backup og meta

သင့်ရဲ့ အစာစားချင်စိတ်ကို ဒီနည်းလမ်းတွေနဲ့ ပြန်မြှင့်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ရဲ့ အစာစားချင်စိတ်ကို ဒီနည်းလမ်းတွေနဲ့ ပြန်မြှင့်ပါ

    လူဆိုတာ နေမကောင်းတဲ့အချိန်၊ စိတ်ညစ်တဲ့အချိန်မျိုးဆို အစာစားချင်စိတ်တွေ နည်းသွားပြီး ဘယ်အရာမှ ပါးစပ်ထဲ ခံတွင်းမတွေ့ဖြစ်တတ်ပါတယ်။ တစ်ခါတလေဆို ဘာမှမဖြစ်ဘဲနဲ့တောင် အစာစားချင်စိတ် မရှိသလောက် ဖြစ်သွားတတ်တယ်လေ။ များသောအားဖြင့် အစာစားချင်စိတ်နည်းခြင်းဟာ ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင် သိပ်ပြီးစိုးရိမ်စရာ ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့်လည်း နေ့စဉ်ရက်ဆက်ဆိုသလို အစာစားဖို့ ပျက်ကွက်နေတဲ့အခါ ကိုယ်ခန္ဓာက အာဟာရဓာတ်တွေ ရသင့်သလောက် မရတော့ဘဲ ကိုယ်ခံအားကျဆင်းသွားတတ်ပါတယ်။

    ဒါကြောင့် ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ် အမြဲတမ်းလိုလို အစာမစားချင်၊ ခံတွင်းပျက်နေတဲ့ Hello ဆရာဝန်ပရိတ်သတ်ကြီးတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းတွေကို ဒီဆောင်းပါးမှာ ဖတ်ကြည့်ကြရအောင်နော်။

    ၁။ အစာကို နည်းနည်းနဲ့ အကြိမ်ရေများများစားပေးပါ။

    အစာစားတဲ့အချိန်မှာ ထမင်းပန်းကန်ကို အပြည့်အမောက်ကြီး ထည့်ပြီး စားတတ်တဲ့သူတွေဟာ တခြားသူတွေထက် ဗိုက်ပြည့်တင်းနေပြီး အစာစားချင်စိတ် နည်းသွားတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ အစာစားသောက်မှုပုံစံကို ပမာဏနည်းနည်းနဲ့ ခဏခဏ ခွဲစားပေးတာမျိုး ပြောင်းလဲကြည့်သင့်ပါတယ်။

    ၂။ အာဟာရပြည့်တာတွေ များများစားပေးပါ။

    ခံတွင်းပျက်တယ်ဆိုတဲ့ သူတော်တော်များများက ရေခဲသေတ္တာထဲ တွေ့ရာမြင်ရာ သကြားဓာတ်များတဲ့ မုန့်တွေ၊ အအေးတွေ၊ အဆီအကြော်အလှော်တွေကို စားတတ်တာ သတိထားမိကြမှာပါ။ တကယ်တော့ ဒီလိုခံတွင်းပျက်ရခြင်းရဲ့ အဓိကတရားခံဟာလည်း ကိုယ်ခန္ဓာက လိုအပ်တဲ့အာဟာရဓာတ်တွေ မရရှိတာကြောင့်လည်း ပါပါတယ်။ ဒီတော့ တတ်နိုင်သလောက် အစားမရွေးဘဲ ကိုယ့်ရဲ့ တစ်နေ့တာမှာ အသား၊ ငါး၊ ဥ၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ၊ နွားနို့၊ အစေ့အဆန်၊ ပဲ အစရှိသဖြင့် စုံလင်စွာ စားပေးသင့်ပါတယ်။

    ၃။ အစာစားနေတဲ့အချိန်ဟာ ပျင်းခြောက်ကပ်နေစရာ မလိုပါဘူး။

    တစ်ယောက်ထဲ ထမင်းစားတာမျိုးထက် ကိုယ်ချစ်တဲ့၊ ခင်တဲ့သူတွေ၊ သူငယ်ချင်းမိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အတူတူ ဝိုင်းဖွဲ့ရင်း ရယ်ရယ်မောမော စကားလေးပြောပြီး အစာစားကြည့်ပါ။ ခံတွင်းပျက်နေတဲ့ စိတ်ကလေးတောင် ကြက်ပျောက်ငှက်ပျောက် ပျောက်ပြီး ကိုယ်မသိလိုက်ခင်လေးမှာပဲ စားနေတဲ့အစားကိုတောင် ကုန်အောင် စားပြီးသား ဖြစ်သွားပါလိမ့်မယ်။

    ၄။ အစာစားချိန်ကို သတ်မှတ်ထားပါ။

    ဗိုက်ဆာတဲ့အချိန် ထစားလိုက်မယ် ဆိုတာမျိုးထက် ကိုယ်က ဘယ်အချိန်မှာတော့ ပုံမှန်စားရမယ်ဆိုပြီး အချိန်သတ်မှတ်ထားကြည့်ပါ။ ဒီအချိန်အတိုင်းပဲ နေ့တိုင်းစားပေးတဲ့အခါ ဗိုက်သိပ်မဆာရင်တောင် အချိန်ကျလာပြီဆိုတာနဲ့ ကိုယ်ခန္ဓာက အစားအစာကို တောင့်တနေမှာပါ။

    ၅။ ထမင်းစားရမယ့်အချိန်တွေ မပျက်ပါနဲ့။

    ငါကတော့ မနက်ဆို နောက်ကျမှနိုးလို့ မနက်စာမစားဘူး၊ ဝိတ်ချနေတာမို့လို့ ညစာမစားဘူးဆိုတဲ့ အကျင့်တွေက ကိုယ့်ရဲ့ အစာစားချင်စိတ်ကို လျော့နည်းသွားစေနိုင်တယ်ဆိုတာ သတိထားသင့်ပါတယ်။ ဒါကြောင့် အချိန်တွေဘယ်လိုခွဲပြီး စားစား မနက်စာ၊ နေ့လည်စာနဲ့ ညစာ ၃နပ်ကတော့ တစ်နေ့တာအတွက် မဖြစ်မနေ စားပေးသင့်ပါတယ်။

    ၆။ အမျှင်ဓာတ်ကို နည်းနည်းပဲစားပါ။

    ပုံမှန်က လူတစ်ယောက်ရဲ့ ကျန်းမာရေးနဲ့ အစာခြေစနစ် ကောင်းစွာအလုပ်လုပ်ဖို့ အမျှင်ဓာတ်က အရမ်းအရေးကြီးပါတယ်။ ဒါပေမယ့် ခံတွင်းပျက်နေတဲ့အခါမျိုးမှာ အမျှင်ဓာတ်တွေက ဗိုက်ပြည့်လွယ်စေပြီး အစာစားချင်စိတ်ကိုလည်း သိပ်မမြှင့်တင်ပေးနိုင်ပါဘူး။ ဒါကြောင့် အသား၊ ငါးတွေကို ပိုပြီးစားပေးပါ။ အမျှင်ဓာတ်ပါတဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း ထည့်သွင်းပြီးတော့ စားပေးပါ။ လုံးဝမစားဘဲတော့ မနေပါနဲ့။

    ၇။ လေ့ကျင့်ခန်းများများလုပ်ပေးပါ။

    အမြဲတမ်းလိုလို ထိုင်နေတဲ့အခါ လူက ထိုင်းမှိုင်းလေးလံပြီး အစာစားချင်စိတ် နည်းသွားတတ်ပါတယ်။ ဒါကြောင့် တစ်နေ့ကို အနည်းဆုံး နာရီဝက်ခန့် အပြင်းအထန် လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုပါတယ်။ ဒါမှပဲ ကိုယ်ခန္ဓာထဲက သွေးတွေလည်ပတ်စီးဆင်းနှုန်း မြန်မယ်။ ဇီဝကမ္မဖြစ်စဉ်တွေကို လျင်မြန်စွာ ဖြစ်ပျက်ပြောင်းလဲစေပြီး ကိုယ့်ရဲ့ အစာစားချင်စိတ်ကို ပြန်လည်ရရှိစေမှာဖြစ်ပါတယ်။

    ၈။ လိုအပ်လာရင် အားဆေးသောက်ပေးပါ။

    ကိုယ်က အစာအာဟာရနဲ့ပတ်သက်ပြီး လိုအပ်နေတဲ့ အာဟာရဓာတ်တွေ ရှိတယ်လို့ သံသယရှိတယ်ဆိုရင် ဆရာဝန်နဲ့ တစ်ချက်ပြကြည့်ပြီး ကိုယ့်အတွက် ဘယ်အားဆေးက သင့်တော်မလဲဆိုတာ မေးမြန်းကြည့်သင့်ပါတယ်။ များသောအားဖြင့် ဇင့်ဓာတ်အားဆေး၊ သံဓာတ်အားဆေး၊ ငါးကြီးဆီဆေးလုံးတွေက ခံတွင်းပျက်နေတဲ့သူတွေအတွက် အကောင်းဆုံးပါပဲ။

    အစာစားမှသာ ကျွန်တော်တို့ခန္ဓာကိုယ်က ပုံမှန်အလုပ်လုပ်နိုင်ပြီး အားအင်ပြည့်ဖြိုးလန်းဆန်းနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ခံတွင်းပျက်နေတာနဲ့ပဲ အစာမစားချင်ဘူး၊ နောက်မှစားမယ်ဆိုတာမျိုးတွေ တတ်နိုင်သလောက်ရှောင်ဖို့နဲ့ ခုပြောပြခဲ့တဲ့ နည်းလမ်းတွေကို ကိုယ်တိုင်လုပ်ကြည့်ဖို့ ထပ်မံတိုက်တွန်းပေးလိုက်ချင်ပါတယ်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 11/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement