backup og meta

တစ်နေ့တာမှာ ကော်ဖီသောက်လို့ အကောင်းဆုံးအချိန်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    တစ်နေ့တာမှာ ကော်ဖီသောက်လို့ အကောင်းဆုံးအချိန်

    လက်ရှိအချိန်ထိ တစ်ကမ္ဘာလုံး အတိုင်းအတာအရ နေ့စဉ် အများဆုံး သောက်နေကြတဲ့ ဖျော်ရည်စာရင်းမှာ ကော်ဖီဟာ ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ သူ့မှာ ပါတဲ့ ကဖင်းဓာတ်ကြောင့် စိတ်ကို နိုးကြားတက်ကြွစေသလို အိပ်ချင်တာ၊ ခေါင်းမူးတာတွေ ပြေစေပြီး စိတ်ကို ရွှင်လန်းစေတယ်။ တချို့တွေကျတော့လည်း ကော်ဖီကို ကျန်းမာရေးအတွက် မသင့်တော်ဘူးဆိုပြီး ရှောင်ကြတယ်။

    ကော်ဖီ သောက်သင့်လား၊ မသောက်သင့်ဘူးလား။

    တန်ဆေး၊ လွန်ဘေး ဆိုတဲ့ စကားပုံကို အမြဲတမ်း လက်စွဲကျင့်သုံးဖို့သာ လိုအပ်ပါတယ်။ ကော်ဖီမှာလည်း သူ့ရဲ့ ကောင်းကျိုးတွေ ရှိသလို ဆိုးကျိုးတွေလည်း ရှိနေနိုင်တာကြောင့် တစ်နေ့ တစ်ခွက်၊ အများဆုံး နှစ်ခွက်လောက်ပဲ သောက်ပေးနိုင်ရင်တော့ အကောင်းဆုံးပဲပေါ့။ နေ့တိုင်း သောက်နေတာထက်လည်း တစ်ရက်ခြားစီ သောက်ပေးနိုင်ရင် ပိုအဆင်ပြေပါတယ်။

    ဒီနေရာမှာတော့ ထူးခြားခြား ကော်ဖီနဲ့ ဓာတ်မတည့်တာမျိုး၊ ကော်ဖီ သောက်လို့ အဆင်မပြေတဲ့သူတွေ ဥပမာ – သွေးအားနည်းသူတွေ၊ ဆီးချိုရောဂါ ရှိသူတွေ၊ ရင်တုန်တတ်တဲ့ သူတွေဆိုရင်တော့ သောက်ချင်လည်း ဆန္ဒကို စိတ်နဲ့ ထိန်းရမှာပေါ့ဗျာ။ ဒီနေရာမှာတော့ အသင့်ဖျော် ကော်ဖီမှုန့် ရယ်ဒီမှုန့်ထုတ်တွေထက် သဘာဝ ကော်ဖီစစ်စစ်နဲ့ ဖျော်ထားတဲ့ ကော်ဖီအခါးကိုသာ ဦးစားပေး သောက်ဖို့တော့ အကြံပေးချင်ပါတယ်။ အချိုဓာတ်ကဲတဲ့ သကြား၊ နှို့မှုန့်တွေ မပါဝင်တဲ့အပြင် ကဖင်းဓာတ်ရဲ့ အာနိသင်ကို အပြည့်အဝ ခံစားရစေနိုင်မှာပါ။

    ဘာကြောင့် ကော်ဖီသောက်ဖို့ အချိန်ရွေးရတာလဲ။

    ၁။ ကော်ဖီနဲ့ ပတ်သက်ပြီး ကောင်းတာရော၊ မကောင်းတဲ့ အချက်တွေရော ရှိတာကြောင့် ကိုယ့်အတွက် အကျိုးအာနိသင် ပိုရပြီး ဆိုးကျိုး နည်းနိုင်သလောက် နည်းမယ့် အချိန်ကို ရွေးချယ်ဖို့ လိုပါတယ်။ ကျွန်တော့်အနေနဲ့ အကြံပေးလိုတာက ကော်ဖီသောက်ဖို့ မနက်ပိုင်းနဲ့ နေ့လည်ပိုင်း အချိန်တွေကိုသာ ရွေးချယ်ပါ။ ဥပမာ – မနက် ၆ နာရီခွဲ နိုးတဲ့သူတွေဆိုရင် မနက် ၉နာရီကနေ နေ့လည် ၁၂ နာရီကြား အချိန် သောက်ပေးခြင်းဖြင့် ကော်ဖီရဲ့ အာနိသင် ကောင်းကျိုးကို အပြည့်အဝ ခံစားရနိုင်ပါတယ်။

    ၂။ မနက်ခင်း အိပ်ရာကနိုးနိုးချင်း အချိန်ကိုတော့ လုံးဝရှောင်သင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ မနက်ခင်း နိုးနိုးချင်း အချိန်သည် ကျွန်တော်တို့ ကိုယ်ခန္ဓာထဲမှာ မကောင်းတဲ့ စိတ်ဖိစီးမှု ဟော်မုန်းတွေဖြစ်တဲ့ ကော်တီစော ဟော်မုန်း (Cortisol) တွေ အများဆုံး ထုတ်လွှတ်နေတဲ့ အချိန်ဖြစ်တာကြောင့်ပါ။ အဲ့လို အချိန်မှာ ကော်ဖီသွားသောက်လိုက်ရင် ကော်တီစော ဟော်မုန်းတွေကို ရှိတာထက် ပိုပြီး မြင့်တက်သွားစေသလို ကော်ဖီသောက်လို့ ရနိုင်တဲ့ နိုးကြားတက်ကြွမှုတွေလည်း လျော့နည်းသွားနိုင်ပါတယ်။

    ၃။ ကော်ဖီသောက်ပြီးရင် စိတ်ဓာတ် တက်ကြွလာစေတဲ့အတွက် အားကစား လုပ်ရာမှာ ပိုပြီး ခွန်အားစိုက်ထုတ်နိုင်သလို အမောခံနိုင်ရည်လည်း ကောင်းလာပါတယ်။ ဒီအတွက် Gym ဆော့နေသူတွေ၊ အားကစား အပြင်းအထန် လုပ်တဲ့သူတွေ အနေနဲ့ မနက်ခင်း အားကစား မလုပ်ခင် နာရီဝက်လောက်ခြားပြီး ကော်ဖီသောက်လို့ ရပါတယ်။ ညနေခင်းမှ အားကစားလုပ်တဲ့သူဆိုရင်တော့ မနက်ခင်းကို ကော်ဖီရှောင်တာ ဖြစ်စေ၊ အားကစားလုပ်ချိန်နဲ့ ၂နာရီလောက် ခြားပြီး သောက်ထားတာမျိုး ဖြစ်စေ လုပ်ပေးနိုင်ပါတယ်။

    ၄။ ကော်ဖီကို လုံးဝ မသောက်သင့်တဲ့ အချိန်တွေကတော့ ညနေ ၅ – ၆ နာရီ နောက်ပိုင်းနဲ့ ညအိပ်ခါနီး အချိန်တွေပဲ ဖြစ်ပါတယ်။ ကဖင်းဓာတ်ဟာ လူတစ်ယောက်ရဲ့ ဦးနှောက်ကို အလုပ်လုပ်ဖို့ တွန်းအားပေးတာ ဖြစ်တဲ့အတွက် ညအိပ်ချိန်နဲ့ နီးနီးကပ်ကပ် သွားသောက်လိုက်မိရင် လူက အိပ်မပျော်တော့ဘဲ မျက်စိကြောင်တာမျိုး ဖြစ်တတ်ပါတယ်။

    ကော်ဖီကို တစ်နေ့ တစ်ခွက်၊ နှစ်ခွက်လောက်သာ သောက်ပေးနိုင်ရင်တော့ ကျန်းမာရေးအတွက်လည်း ဘေးထွက်ဆိုးကျိုး များများ မရှိဘဲ ကဖင်းဓာတ်ကြောင့် လန်းဆန်းတက်ကြွတဲ့ အာနိသင်တွေကို ပိုင်ဆိုင်ရမှာပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement