backup og meta

အချိန်မတော် ဗိုက်ဆာတတ်သူတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်သော သရေစာ ၁၄မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 20/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အချိန်မတော် ဗိုက်ဆာတတ်သူတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်သော သရေစာ ၁၄မျိုး

    ညကြီးအချိန်မတော်ဗိုက်ဆာလာတာမျိုး လူတိုင်းကြုံဖူးကြမယ်ထင်ပါတယ်။ ညမအိပ်ခင်အချိန်တွေမှာ ရေခဲသေတ္တာဖွင့်ပြီး တွေ့ကရာမုန့်တွေစားတာထက် ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေ စားသုံးနိုင်ဖို့က အရေးကြီးပါတယ်။ အချိန်မတော် ဗိုက်ဆာတတ်သူတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်သော သရေစာ တွေက ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်။

    အချိန်မတော် ဗိုက်ဆာတတ်သူတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်သော သရေစာ ၁၄ မျိုး

    အချိန်မတော် ဗိုက်ဆာတတ်သူတို့အတွက် ကျန်းမာရေးနှင့်ညီညွတ်သော သရေစာ တွေက

    ၁ – ကွပ်ကီးခရပ်ကာမုန့်များ

    ဂျုံမှာ အာဟာရဘယ်လောက်ပါသလဲဆိုတာကိုတော့ အားလုံးသိပြီးသားဖြစ်မယ်ထင်တယ်။ ဂျုံကွပ်ကီးခရပ်ကာတွေမှာ ကစီဓာတ်ရော အသားဓာတ်တွေပါ ပါဝင်တဲ့အတွက် သင့်ကိုအများကြီးမစားဘဲ ဗိုက်ပြည့်စေမှာပါ။

    ၂ – အုတ်ဂျုံမုန့်

    မနက်စောစော ဘိုစာ စားတတ်ကြသူတွေအတွက်တော့ အုတ်ဂျုံကို နွားနို့ဆမ်းစားတာနဲ့ စိမ်းမယ်မထင်ပါဘူး၊ အနောက်တိုင်းရုပ်ရှင်တွေမှာလည်း မနက်စာအနေနဲ့စားတတ်ကြတာ မကြာခဏတွေ့မြင်ရမှာပါ။ Oatmeal လို့ခေါ်တဲ့ အုတ်ဂျုံကို မနက်စာအနေနဲ့ပဲမဟုတ်ဘဲ ညဘက်ဗိုက်ဆာလာတဲ့အခါလည်း စားလို့ရပါတယ်။

    အုတ်ဂျုံမှာ ပါဝင်နေတဲ့ ကစီဓာတ်တွေက စားသုံးပြီးတဲ့အခါ သွေးထဲကို ဖြည်းဖြည်းချင်းစုပ်ယူတာကြောင့် သွေးတွင်းအချိုပမာဏကို ထိန်းညှိပေးပါတယ်။ မယ်လတိုနင်လို့ခေါ်တဲ့ အိပ်ပျော်ခြင်းကို အားပေးတဲ့ဓာတ်တစ်မျိုးကို ထွက်စေတဲ့အတွက်လည်း ကောင်းကောင်းမွန်မွန်အိပ်ပျော်စေဖို့ ကူညီပေးပါတယ်။

    ၃ – ပေါက်ပေါက်ဆုပ်

    ပေါက်ပေါက်ဆုပ်က ဒီစာရင်းထဲပါဝင်လာမယ်လို့ သင်ထားမှာမဟုတ်ပါဘူး ဒါပေမဲ့တကယ် ပါဝင်လာပါတယ်။ အသီးအနှံတွေ စားရမှာပျင်းတယ် သရေစာလိုအရာမျိုးပဲစားချင်တယ် ကျန်းမာရေးနဲ့လည်းအထိုက်အလျောက် ညီညွှတ်ချင်တယ်ဆိုရင်တော့ ပေါက်ပေါက်ဆုပ်က ရွေးချယ်ချင်စရာပါပဲ။

    အချိုတွေ အပိုထပ် topping ထည့်ထားတာမျိုး မပါဝင်တဲ့ ပေါက်ပေါက်ဆုပ်တွေမှာဆိုရင် ကယ်လိုရီပါဝင်မှု နည်းပါးပါတယ်။ ဒါကြောင့် ဆီ သို့မဟုတ် ထောပတ် မရောထားတဲ့ ပေါက်ပေါက်တွေကို ဝိတ်တက်မှာစိုးရိမ်စရာမလိုဘဲ စိတ်ချလက်ချစားနိုင်ပါပြီ။

    ၄ – ဒိန်ချဉ်

    ဒိန်ချဉ်တွေမှာ ကယ်လိုရီပါဝင်မှုနည်းပြီး ပရိုတိန်းလို့ခေါ်တဲ့ အသားဓာတ်တွေလည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ဒိန်ချဉ်ထဲမှာပါတဲ့ ကယ်လ်ဆီယမ်ဓာတ်က ဦးနှောက်ကို ကောင်းသောသက်ရောက်ခြင်းတွေ ဖြစ်ပေါ်စေပြီး ညဘက်ကို ကောင်းစွာအိပ်စက်စေနိုင်ပါတယ်။

    ဒိန်ချဉ်ကြီးသက်သက် မစားချင်ရင်လည်း အချိုတွေဖြည့်မယ့်အစား စတော်ဘယ်ရီလို အသီးအနှံလေးတွေ အပေါ်ကဖြူးပြီး အလှဆင်စားမယ်ဆိုရင် အရသာလည်းပိုရှိ ကျန်းမာရေးနဲ့လည်းပိုညီညွှတ်မှာပါ။

    ၅ – မြေပဲယိုသုပ်ပေါင်မုန့်

    ငယ်ငယ်ထဲက သင်အရမ်းကြိုက်ခဲ့တဲ့ သရေစာလေးက ကျန်းမာရေးနဲ့သင့်တော်တဲ့ ညလယ်စာဖြစ်နေမယ်လို့ ဘယ်သူထင်မှာလဲ။ မြေပဲယိုတွေမှာ tryptophan လို့ခေါ်တဲ့အိပ်စက်ခြင်းကို အားပေးတဲ့အရာတွေပါဝင်ပါတယ်။ ပေါင်မုန့်က ကစီဓာတ်တွေကလည်း ဦးနှောက်ကို tryptophan တွေကိုပိုပြီးအသုံးချနိုင်အောင် အားပေးပါတယ်။

    ၆ – ဖရုံစေ့

    မဂ္ဂနီဆီယမ်နဲ့ အမိုင်နိုအက်စစ်တွေ ပြည့်ဝစွာပါဝင်တဲ့ ဖရုံစေ့တွေကလည်း ညမအိပ်ခင်စားဖို့ သင့်တော်တဲ့ အစားအစာတွေထဲမှာပါဝင်ပါတယ်။

    ၇ – ငှက်ပျောသီး

    ငယ်ငယ်က ငှက်ပျောသီးစားတာ အရမ်းကောင်းတယ်လို့ လူကြီးတွေပြောတာ၊ ကျောင်းက အားကစားဆရာကလည်း အားကစားပွဲတွေမစခင် ငှက်ပျောသီးစားဖို့ ပြောတာ ကြားဖူးတယ်မလား။ ဘာကြောင့်လဲဆိုတော့ ငှက်ပျောသီးထဲမှာ ပိုတက်ဆီယမ်ဓာတ်တွေကြွယ်ဝစွာပါဝင်နေလို့ပါ။

    ငှက်ပျောသီးကို ညဘက်ဗိုက်ဆာတဲ့ အခါစားသုံးပေးခြင်းအားဖြင့် အရသာရှိရုံတင်မဟုတ်ဘဲ အလွယ်တကူဗိုက်တင်းစေနိုင်ပါတယ်။

    ၈ – အခွံမာသီး

    အခွံမာသီးအများစုမှာ ပရိုတိန်းဓာတ်နဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေ ပြညပြည့်ဝဝပါဝင်နေတဲ့အတွက် ညဘက်ကိုအစားတစ်လုပ်အတွက်ပြင်ဆင်ရမှာ ပျင်းတဲ့သူတွေအတွက်တော့အကောင်းဆုံးရွေးချယ်မှုပါပဲ။

    ၉ – မက်မွန်သီး

    မက်မွန်သီးတွေမှာ တစ်နေ့တာတွက်လိုအပ်တဲ့ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နဲ့ tryptophan လို့ခေါ်တဲ့ဓာတ်တွေကြွယ်ဝစွာပါဝင်ပါတယ်။

    ၁၀ – ကြက်ဆင်သား sandwich

    ကြက်ဆင်သားက ဒီမှာတော့ နည်းနည်းရှားမယ်ထင်ပါတယ်။ ဒါပေမဲ့ ကြက်ဆင်သားမှာ အိပ်စက်ခြင်းကို အားပေးတဲ့အရာတွေ အများကြီးပါတဲ့အတွက် ကောင်းမွန်စွာအိပ်ပျော်စေနိုင်ပါတယ်။ Sandwich ထဲကိုတော့ အဆီများတာတွေ ထည့်မယ်အစား ကြက်သွန်၊ ဆလတ်ရွက်လိုအသီးအရွက်တွေ ထည့်စားမယ်ဆိုရင် အကောင်းဆုံးပါပဲ။

    ၁၁ – ပဲတောင့်ရှည်

    ပဲတောင့်ရှည်ထဲမှာ အသားဓာတ်တွေအပြင် အမျှင်ဓာတ်တွေကလည်း ပေါပေါများများပါဝင်ပါတယ်။ ညဘက်ကောင်းကောင်းအိပ်စေတဲ့အပြင် အလွယ်တကူလည်း စားရအဆင်ပြေတဲ့ ရွေးချယ်စရာတစ်ခုပါ။

    ၁၂ – ဥအမျိုးမျိုး

    ဒီနားလောက် ရောက်နေပြီဆိုရင်တော့ ဥတွေပါလာတော့မယ်ဆိုတာ ရိပ်မိလောက်ပြီထင်ပါတယ်။ ဟုတ်ပါတယ် ကြက်ဥ၊ ဘဲဥ တွေမှာ အသားဓာတ်အပါအဝင် ခနွာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်ဓာတ်တွေလည်း ပြည့်ပြည့်စုံစုံပါဝင်ပါတယ်။

    ဒါ့အပြင် သင့်အိမ်က ရေခဲသေတ္တာထဲမှာ အမြဲတမ်းအသင့်ရနိုင်တဲ့ အဆာပြေစားစရာတစ်ခုလည်း ဖြစ်တယ်မလား။

    ၁၃ – ချိစ်ဘီစကစ်

    ညကောင်းကောင်းအိပ်ပျော်စေနိုင်တဲ့ အစားအစာတွေထဲမှာ ချိစ်က နံပတ် ၁ ပါပဲ။ ဘီစကစ် ဒါမှမဟုတ် cracker လေးပေါ်မှာ ချိစ်လေးသုပ်ပြီးစားလိုက်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ အစာပြေညစာလေးဖြစ်လာမှာပါ။

    ၁၄ – ထောပတ်သီး

    ထောပတ်သီးကို ဘုရားသခင်ရဲ့ ထောပတ်လို့ တချို့ကတင်စားကြပါတယ်။ အစာချေစနစ်အတွက် လိုအပ်တဲ့ ပိုတက်ဆီယမ်၊ အမျှင်ဓာတ်တွေနဲ့ ကျန်းမာရေးနဲ့ညီညွတ်တဲ့အဆီတွေ အချိုးကျကျပါဝင်နေတဲ့အတွက် ဖျော်ရည်အနေနဲ့ဖြစ်ဖြစ်၊ ပေါင်မုန့်နဲ့သုတ်စားတာဖြစ်ဖြစ် မျိုးစုံလုပ်စားလို့ သင့်တော်ပါတယ်။

    ရေးသားသူ မောင်မျိုးအောင် ( ဆေး-၁ )

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 20/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement