backup og meta

ကျိုးသွားသောအရိုး မြန်မြန်ပြန်ဆက်အောင် စားသင့် မစားသင့်သည်များ


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျိုးသွားသောအရိုး မြန်မြန်ပြန်ဆက်အောင် စားသင့် မစားသင့်သည်များ

    လူခန္ဓါကိုယ်တစ်ခုတည်ဆောက်ရာတွင် အရိုးများဖွဲ့စည်းပုံသည် အလွန်အရေးပါလှသည်။ အဓိက ပင်မဖြစ်သော အရိုးများ ကျိုးသွားလျှင် အလွန်နာ၍ပြန်ဆက်ရန်လည်း အချိန်တစ်ခုယူရသည်။ ဆရာဝန်များသည် ကျိုးသွားသော အရိုးများပြန်ဆက်ရန်ကျောက်ပတ်တီးစည်းပေးခြင်း၊ စတီးချောင်းများထည့်ပေးခြင်းများပြုလုပ်ပေးမည်ဖြစ်သည်။ လူနာများဘက်ကလည်းနေ့စဉ်စားနေသော အစားအစာများတွင်အေက်ဖော်ပြပါ အစားများအား စားပေးခြင်းဖြင့် ကျိုးသွားသော အရိုးများကိုမြန်မြန်ပြန်ဆက်စေမှာဖြစ်ပါသည်။

    စားသင့်သော အစားအစားများ

    ပရိုတင်း(အသားဓါတ်)

    သင့် အရိုးများဖွဲ့စည်းရာတွင် ပရိုတင်း ( အသားဓါတ်) သည် မပါမဖြစ်ပါဝင်သည်။ သင်အရိုးများကျိုးသောအခါ ပြန်ဆက်ရန် အရိုးအသစ်ဆဲလ်များပြန်တည်ဆောက်ရာတွင် ပရိုတင်း ပါရပေသည်။ ပရိုတင်းသည် အရိုးဆဲလ်အသစ်များ တည်ဆောက်ခြင်းအတွက်သာမက အရိုးများအတွက် အဓိကလိုအပ်သော ကယ်စီယမ် ( calcium ) ကို စုပ်ယူခြင်းနှင့် အသုံးပြုခြင်း နေရာတွင် လည်း အရေးပါလှသည်။

    ပရိုတင်းဓါတ်ကြွယ်ဝသော အစားအစာများမှာ – အသားငါးများ၊ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ပဲအမျိုးမျိုး၊ အစေ့အစံများ၊ ပဲပိစပ်မှထွက်သော အစားအစာများ။

    ကယ်လ်စီယမ်

    အရိုးများတည်ဆောက်ရန်နှင့် ခိုင်မာစေရန်အတွက် အသုံးဝင်လှသော အရာဖြစ်သည်။ ကယ်စီယမ်ကြွယ်ဝသော အစားအစားမျာစားခြင်းဖြင့် ကျိုးသွားသော သင့်အရိုးများမြန်မြန်ပြန်ဆက်မည်ဖြစ်သည်။ အရွယ်ရောက်ပြီးသော လူတစ်ယောက်သည် တစ်နေ့လျှင် ကယ်လ်စီရမ် ၁၀၀၀-၁၂၀၀ မီလီဂရမ် လိုအပ်သည်။ သင်လုံလောက်စွာ မစား၍ ကယ်လ်စီယမ်ဓါတ် ချို့တဲ့လျှင် သင့်ဆရာဝန်မှ ကယ်စီယမ်သောက်ဆေးပြားများအားသောက်ရန် ညွှန်ကြားလိမ့်မည်။

    ကယ်လ်စီယမ်ဓါတ်ကြွယ်ဝသော အစားအစာများမှာ- နို့နှင့်နို့ထွက် ပစ္စည်းများ၊ခေါင်းတစ်ရာသားဟုခေါ်သော ငါးသေးသေးလေးများ၊ အရိုးပြုတ်ရည်များ၊ အစိမ်းရောင်ရှိသော အသီးအနှံများ၊ ဂေါ်ဖီထုတ်၊ မုန်လာအဖြူ၊ ပဲအမျိုးမျိုး။

    ဗီတာမင် D

    သင့်၏ ကျိုးသွားသော အရိုးများပြန်ဆက်ရန် ဗီတာမင် D သည်လည်း အရေးပါလှသည်။ ဗီတာမင် D သည် သင့်သွေးမှ ကယ်လ်စီယမ် စုပ်ယူခြင်းကို အကူအညီပေးသည်။မနက်ခင်းနေရောင်ခြည် နုနုအောက်တွင် ၁၅ မိနစ်နေပေးလျှင် ကိုယ်ခန္ဓါမှဗီတာမင် D တည်ဆောက်ခြင်းကို အထောက်ကူပြုသည်။ အရွယ်ရောက်သူတစ်ဦးသည်ဗီတာမင် D ၆၀၀ IU လိုအပ်သည်။ အသက် ၇၀ကျော်လျှင်တော့ဗီတာမင် D ၈၀၀ IU လိုအပ်သည်။ ယခုအခါ လိုအပ်သောဗီတာမင် D ကိုဆေးပြားအနေဖြင့်လည်းရရှိနိုင်ပြီဖြစ်သည်။

    ဗီတာမင် D ကြွယ်ဝသော အစားအစာများမှာ – ကြက်ဥအနှစ်၊ နို့နှင့်နို့ထွက် ပစ္စည်းများ၊ အဆီများသောငါးများ ( ဆယ်လ်မွန်ငါး၊ ဆာဒင်းငါး) အသည်းနှင့်ဗီတာမင် D ထည့်၍ထုတ်ထားသော အသင့်သောက် အချိုရည်များ။

    ဗီတာမင် C

    ကော်လဂျင်( collagen) သည် အရိုးများတည်ဆောက်ရန်နှင့် ကျိုးသွားသော အရိုးများပြန်ဆက်ရာတွင် အရေးပါသော ဓာတ်တစ်မျိုးဖြစ်သည်။ဗီတာမင် C သည် collagen တည်ဆောက်ရန်အတွက် အရေးပါလှသည်။ဗီတာမင် C ကို လတ်ဆတ်သော အသီးအနှံများမှ ရရှိသည်။ အသီးအနှံများကို မီးပြင်းပြင်းနှင့် ချက်ပြုတ်လျှင် ( သို့မဟုတ် ) အခန်းအပူချိန်တွင်ကြာရှည်စွာထားလျှင် ပါဝင်သောဗီတာမင် Cပျက်စီးတတ်သည်။ ထို့ကြောင့်ရေခဲသေတ္တာထဲတွင် အသီးအနှံများအား ထည့်သိမ်းထားသင့်သည်။

    ဗီတာမင် C ကြွယ်ဝသော အစားအစာများမှာ – ချဉ်သော အသီးအနှံများ၊ လိမ္မော်သီး၊ သံပရာသီးရှောက်သီး၊ ခရမ်းချဉ်သီး၊ ကီဝီသီး၊ ဘယ်ရီသီးများ၊ အာလူးနှင့် အစိမ်းရောင်ရှိသော အသီးအရွက်များ။

    သံဓါတ်

    သင့်တွင် သံဓာတ်ချို့တဲ့သောသွေးအားနည်းရောဂါရှိနေလျှင် ကျန်းမာသောသွေးနီဥများ အလုံအလောက်မရှိခြင်းကြောင့် ကျိုးသော အရိုးများပြန်ဆက်ခြင်းဖြစ်စဉ်သည် အခြားသာမာန်လူများထက်နှေးနေနိုင်ပါသည်။ သံဓါတ်သည်ကော်လဂျင်( collagen) တည်ဆောက်ခြင်းကိုလည်း အကူအညီပေးသည့် အပြင်အောက်စီဂျင်ကိုလည်း အရိုးများထဲသို့ ပို့ပေးခြင်းဖြင့် အရိုးများကိုမြန်မြန်ပြန်ဆက်စေသည်။

    သံဓါတ် ကြွယ်ဝသော အစားအစာများမှာ – အနီရောင်ရှိသော အသားများ၊ ကြက်ဆင်သား၊ ကြက်သား ၊ အမဲသား၊ ကြက်ဥ၊ အဆီများသော ငါးများ၊ သစ်သီးခြောက်များ၊ အစိမ်းရောင်ရှိသော အသီးအရွက်များ၊ ဂျံကြမ်းဖြင့်ပြုလုပ်သောပေါင်မုန့်။

    ပိုတက်ဆီယမ်

    သင်စားသော အစားအစာများတွင် ပိုတက်ဆီယမ်များများထည့်စားခြင်းဖြင့် သင်ဆီးသွားသောအခါတွင် ဆီးထဲတွင် ကယ်လ်စီယမ် ပါသွားခြင်များလျော့သွားမည်။

    ပိုတက်ဆီယမ်ကြွယ်ဝသော အစားအစာများမှာ – ငှက်ပျောသီးလိမ္မော်သီးဖျော်ရည်၊ အာလူး၊ငါး၊ နို့နှင့်နို့ထွက် ပစ္စည်းများ ။

    မစားသင့်သော အစားအစာများ

    အရက်သေစာများ

    အရက်သေစာသောက်ခြင်းကို မရပ်လျှင် သင့်အရိုးများပြန်ဆက်ခြင်းကိုနှေးစေပြီး အရိုးဆက်ရန်လိုအပ်သော အရိုးအသစ်များဖြစ်ခြင်းကို တားဆီးလိမ့်မည်။ အရက်သောက်၍မူးလျှင် သင်ခြေခိုင်ခိုင်မရပ်နိုင်ဘဲ ချော်လဲကာ အခြားသော အရိုးများပင် ထပ်၍ကျိုးနိုင်ပါသေးသည်။

    ငန်လွန်းသော အစားအစာများ

    အငန်များများစားလေ ဆီးများများသွားလေ ကယ်စီယမ်များဆီးထဲတွင် ပါသွားလေဖြစ်သည်။

    ကော်ဖီ ( ကဖင်းဓာတ်)

    ကော်ဖီအား တစ်နေ့၄ ခွက်ထက်ပိုသောက်လျှင် ဆီးများများသွားပြီး အရိုးဆက်ရန် လိုအပ်သော ကယ်စီယမ်များဆီးထဲတွင် ပါသွားသည့် အတွက် အရိုးများဆက်ခြင်းဖြစ်စဉ်ကိုနှေးကွေးစေမည်ဖြစ်သည်။ သင့်တင့်သော ပမာဏလောက်သာသောက်လျှင်တော့ အရိုးပြန်ဆက်ခြင်းကို မထိခိုက်နိုင်ပါ။

    ရှောင်ရန် ဆောင်ရန်များကို သိထားခြင်းဖြင့် ကျိုးသွားသော အရိုးများမြန်မြန်ပြန်ဆက်ရန် ဤဆောင်းပါးလေးသည် အထောက်အကူဖြစ်စေဖို့မျှော်လင့်ပါသည်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement