home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

လိင်မှုကိစ္စမှာ စိတ်ကျေနပ်အားရမှုမရှိရင် လေ့ကျင့်ခန်းများများလုပ်ကြည့်ပါ

လိင်မှုကိစ္စမှာ စိတ်ကျေနပ်အားရမှုမရှိရင် လေ့ကျင့်ခန်းများများလုပ်ကြည့်ပါ

လေ့ကျင့်ခန်းသည် ခန္ဓာကိုယ် အလှအပနဲ့ ကျန်းမာရေးအတွက်သာမက လိင်မှုကိစ္စ သာယာရေးအတွက်ပါ အကျိုးထူးများစွာ ပေးနိုင်တယ်ဆိုရင် မယုံမရှိလိုက်ပါနဲ့။ လေ့ကျင့်ခန်းကို ပုံမှန်လိုက်စားသူတွေ အများစုဟာ စိတ်နဲ့ ခန္ဓာ ကျန်းမာပျော်ရွှင်တဲ့အပြင် တခြားသူတွေထက်လည်း လိင်မှုကိစ္စမှာ စိတ်ကျေနပ်အားရမှု ရတယ်လို့ စစ်တမ်းကောက်ယူချက်များအရ တွေ့ရပါတယ်။ လိင်စိတ်လုံးဝ မရှိသူ (Asexual) တွေကလွဲလို့ ကျန်တဲ့လူသား အားလုံးရဲ့ တစ်နေ့တာမှာ အိပ်၊ စား၊ ကာမ သုံးမျိုးလုံး စိတ်တိုင်းကျပါမှ နေ့ရက်တိုင်းနဲ့ မနက်ဖြန်တိုင်းကို အောင်မြင်စွာ ကျော်ဖြတ်သွားနိုင်မှာပါ။

ဘာကြောင့် လေ့ကျင့်ခန်းလုပ်ခြင်းဟာ လိင်မှုကိစ္စအပေါ် အကျိုးသက်ရောက်မှု ဖြစ်စေတာလဲ။

၁။ လိင်ဟော်မုန်း ထုတ်လုပ်နှုန်းကို မြင့်တက်စေခြင်း

လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းဟာ ကျွန်တော်တို့ လူခန္ဓာကိုယ်တွင်းမှာ ဟော်မုန်းတွေ ပုံမှန်ထုတ်လုပ်ပေးနှုန်းကို မြန်စေပါတယ်။ ဒီဟော်မုန်းတွေထဲမှာ လိင်စိတ်ဆန္ဒကို မြင့်တက်စေတဲ့ ဟော်မုန်းတွေ ဖြစ်တဲ့ ကျားဟော်မုန်း တက်စထိုစတီရုန်း (Testosterone) နဲ့ မဟော်မုန်း အက်စထရိုဂျင် (Estrogen) တို့လည်း ပါဝင်ပါတယ်။ အမျိုးသားတွေမှာ ကျားဟော်မုန်း များခြင်းဟာ လိင်စိတ်ဆန္ဒကို မြင့်တက်စေရုံသာမက ကာမသုခတိုးစေတယ်။ လျင်မြန်စွာ သုက်မလွှတ်အောင် ကူညီပေးတယ်။ အမျိုးသမီးတွေမှာဆိုရင်လည်း မဟော်မုန်း တက်လာလေ၊ လိင်မှုကိစ္စ ဆက်ဆံဖို့အတွက် စိတ်ပါလေလေ ဖြစ်တဲ့အတွက် အိမ်ထောင်ရေးမှာလည်း လင်ရယ်၊ မယားရယ် အထူးတလည် ညှိနေစရာမလိုဘဲ အဆင်ပြေစေမှာပါ။

၂။ သက်လုံကောင်းခြင်း

လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးခြင်းဖြင့် အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်ကိုလည်း အားဖြစ်စေသလို ကြာကြာ အမောခံနိုင်စေတယ်။ သွေးလည်ပတ်မှုနှုန်း ကောင်းစေလို့ နှလုံးကိုလည်း ကောင်းစွာ အလုပ်လုပ်စေတယ်။ ဒီအတွက် လိင်ဆက်ဆံနေရင်းနဲ့ နှလုံးက အမောဖောက်တာမျိုး၊ သွေးစီးဆင်းမှု နှေးကွေးပြီး လိင်တံ မထောင်မတ်နိုင်တာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်မှာပါ။

၃။ ကိုယ်အလေးချိန် ထိန်းညှိပေးခြင်း

ပိန်လွန်းတဲ့သူတွေ၊ ဝလွန်းတဲ့သူတွေမှာ ပုံမှန် သင့်တင့်လျောက်ပတ်တဲ့ ခန္ဓာကိုယ်ရှိသူတွေနဲ့ ယှဉ်လိုက်တဲ့အခါ လိင်စိတ်ဆန္ဒ ပိုနည်းပါးတာကို တွေ့ရပါတယ်။ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းဟာ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ ရှိတဲ့ အဆီနဲ့ ကယ်လိုရီတွေကို လောင်ကျွမ်းစေတဲ့အပြင် ကြွက်သားထုကို တက်စေတယ်။ မိမိရဲ့ ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်ကို ယုံကြည်မှုတွေ တိုးလာတဲ့သူတစ်ယောက်ဟာ ကာမကိစ္စတွေမှာလည်း တခြားသူတွေထက် ပိုပြီး စွမ်းဆောင်နိုင်ပါတယ်။

၄။ စိတ်နဲ့ ခန္ဓာကိုယ်ကို ကျန်းမာစေခြင်း

ဒီအကျိုးကျေးဇူးတွေ အကုန်လုံးက တစ်ခုကို တစ်ခု တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ပြီးတော့ဖြစ်စေ သက်ရောက်မှု ရှိစေနိုင်ပါတယ်။ အထူးသဖြင့် လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးနေသူတစ်ယောက်မှာ လိင်ဟော်မုန်းတွေ ထုတ်လုပ်မှုနှုန်း မြန်ဆန်တယ်။ ခန္ဓာကိုယ် အလှအပနဲ့ ပတ်သက်ပြီးတော့လည်း ယုံကြည်မှုတွေ တိုးလာတယ်။ ကျန်းမာရေးအရ ကြည့်မယ်ဆိုရင်လည်း သိသိသာသာ ကောင်းမွန်လာတဲ့အတွက် စိတ်ဖိစီးမှုတွေ၊ စိတ်ညစ်စရာတွေ တော်တော်ကို နည်းသွားတာကို သတိထားမိမှာပါ။ လိင်ကိစ္စမှာ နှစ်ဦးနှစ်ဖက် သာယာမှုဖြစ်စေဖို့ အနှောင့်အယှက် ပေးနိုင်တဲ့အရာတွေထဲမှာ သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါနဲ့ စိတ်ဖိစီးမှုတွေက ထိပ်ဆုံးက ပါနေပါတယ်။ အဲဒါကြောင့် ဒီပြဿနာတွေကို ထိန်းချုပ်နိုင်ပြီဆိုရင်တော့ ကိုယ့်ရဲ့ အိမ်ထောင်ရေးနဲ့ လိင်မှုကိစ္စက အရင်ကနဲ့မတူ သာယာဖြောင့်ဖြူးသွားပါလိမ့်မယ်။

လိင်မှုကိစ္စဆိုတာ အရွယ်ရောက်ပြီးသား ကျား၊ မ အသက်အရွယ်မရွေး မကင်းနိုင်တဲ့ ကိစ္စတစ်ခုပါ။ ဒါကြောင့် ကိုယ့်ရဲ့ စိတ်နဲ့ ခန္ဓာကျန်းမာရေးကို သေချာဂရုစိုက်ပေးနိုင်ရင်တော့ ကိုယ့်ရဲ့ လိင်စိတ်ဆန္ဒသည်လည်း အရင်ကထက် ပိုမြင့်တက်လာပြီး ကိုယ့်ဆက်ဆံဖော်ရဲ့ လိုအင်ဆန္ဒကို ပြည့်ဝစွာ ဖြည့်စွမ်းပေးနိုင်မှာပါ။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် လိင်စိတ်ဆန္ဒတွေ နည်းနေတယ်လို့ သံသယရင် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သေချာပြကြည့်သင့်သလို ကျန်းမာရေး၊ အာဟာရနဲ့ လေ့ကျင့်ခန်းကိုလည်း သေချာဂရုစိုက်ပေးဖို့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Ye Myo Myat မှ ရေးသားသည်။ 17/07/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။