backup og meta

ရောင်ရမ်းခြင်းကို လျော့ကျစေသော အစားအသောက် ၇မျိုး


Dr. Khin Yin Kyay မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရောင်ရမ်းခြင်းကို လျော့ကျစေသော အစားအသောက် ၇မျိုး

    ရောင်ရမ်းခြင်းဆိုတာ အရိုးအဆစ်နဲ့ ကြွက်သားဆိုင်ရာ ရောဂါဝေဒနာအများစုမှာ ဖြစ်လေ့ရှိပါတယ်။ စောစီးစွာ ကုသမှုမခံယူရင် နာတာရှည် ရောင်ရမ်းခြင်းဝေဒနာကို ခံစားရနိုင်ပါတယ်။ သို့သော် ရောင်ရမ်းမှုအဆင့်ကို လျော့ကျသွားအောင် ကူညီပေးနိုင်တဲ့ လက်တွေ့နည်းလမ်းအချို့ရှိပါတယ်။ ဒါကတော့ သင့်ရဲ့ အစားအသောက်ကို ပြောင်းလဲ စားသောက်ပေးခြင်းမှ စတင်မှာ ဖြစ်ပါတယ်။ အာဟာရကျွမ်းကျင် ပညာရှင်များက လမ်းညွှန်ထားတဲ့ ရောင်ရမ်းမှုဝေဒနာကို လျော့ကျသက်သာအောင် ကူညီပေးနိုင်သော အစားအသောက် ၇မျိုးအကြောင်းကို ယခုဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

    ရောင်ရမ်းခြင်းဆိုတာ ဘာလဲ

    ခန္ဓါကိုယ်ထဲမှ ကျန်းမာနေတဲ့ ဆဲလ်တွေ ပျက်စီးသောအခါ ကိုယ်ခံအားစနစ်မှ တုံ့ပြန်သောကြောင့် ဖြစ်လာတဲ့ အခြေအနေကို ရောင်ရမ်းခြင်းလို့ ခေါ်ပါတယ်။ ရောင်ရမ်းခြင်း ဖြစ်လာတဲ့အခါမှာ အဆစ်တွေဟာ နီခြင်း၊ ဖောင်းခြင်း ၊ တောင့်တင်းခြင်း၊ နာကျင်ခြင်းတွေ ဖြစ်ပေါ်စေပါတယ်။ ရောင်ရမ်းခြင်းကို လျော့ကျသက်သာစေတဲ့ ဓါတုပစ္စည်းတွေများစွာ ရှိပါတယ်။ ၎င်းတို့ကို အရောင်ကျစေတဲ့ ဓါတုပစ္စည်း တွေလို့ခေါ်ပါတယ်။ ဒီဓါတုပစ္စည်းတွေထဲက အချို့ကို အစားအသောက်တွေထဲမှာ တွေ့ရပါတယ်။

    ရောင်ရမ်းမှုကို သက်သာလျော့ကျစေသော အစားအသောက်များ

    ငါး

    ငါးတွေဟာ ရောင်ရမ်းမှုဝေဒနာအတွက် မမျှော်လင့်ထားတဲ့ ကောင်းကျိုးတွေ ပေးနိုင်တယ်လို့ သိပ္ပံပညာရှင် တွေက ဖော်ပြထားပါတယ်။ ဆော်လမွန်ငါးကို ရွေးချယ်စားသောက်ခြင်းဟာ အကောင်းဆုံးလို့ ဆိုကြပါတယ်။ ဆော်လမွန်ငါးကို အရသာရှိတဲ့ အမျိုးမျိုးသော ဟင်းလျာတွေနဲ့ရောစား ပေးခြင်းအားဖြင့် အိုမီဂါ သရီး ကိုပိုမိုရရှိ စေပါတယ်။ တကယ်လို့ သင်ဟာ ငါးမကြိုက်တဲ့သူ ဆိုရင်တော့ ငါးကြီးဆီ ဖြည့်စွက်ဆေးကို အစားထိုး သောက်သုံးပေးနိုင်ပါတယ်။ သင်စားပေးသင့်တဲ့ ပမာဏကို ပိုပြီး သိရှိစေရန် ဆရာဝန် သို့မဟုတ် ဆေးဝါးကျွမ်းကျင်ပညာရှင်နဲ့ တိုင်ပင်နိုင်ပါတယ်။

    အသီးအနှံများ

    Anthocyanin ဓါတ်ကြွယ်ဝတဲ့ အသီးအနှံတွေဖြစ်တဲ့ ချဉ်သော ချယ်ရီသီး၊ ရက်စ်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီး တွေဟာဆိုရင် ရောင်ရမ်းမှုဝေဒနာကို လျော့ကျ သက်သာစေပါတယ်။ ဒါ့အပြင် ပိုးဝင်ခြင်း အန္တရာယ်မှ ကာကွယ်ပေးနိုင်သည့် polyphenol လို့ခေါ်တဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်း အဖွဲ့အစည်းများစွာ ပါဝင်ပါတယ်။

    ချဉ်သော အရသာရှိတဲ့ ချယ်ရီသီးဟာဆိုရင် ရောင်ရမ်းမှု ဝေဒနာကို ၅၀ရာခိုင်နှုန်းထိ လျော့ကျ သက်သာစေပြီး အားကစားသမားများတွင် အကိုက်အခဲပျောက်ဆေး၊ အရောင်ကျဆေးများစွာ သောက်သုံးရန် မလိုပဲ စွမ်းဆောင်ရည် ပိုမြင့်လာစေတယ်လို့ သုတေသန ပြုလေ့လာသူများက ဆိုကြပါတယ်။

    အစေ့အဆံများ

    အစေ့အဆံတွေဟာ ကျန်းမာရေးအတွက် ကောင်းမွန်တဲ့ အဆီဓါတ်တွေ များစွာပါဝင်ပြီး ရောင်ရမ်းမှုကို သိသိသာသာ တိုက်ထုတ်နိုင်ပါတယ်။ မက်မွန်သီးအစေ့ဟာ ဗီတာမင် အီး၊ ထုံးဓါတ်နဲ့ အမျှင်ဓါတ်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ သစ်ကြားသီး အစေ့ဟာဆိုရင် အပင်အခြေခံသော အိုမီဂါ သရီးများစွာပါဝင်ပါတယ်။ နေကြာစေ့နဲ့ သစ်အယ်စေ့ကဲ့သို့ အခြားအစေ့တွေမှာလည်း အိုမီဂါ သရီး ဓါတ်များစွာပါဝင် ပါသေးတယ်။ နေ့စဉ်စားသောက်တဲ့ အစာတွေထဲမှာ အစေ့အဆံများ၊ ငါး၊ အစိမ်းရောင် အရွက်များနဲ့ ကောက်ပဲသီးနှံတွေကို ထည့်ပေါင်း၍ စားပေးခြင်းကို မြေထဲပင်လယ်ဒေသမှ လူအများ ပြုလုပ် လေ့ရှိကြပါတယ်။

    ဒီလို စားသောက်ပေးခြင်းဟာ အနည်းဆုံး ၆ပတ် အတွင်းမှာ ရောင်ရမ်းခြင်းဝေဒနာကို ရှောင်ရှားပေးနိုင်တယ်လို့ ဆိုကြပါတယ်။

    လက်ဖက်ရည်

    လက်ဖက်စိမ်းရည် (သို့) လက်ဖက်နက်ရည် ကို ဖန်ခွက်သေး တစ်ဖန်ခွက် သောက်ပေးခြင်း ဟာလည်းပဲ သင့်ခန္ဓါကိုယ်ထဲမှာ ဓါတ်တိုး ဆန့်ကျင်ပစ္စည်းကို ပေါင်းထည့်ပေး သကဲ့သို့ ဖြစ်စေတဲ့အတွက် ရောင်ရမ်းခြင်းကို လျော့ကျသက်သာစေပါတယ်။ လက်ဖက်စိမ်းရည်ကတော့ သင့်အတွက် အကောင်းဆုံး ဖြစ်ပါတယ်။ မေ၂၀၁၅ တွင် ထုတ်ဝေခဲ့သော အပြည်ပြည်ဆိုင်ရာ အရိုးအဆစ် ရောဂါများ ဂျာနယ်၌ လက်ဖက်စိမ်းရည်နဲ့ လက်ဖက်နက်ရည်တို့ကို နှိုင်းယှဉ်ပြီး ရောင်ရမ်းမှုဝေဒနာသက်သာစေပုံ အကြောင်းကို ဖော်ပြခဲ့ပါတယ်။ ၎င်းရဲ့ လေ့လာမှုတစ်ခု၌ လက်ဖက်စိမ်းရည်ဟာ အရိုးအဆစ်ရောင်ရမ်း နာကျင်ခြင်းကို သက်သာစေရုံမျှမက နှလုံးရောဂါနဲ့ ကင်ဆာရောဂါ ဖြစ်နိုင်ချေကိုလည်း လျှော့ချပေးနိုင်တယ်လို့ ဆိုထားပါတယ်။

    ကြက်သွန်ဖြူ

    ကြက်သွန်ဖြူဟာ အနံ့အားဖြင့် ဆိုးသော်လည်း ဆေးကုသမှုဆိုင်ရာမှာ သူ့ရဲ့ ကောင်းကျိုးတွေကတော့ များစွာရှိပါတယ်။ ရောင်ရမ်းမှုဝေဒနာကို လျော့ကျသက်သာ စေတဲ့ အပြင် ခန္ဓါကိုယ်ရဲ့ ကိုယ်ခံအားစနစ်ကိုလည်း ပိုမို အားကောင်းစေပါတယ်။ ၎င်းဟာ ibuprofen ကဲ့သို့ စတီးရွိက်မဟုတ်တဲ့ အကိုက်အခဲပျောက် အရောင်ကျဆေးများနဲ့ ဂုဏ်သတ္တိချင်း တူညီတဲ့ အတွက် ဖြည့်စွက်အစာအနေနဲ့ စားသုံးနိုင်ပါတယ်။

    ဂျင်း

    ဂျင်းကို ဆေးဖော်စပ်ရာမှာ ကျယ်ကျယ်ပြန့်ပြန့် သုံးလာကြပါတယ်။ ၎င်းဟာလည်း ကျန်းမာရေးအတွက် ကောင်းကျိုးများစွာရှိနေတဲ့ ဟင်းခတ် အမွှေးအကြိုင် တစ်မျိုးပဲ ဖြစ်ပါတယ်။ ဂျင်းရဲ့ ရောင်ရမ်းမှုဝေဒနာကို သက်သာ ပျောက်ကင်းစေတဲ့ ကြီးမားသော အာနိသင်ကြောင့် နာတာရှည် အဆစ်အမြစ်ရောင်ရမ်းခြင်းနဲ့ လေးဖက်နာရောဂါကြောင့် အဆစ်အမြစ် ရောင်ရမ်းခြင်းကဲ့သို့ နာတာရှည် ဝေဒနာတွေကို လျော့ကျသက်သာစေပါတယ်။ အားကစားသမားတွေမှာလည်း ဂျင်းရဲ့ အရောင်ကျစေတဲ့ အာနိသင်ကို အသုံးပြုပြီး လေ့ကျင့်မှုပြီးတဲ့အခါ ရောင်ရမ်းခြင်း မဖြစ်ပေါ်အောင် ပြုလုပ်ကြပါတယ်။

    အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ

    လေ့လာတွေ့ရှိမှုများစွာအရ ဗီတာမင်အီးဟာ cytokines လို့ခေါ်တဲ့ ရောင်ရမ်းမှုဖြစ်စေတဲ့ ဓါတ်လေးတွေကို ဆန့်ကျင်ကာကွယ်ရာမှာ အရေးကြီးတဲ့ နေရာက ပါဝင်တယ်လို့ ဆိုပါတယ်။ ဗီတာမင်အီးကို ကိုက်လန်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ ဂျပန် သင်္ဘောဒန့်သလွန်ရွက်နဲ့ ဂေါ်ဖီထုပ် စတာတွေမှာ တွေ့ရပါတယ်။ အထူးသဖြင့် ကိုက်လန်ရွက်ဟာဆိုရင် ရောင်ရမ်းမှုကို ဖယ်ရှားပေးနိုင်တဲ့ ဆာလဖာဓါတ်များစွာ ပါဝင်ပါတယ်။ ဒါ့အပြင် အရောင်ရင့်တဲ့ အသီးအရွက်တွေဟာ ထုံးဓါတ်၊ သံဓါတ် နဲ့ ရောဂါခုခံနိုင်တဲ့ ဓါတု ဓါတ်အချို့စတဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်များစွာ ပါဝင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Khin Yin Kyay မှ ရေးသားသည်။ · 21/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement