backup og meta

အစားအသောက် တစ်ခုခုကို တအားတောင့်တမိနေတာ အာဟာရဓာတ် ချို့တဲ့နေလို့များလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 29/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အစားအသောက် တစ်ခုခုကို တအားတောင့်တမိနေတာ အာဟာရဓာတ် ချို့တဲ့နေလို့များလား

    အစားအသောက် တစ်ခုခု ကို တောင့်တနေတယ်၊ အရမ်းစားချင်နေတယ် ဆိုတာကို craving ဖြစ်တယ်လို့ ခေါ်ကြပါတယ်။ ဒါကို သွေးတောင်းတယ်၊ ဓာတ်ကျနေတယ် စသည်ဖြင့်လည်း မြန်မာစကားအခေါ် မျိုးစုံ ပြောတတ်ကြပါသေးတယ်။

    ဒါက ခန္ဓာကိုယ်မှာ လိုအပ်တဲ့ အာဟာရဓာတ် တစ်ခုခု လိုအပ်နေတဲ့အခါ ပြန်လည်ဖြည့်တင်းဖို့ သူ့အလိုလို တောင့်တမိလာတာလို့ တချို့က ယူဆကြတယ်။

    တချို့ကတော့ ဒီလို ဖြစ်တာဟာ ခန္ဓာကိုယ်က တောင်းဆိုတာထက် ဦးနှောက်က တောင့်တနေတာက ပိုတယ် လို့ ဆိုပါတယ်။ တကယ်တမ်း ဘာက အမှန်လဲ ဆိုတာ ဆက်ပြီး လေ့လာကြည့်ရအောင်။

    အစားအသောက် တစ်ခုကို အရမ်းတောင့်တနေတာက အာဟာရဓာတ် တွေ လိုအပ်နေလို့လား

    သုတေသနလေ့လာတွေ့ရှိချက် တွေအရဆို ဒီလိုတောင့်တနေတာက အာဟာရဓာတ် ချို့တဲ့မှုနဲ့ ဆက်နွှယ်မှုတော့ ရှိပါတယ်။ သို့သော် အကန့်အသတ်နဲ့ ပါပဲ တဲ့။

    ယောကျာ်း/မိန်းမ ကွဲပြားမှုနဲ့ လည်း ဆိုင်တယ်

    လူတစ်ယောက်ရဲ့ အစားအသောက် တောင့်တစိတ်နဲ့ အကြိမ်ရေ ဟာ ကျား/မ ကွဲပြားမှုနဲ့ တစ်စိတ်တစ်ပိုင်း သက်ဆိုင်တယ်လို့ သုတေသန အရ သိရပါတယ်။

    ဥပမာ – အမျိုးသမီးတွေက ဒီလိုတောင့်တစိတ်ဖြစ်တဲ့နေရာမှာ အမျိုးသားတွေထက် နှစ်ဆ ပိုပြီးဖြစ်လေ့ရှိပုံ ရပါတယ်။

    အမျိုးသားတွေက အရသာပြင်းပြင်း အစားအသောက်တွေ တောင့်တချိန်မှာ အမျိုးသမီးတွေက ချောကလက်လို အချိုများတဲ့ အစားအသောက်ကို ပိုတောင့်တနေတတ်တာမျိုး။

    ဒါပေမယ့် ဒီတွေ့ရှိချက်က အထောက်အထားနည်းသေးသလို ဆက်လေ့လာဖို့ လိုအပ်သေးတယ်လို့ ဆိုပါတယ်။

    အာဟာရ လိုနေလို့လား

    အာဟာရဓာတ် တစ်ခုခု ချို့တဲ့နေတဲ့သူတွေမှာ အဲဒီဓာတ် ပါဝင်တဲ့ အစားအသောက်တစ်ခုခု ကို ပိုတောင့်တမိလေ့ရှိတယ်လို့ အများစုက ထင်နေကြတာဖြစ်ပါတယ်။ ဒါပေမယ့် ဒါက အမြဲတမ်းအတွက် မမှန်နိုင်ပါဘူး။

    ဥပမာ – ကိုယ်ဝန်ဆောင်ချိန်မှာ သန္ဓေသားဖွံ့ဖြိုးဆဲကာလ အတွင်း အာဟာရဓာတ်တချို့ကို နှစ်ဆ ပိုလိုအပ်နိုင်ပါတယ်။ အပေါ်က အတွေးအရဆို ဒီအချိန်မှာ အာဟာရဓာတ်ပိုများတဲ့ အစားအစာတွေပဲ ပိုတောင့်တလိမ့်မယ်ပေါ့။

    ဒါပေမယ့် ကိုယ်ဝန်ဆောင် အမျိုးသမီးတွေက အာဟာရပိုများတာတွေထက် ကာဗိုဟိုက်ဒရိတ်များ၊ အဆီများတဲ့ ဒါမှမဟုတ် အာဟာရမရှိတဲ့ အစားအသောက်တွေကို ချဉ်ခြင်းတပ် တတ်တယ်လို့ သုတေသနတွေက တွေ့ရှိခဲ့ပါတယ်။

    ကိုယ်အလေးချိန် လျှော့ချသူတွေကို လေ့လာခဲ့တဲ့ သုတေသနတွေ မှာလည်း အလားတူပဲ ဖြစ်ပါတယ်။

    ကာဗိုနည်းတဲ့ စားသောက်ပုံနဲ့ နှစ်နှစ်လောက် စားခဲ့သူတွေဟာ ကာဗိုကြွယ်ဝတဲ့ အစားအစာတွေကို မတောင့်တတဲ့ အပြင် ဒါတွေကို စားချင်စိတ် နည်းသွားတာတွေ့ရပါတယ်။

    အလားတူပဲ အဆီလျှော့စားသူတွေ ဆိုလည်း အဆီများတာတွေ မစားချင်တော့တာ၊ မတောင့်တတော့တာ တွေ့ရမှာပါ။

    လိုအပ်လို့ တောင့်တတတ်တဲ့ အာဟာရတချို့

    မရမနေ စားချင်နေတဲ့ အာသီသစိတ်က ဒါမှဒါ ဆိုတာမျိုး၊ ဒါက လွဲလို့ တခြား ဘာစားစား တင်းတိမ်ကျေနပ်မှာ မဟုတ်ပါဘူး။

    ဒါပေမယ့် အများစုက စားမိနေတာ ခန္ဓာကိုယ်ရဲ့ လိုအပ်နေတဲ့ ဓာတ်အတွက် ကောင်းတဲ့ အရင်းအမြစ် မဟုတ်နေတတ်ပါဘူး။

    ဥပမာ- ချိစ်တွေ၊ အဆိမ့်တွေ စားချင်လွန်းနေတာ ခန္ဓာကိုယ် က ကယ်လ်စီယမ်ဓာတ် လိုအပ်နေတဲ့အချိန် ဖြစ်နေနိုင်ပါတယ်။

    ဒါပေမယ့် သူ့ထက် ကယ်စီယမ်ပါဝင်မှုပမာဏ နှစ်ဆပိုများတဲ့ ပဲပြား၊ တို့ဟူးတို့လို အရင်းအမြစ်တွေက ပိုကောင်းပေမယ့် ကျန်းမာရေးနဲ့ မညီနိုင်တဲ့ အရင်းအမြစ်ကို ပိုတောင့်တမိတတ်ပါတယ်။

    တခြားအကြောင်းရင်း တွေ

    အစားအသောက် ကို အရမ်းတောင့်တမိတာက အာဟာရဓာတ် လိုအပ်နေလို့ ဆိုတာထက် တခြား အကြောင်းရင်း တွေလည်း ရှိနိုင်ပါသေးတယ် –

    (၁) ချုပ်ထိန်းရတဲ့ အတွေးတွေ

    ကျန်းမာရေးနဲ့ မတည့်လို့ ဖြစ်ဖြစ်၊ အဆီချဖို့ ရှောင်ရတာ ဖြစ်ဖြစ် ကိုယ်စားဖို့ မသင့်ဘူး လို့ အတွေးထဲမှာ တံဆိပ်ကပ်ပြီး မြင်နေရတဲ့ အစားအသောက်တွေကို စားချင်စိတ် ပိုဖြစ်လာတတ်ပါတယ်။ ဥပမာ Diet Plan ဝင်ကာစ လိုမျိုးပေါ့။

    (၂) ဆက်စပ်အနေအထား

    တစ်ခါတလေ အနေအထားတစ်ခု၊ ဖြစ်ရပ်ဝန်းကျင်တစ်ခုနဲ့ ဆက်စပ်ပြီး စားချင်စိတ် ကို ဦးနှောက်က ဖန်တီးပေးတတ်ပါတယ်။ ဥပမာ ရုပ်ရှင်ကြည့်ရင် ပြောင်းဖူးပေါက်ပေါက် စားတာမျိုး။ နောက်တစ်ခါ ရုပ်ရှင်ကြည့်ပြီဆို ပြောင်းဖူးပေါက်ပေါက် သို့မဟုတ် နေကြာစေ့ စားချင်တာ။

    (၃) စိတ်ဖြေလျှော့ခြင်း

    စိတ်တွေ ညစ်နေ၊ စိတ်ပင်ပန်းတဲ့အခါမျိုးမှာ ဒါစားလိုက်ရင် စိတ်ပေါ့သွားမယ် ဆိုတာမျိုး ဖြစ်လာတတ်ပါတယ်။

    (၄) စိတ်ဖိစီးမှု

    စိတ်ဖိစီးနေတဲ့သူတွေဟာ သူများနဲ့မတူ ခုနေ ဟိုတစ်ခုအရမ်းစားချင်၊ တော်ကြာနေ ဒီတစ်ခု တအားစားချင်တာမျိုး မကြာခဏ တောင့်တမှုတွေဖြစ်တတ်ပြီး အဲဒီအချိန် စားလိုက်ရမှလည်း စိတ်ကျေနပ်ကြပါတယ်။

    (၅) အိပ်ရေးမဝခြင်း

    အိပ်ချိန်မမှန်၊ အိပ်ချိန်နည်းတာက ဟော်မုန်းမညီမျှမှုကို ဖြစ်စေနိုင်ပြီး ဒီလို အစားအသောက်တောင့်တတာတွေ ဖြစ်လာစေတာပေါ့။

    (၆) ရေဓာတ်နည်းခြင်း

    ရေဓာတ် မပြည့်ဝတာကြောင့် လူတချို့မှာ ဒီပြဿနာ ဖြစ်လာတတ်ပါတယ်။

    (၇) ပရိုတင်း သို့မဟုတ် အမျှင်ဓာတ် ချို့တဲ့ခြင်း

    ပရိုတင်း နဲ့ အမျှင်ဓာတ် တွေက လူကို ဗိုက်ပြည့် တင်းတိမ်စေပါတယ်။ သူတို့ကို လုံလုံလောက်လောက် မရရှိတဲ့အခါ ဆာလောင်မှု နဲ့ တောင့်တစိတ်တွေ တိုးလာစေနိုင်ပါတယ်။

    ဒါ့ကြောင့် အဆုံးသတ်ရရင် အစားအသောက် တောင့်တစိတ်ဟာ အာဟာရလိုအပ်မှု ဆိုတာထက် တခြားအကြောင်းရင်းတွေကြောင့် ဖြစ်တာများပါတယ်နော်။

    ကိုယ် အရမ်း စားချင်နေတိုင်း ခန္ဓာကိုယ်က လိုအပ်လို့ သွေးတောင်းနေတာပဲ လို့ တွေးပြီး အလွန်အကျွံ မစားမိပါစေနဲ့ လို့ သတိပေးပါရစေ။ ဘာကြောင့် စားစား ကျန်းမာရေးနဲ့ ညီတာကို ပိုရွေးချယ်မိပါစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 29/06/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement