
    • စိတ်ပိုင်းဆိုင်ရာ အနှောင့်အယှက်ဖြစ်တာ
    • နှလုံးခုန်မြန်တာတို့ပဲ ဖြစ်ပါတယ်။

    အရက်နာကျတဲ့ မနက်ခင်းမှာ သောက်သင့်တဲ့ အရည်များ

    ၁။ ရေ – အရက်သောက်ပြီဆိုတာနဲ့ ခန္ဓါကိုယ်က ရေဓါတ်ဆုံးရှုံးမယ်။ မနက်နိုးလာတဲ့အခါမှာ ခေါင်းမူးခေါင်းကိုက်ပြီး အန်ချင်သလို ဖြစ်နေမယ်။ အကောင်းဆုံးကတော့ မနက်နိုးလာတာနဲ့ ရေတစ်ခွက် အပြည့်သောက်လိုက်ပါ။ လက္ခဏာ ပိုပြီးမဆိုးလာစေဖို့နဲ့ ခန္ဓါကိုယ်က ကုန်ဆုံးသွားတဲ့ ရေဓါတ်ကို ပြန်လည်ဖြည့်တင်းပေးဖို့ ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။

    ၂။ အားဖြည့်အချိုရည် – ပုံမှန်အရတော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ ဖျော်ရည်ဖြစ်ပေမယ့် အရက်နာကျတာကို သက်သာစေတဲ့ အရည်ထဲမှာ တစ်ခုအပါအဝင်ပါပဲ။ အားဖြည့်အချိုရည်တွေမှာ ပါဝင်တဲ့ သကြားဓါတ်နဲ့ ရေဓါတ်ဟာ ခန္ဓါကိုယ်မှာ အရက်ကြောင့် စုမိနေတဲ့ အဆိပ်အတောက်တွေကို ဆီးအဖြစ် စွန့်ပေးနိုင်ပြီး ခေါင်းကြည်လင်စေပါတယ်။

    ၃။ ရေနွေးကြမ်း – စိတ်ကိုကြည်လင်လန်းဆန်းစေတဲ့ လတ်လတ်ဆတ်ဆတ် ရေနွေးကြမ်းပူပူလေးဟာ အရက်နာကျနေတဲ့ မနက်ခင်းအတွက်တော့ အကောင်းဆုံး ဓါတ်စာပါပဲ။ ဗိုက်အောင့်တာ၊ လေပွတာ၊ မူးဝေအော့အန်တာကို သက်သာစေတယ်။ ရေနွေးကြမ်းအစား ဂျင်းပြုတ်ရည်ကို သောက်ပေးရင်လည်း အဆင်ပြေပါတယ်။

    ၄။ သစ်သီးဖျော်ရည် – သစ်သီးကို လတ်လတ်ဆတ်ဆတ်ကြိတ်ပြီး ရလာတဲ့ ဖျော်ရည်ဟာ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ကြွယ်ဝစေပြီး ကိုယ်တွင်းမှာရှိနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တယ်။ ရေဓါတ်ပါဝင်လို့ အရက်သောက်ပြီး ရေဓါတ်ခမ်းခြောက်တာအတွက်လည်း ပူစရာမလိုတော့ပါဘူး။

    ၅။ ကော်ဖီ – တစ်ညလုံးအပြတ်ကဲပြီး မနက်မိုးလင်းလာတော့ အားမရှိပဲ နုံးချိနေတာ သဘာဝပါပဲ။ ပူပူနွေးနွေး ကော်ဖီတစ်ခွက်သောက်လိုက်ပါ။ ခန္ဓါကိုယ်ကို ရေဓါတ်ဖြည့်ပေးတယ်။ ကဖင်းဓါတ်ကြောင့် လူကို လန်းဆန်းစေပြီး ခေါင်းမူးခေါင်းကိုက်တာတွေ သက်သာစေတယ်။ အားအင်ဖြစ်စေနိုင်ပါတယ်။

    ၆။ ဒိန်ချဉ် – အရက်သောက်ပြီး မနက်ခင်းမှာ လိုအပ်တဲ့ အာဟာရဓါတ်ကတော့ ပိုတက်စီယမ်ဓါတ်ပါပဲ။ ဒိန်ချဉ်ဟာ အစာကြေလွယ်စေပြီး ဝမ်းမှန်စေတယ်။ အာဟာရဓါတ်လည်း ကြွယ်ဝတယ်။ ငှက်ပျောသီးကို အတုံးလေးလှီးပြီး ဒိန်ချဉ်နဲ့အတူ ထည့်စားပေးနိုင်ရင် အကောင်းဆုံးပါပဲ။

    အရက်နာကျနေချိန်မှာ စားသင့်တဲ့ အစားအစာများ

    အရက်နာကျနေချိန်မှာ လူတော်တော်များများက ခံတွင်းပျက်ပြီး စားချင်၊ သောက်ချင်စိတ်ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း ခန္ဓါကိုယ်က အာဟာရဓါတ်တွေ လိုအပ်နေမယ်၊ အားနည်းနေတာ ဖြစ်တဲ့အတွက် ဘာမှမစားပဲ နေလို့တော့ မဖြစ်ပါဘူး။

    ၁။ ကြက်ဥ – ကြက်ဥဟာ ပေါ့ပေါ့ပါးပါးနဲ့ အစာကြေလွယ်စေတယ်။ အာဟာရဓါတ်တွေ၊ ဗီတာမင်တွေ အများအပြား ပါဝင်လို့ အရက်နာကျနေသူတွေအတွက် အကောင်းဆုံး မနက်စာပါပဲ။

    ၂။ ငှက်ပျောသီး – ငှက်ပျောသီးမှာ ပါဝင်တဲ့ ပိုတက်စီယမ်ဓါတ်ဟာ အရက်သောက်ပြီး ကိုယ်ခန္ဓါထဲမှာ ရှိနေတဲ့ အဆိပ်အတောက်တွေကို ပြေလျော့စေတယ်။ အမျှင်ဓါတ်ပါဝင်မှု များလို့ အစာကြေရင်ချောင်စေတယ်။ ငှက်ပျောသီးကို ဒိန်ချဉ်နဲ့ တွဲစားပေးရင်လည်း ပိုတက်စီယမ်ဓါတ်ကို ပိုရနိုင်ပါတယ်။

    ၃။ ကြက်စွပ်ပြုတ် – ဖျားနာခြင်းအတွက်သာမက အရက်နာကျတာကိုပါ သက်သာစေနိုင်တဲ့ ကြက်စွပ်ပြုတ်မှာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ ဗီတာမင်များစွာ ပါဝင်ပါတယ်။ ကိုယ်တွင်းမှာ ကုန်ခမ်းသွားတဲ့ ရေဓါတ်ကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့အပြင် အသည်းကို အားကောင်းစေလို့ အရက်အဆိပ်အတောက်တွေကို ပိုပြီး စွန့်ထုတ်ပေးတဲ့နေရာမှာ အားဖြစ်စေနိုင်ပါတယ်။

    ၄။ ခရက်ကာ – ဘီစကွတ်မုန့်တွေ ယှဉ်လိုက်ရင် သကြားပါဝင်မှုနည်းတဲ့ ခရက်ကာ မုန့်တွေဟာလည်း အရက်နာကျတဲ့ မနက်ခင်းမှာ စားပေးသင့်တဲ့ အစားအစာပါပဲ။ ကိုယ်က ခရက်ကာမုန့် မကြိုက်ဘူးဆိုရင် ပေါင်မုန့်မီးကင်ပြီး ပျားရည်နဲ့ သုတ်ပြီးစားပေးရင်လည်း အဆင်ပြေပါတယ်။

    ဘယ်အစားအစာတွေကို ရှောင်ဖို့ လိုမလဲ။

    အဆီများတဲ့ အစားအစာတွေ၊ ကိုယ်ခန္ဓါက အစာချေရခက်စေတဲ့ အစားအစာတွေကိုလည်း မစားသင့်ပါဘူး။ ချဉ်လွန်းတဲ့ အသီးအနှံတွေ၊ ဖျော်ရည်တွေဟာလည်း အားနည်းနေတဲ့ အစာအိမ်ကို ထိခိုက်စေနိုင်တာကြောင့် အရက်နာကျနေတဲ့ မနက်ခင်းမှာ ရှောင်သင့်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 07/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement