backup og meta

အဆုတ်ကို သန့်စင်စေမယ့် အစားအစာ (၁၀) မျိုး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဆုတ်ကို သန့်စင်စေမယ့် အစားအစာ (၁၀) မျိုး

    အဆုတ် ကျန်းမာရေးက ဘယ်လောက် အရေးကြီးလဲဆိုတာ အသက်ရှူတိုင်း သတိရနေသင့်တာပါ။ အသက်ကောင်းကောင်းရှူနိုင်မှ အဆုတ်က ကျန်းမာမှာ ဖြစ်သလို လေထု ညစ်ညမ်းစေတဲ့ အရာ မှန်သမျှ အဆုတ်ရဲ့ ရန်သူပါပဲ။ လေရှူသွင်းလိုက်တိုင်း ကိုယ့်ပတ်ဝန်းကျင်လေထုထဲက အန္တရာယ်ရှိတဲ့ အရာဝတ္တုတွေကို အဆုတ်က လက်ခံရရှိနေတာပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် အဆုတ်ကို သန့်စင်စေမယ့် အစားအသောက်တွေကို ရွေးချယ်ဖို့ အရေးကြီးပါတယ်။ ဒါမှ အဖြစ်များတဲ့ ရောဂါတွေကို ကာကွယ်နိုင်မယ်၊ အဆုတ်ကို အားကောင်းစေမယ်။ ဒီတစ်ခေါက်တော့ အဆုတ်ကို သန့်စင်စေမယ့် အစားအစာ တွေအကြောင်း ပြောပြပေးချင်ပါတယ်။

    ပန်းနာရင်ကျပ်၊လေပြွန်ရောင်၊ အဆုတ်ရောင်တို့လို အသက်ရှူလမ်းကြောင်းဆိုင်ရာပြဿနာတွေဟာ မဖြစ်အောင်ရှောင်လို့ရတဲ့ရောဂါတွေဖြစ်ပါတယ်။ ပုံမှန်လှုပ်ရှားမှုရှိမယ်၊လေထုညစ်ညမ်းတာတွေမရှူရှိုက်မိအောင်သတိထားမယ်၊ဆေးလိပ်မသောက်ဘူးဆိုရင် အများစုက ဒီရောဂါတွေကိုရှောင်နိုင်ပါလိမ့်မယ်။ ဒီအချက်တွေကို လိုက်နာနိုင်ဖို့က ကျန်းမာပြည့်စုံတဲ့ အာဟာရအထောက်အပံ့ကို ရရှိနိုင်ဖို့အရေးကြီးပါတယ်။ ဒါ့ကြောင့် အဆုတ်ကျန်းမာရေးကို အထောက်အကူပေးနိုင်တဲ့အစားအစာတချို့ကို အကြံပေးလိုက်မယ်နော်။

    အဆုတ်ကို သန့်စင်စေမယ့် အစားအစာ (၁၀) မျိုး

    အဆုတ်ကို သန့်စင်စေမယ့် အစားအစာ တွေကတော့

    (၁) ကြက်သွန်ဖြူ

    ကြက်သွန်ဖြူက allicin ပါဝင်မှု မြင့်မားလို့ ရောင်ရမ်းမှုကို လျော့ကျစေနိုင်တဲ့ အစွမ်းသတ္တိ မျိုးစုံ ပါဝင်ပါတယ်။ ဒီဒြပ်ပေါင်းက ရောဂါပိုးတွေကို ခုခံတိုက်ဖျက်ပေးပြီး ရောင်ရမ်းမှုကို လျော့ကျစေပါတယ်။ ကြက်သွန်ဖြူက ပန်းနာရင်ကျပ်ကို သက်သာစေပြီး အဆုတ်ကင်ဆာဖြစ်နိုင်ခြေကို လျော့နည်းစေနိုင်တယ်လို့ လက်ခံယူဆထားကြပါတယ်။

    (၂) ချင်း

    ချင်း(ဂျင်း)ကလည်း အရောင်ကျစေတဲ့ အာနိသင်ကြောင့် အဆုတ်ကို သန့်စင်စေနိုင်ပါတယ်။ ဟင်းချက်တဲ့အခါ ချင်းကို နည်းနည်း ထည့်ချက်တာ ကောင်းပါတယ်။ သံပရာသီးနဲ့ ပေါင်းပြီး ချင်းလက်ဖက်ရည်လည်း လုပ်သောက်လို့ ရတယ်လေ။ အသက်ရှူလမ်းကြောင်းမှာ အဆိပ်အတောက်တွေ ဖယ်ရှားသန့်စင်ပေးနိုင်တဲ့အပြင် လည်ချောင်းလည်း ရှင်းစေနိုင်တယ်။

    (၃) နနွင်း

    ချင်းနဲ့ ကြက်သွန်ဖြူလိုပဲ ဟင်းချက်ရာမှာ ထည့်လို့ရတဲ့ အစွမ်းထက်ပစ္စည်းက နနွင်းပါ။ နနွင်းရဲ့ အာနိသင်တွေကြောင့် အဆုတ်ကျန်းမာရေးကို အထောက်အပံ့ ဖြစ်စေပါတယ်။

    (၄) ပန်းသီး

    ပန်းသီးမှာ ဗီတာမင်ဓါတ်တွေ အစုံအလင်ပါတဲ့အပြင် အသက်ရှူလမ်းကြောင်းစနစ်ကို ကျန်းမာစေနိုင်တဲ့ flavonoidsတွေ ပါဝင်ပါတယ်။ သူတို့ကြောင့် အမျိုးမျိုးသော အဆုတ်ရောဂါတွေကို ဖြစ်မလာအောင် ကာကွယ်နိုင်ပါတယ်။

    (၅) ဘယ်ရီသီး

    ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီနဲ့ ရက်စဘယ်ရီ အသီးတွေမှာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ကြွယ်ဝပါတယ်။ ဓါတ်တိုးဆန့်ကျင်အာနိသင်တွေကြောင့် အဆုတ်ကင်ဆာအပြင် တခြားပိုးဝင်ခြင်းနဲ့ ရောဂါတွေကို ဖြစ်နိုင်ခြေ လျော့နည်းစေပါတယ်။

    (၆) ကမ္ဗလာသီး

    ကမ္ဗလာသီးဟာ အဆုတ်ကို ပံ့ပိုးတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ အများကြီး ပါဝင်ပါတယ်။ အဆုတ်ကို ကင်ဆာဖြစ်စေနိုင်တဲ့ အရာတွေ ထိတွေ့လာတဲ့အခါ ကမ္ဗလာသီးက အဆုတ်ကို သန့်စင်ပေးပါလိမ့်မယ်။

    (၇) သလဲသီး

    သလဲသီးမှာ သဘာဝ အစွမ်းအာနိသင်တွေ အများကြီး ပါဝင်ပါတယ်။ သလဲသီးက အဆုတ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေ ဖြစ်ပွားမှုကို နှေးစေပြီး မြန်မြန်သက်သာစေနိုင်ပါတယ်။

    (၈) အခွံမာသီး၊အစေ့အဆန်တွေနဲ့ ပဲအမျိုးမျိုး

    သူတို့တွေမှာ ပန်းနာရင်ကျပ်ရှိသူတွေ အတွက် လိုအပ်တဲ့ မဂ္ဂနီဆီယမ်တွေ အများကြီး ပါဝင်ပါတယ်။ သူတို့က အဆုတ်ရဲ့လုပ်ဆောင်နိုင်စွမ်းကို ပိုကောင်းစေပြီး အသက်ရှူရ ပိုကောင်းစေပါတယ်။ ဥပမာPistachiosဆိုရင် အဆုတ်ကင်ဆာ ကာကွယ်နိုင်တယ်၊ ကိုလက်စထရောကျစေတယ်လို့ သုတေသနတွေ့ရှိထားပါတယ်။

    (၉) ဂေါ်ဖီထုပ်မျိုးနွယ်တွေ

    ဂေါ်ဖီ၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်းတို့လို မျိုးနွယ်တူအုပ်စုက ဓါတ်တိုးဆန့်ကျင်အာနိသင်တွေ အပြည့်အဝပါဝင်တာကြောင့် အဆုတ်အပါအဝင် ခန္ဓါကိုယ်အစိတ်အပိုင်းတွေကို အဆိပ်အတောက်တွေကင်းအောင် သန့်စင်ပေးနိုင်ပါတယ်။

    (၁၀) carotenoidsကြွယ်ဝတဲ့အစားအစာ

    carotenoidsဆိုတာ အဆုတ်ကင်ဆာကို ခုခံတိုက်ဖျက်ပေးနိုင်စွမ်းရှိပါတယ်။ ဒီဓါတ်တိုးဆန့်ကျင်ပစ္စည်းကို အသီးအနှံတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာတွေ့တတ်တယ်။ သူက ခန္ဓါကိုယ်ထဲရောက်တဲ့အခါ ပန်းနာရင်ကျပ်အတွက် အကျိုးထိရောက်တဲ့ ဗီတာမင်အေ အဖြစ်ပြောင်းလဲသွားပါတယ်။carotenoids ပါဝင်တဲ့အစားအစာတွေက မုန်လာဥနီ၊ ခရမ်းချဉ်သီး၊ ဖရုံသီးတို့ပါဝင်ပါတယ်။

    နောက်ဆုံးအနေနဲ့ပြောချင်တာက ရေသောက်ပါ။ အဆိပ်အတောက်ဖယ်ရှားသန့်စင်တဲ့နေရာမှာရေက အသုံးဝင်ဆုံး ပါပဲ။ဖျော်ရည်၊ အချိုရည်တွေထက် ရိုးရိုးရေကိုပဲရွေးချယ်သင့်ပါတယ်။ အပေါ်မှာ ပြောခဲ့တဲ့ အစားအစာတွေကို ပေါင်းစပ်စားသုံးမယ်၊ နေ့စဉ်အာဟာရမှာ ထည့်သွင်းမယ်ဆိုရင် အဆိပ်အတောက်ကင်းစင်ပြီး ကျန်းမာနိုင်ဖို့ မဝေးတော့ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 20/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement