backup og meta

ကျန်းမာရေးအတွက် မနက်စာ “ထောပတ်သီး အသုပ်”


Ye Myo Myat မှ ရေးသားသည်။ · 23/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာရေးအတွက် မနက်စာ “ထောပတ်သီး အသုပ်”

    တစ်နေ့တစ်နေ့ ဘာစားရမလဲ၊ ဘာချက်ရမလဲဆိုပြီး စဉ်းစားရတာ အရမ်းအလုပ်ရှုပ်တာနော်။ အထူးသဖြင့် အိမ်ထောင်ရှင်လေဒီလေးတွေ အစားတစ်လုပ် စားရဖို့အရေး ကျန်းမာရေးအတွက် ကြည့်ရတာနဲ့ အိမ်သားတွေ အကြိုက်ကို တွေးပူရတာနဲ့ စိတ်ညစ်စရာကြီးပေါ့။ ဒီတော့ လွယ်ကူရိုးရှင်းပြီး အချိန်လည်း သိပ်မပေးရတဲ့ ဟင်းချက်နည်းတစ်ခုကို ပြောပြပေးချင်ပါတယ်။

    ထောပတ်သီး အသုပ် ချက်နည်း

    ပါဝင်ပစ္စည်း

    ထောပတ်သီး = ၂လုံး

    သခွားသီး = ၁လုံး

    ကြက်သွန်နီ = ၁စိတ်

    ခရမ်းချဉ်သီး = ၁လုံး (အသေးဆိုရင် ၃လုံး)

    သံလွင်ဆီ = ထမင်းစားဇွန်း ၂ဇွန်း

    သံပရာရည် = ထမင်းစားဇွန်း ၂ဇွန်း

    နံနံပင် = လက်တစ်ဆုပ်စာ

    ဆား = လက်ဖက်ရည်ဇွန်း ၁ဇွန်း

    သကြား = လက်ဖက်ရည်ဇွန်း ၁ဇွန်း

    ငရုတ်ကောင်းမှုန့် = ပါရုံလောက် အနည်းငယ် လိုအပ်ပါတယ်။

    ဟင်းချက်နည်း

    ၁။ အရင်ဆုံး ထောပတ်သီးကို အခွံခွာပြီး အတုံးလေးဖြစ်အောင် လှီးပါ။

    ၂။ သခွားသီး၊ ကြက်သွန်နီ၊ ခရမ်းချဉ်သီးတွေကိုလည်း လေးထောင့်အတုံးပုံစံ လှီးစိတ်ပါ။ နံနံပင်ကို နုတ်နုတ်စင်းထားပါ။

    ၃။ အသုပ်သုပ်မယ့် ဇလုံထဲကို လှီးထားတဲ့ ခရမ်းချဉ်သီး၊ သခွားသီး၊ ကြက်သွန်နီ၊ ထောပတ်သီး၊ နံနံပင်ကို ရောထည့်ပြီး သံလွင်ဆီ၊ သံပရာရည်ထည့်ပြီးမွှေပါ။

    ၄။ ပုံမှန်သုပ်နေကျ အသုပ်တွေလို လက်နဲ့ နယ်စရာမလိုပါဘူး။ ဇွန်းနဲ့ အကုန်သမအောင် မွှေပေးရုံပါပဲ။

    ၅။ ပြီးသွားရင် ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့် ဖြူးပြီး နောက်ဆုံးတစ်ကြိမ် မွှေပေးပါ။

    ၆။ မိသားစု နှစ်ယောက်မှ ၃ယောက်ထိ တည်ခင်းသုံးဆောင်နိုင်ပါပြီ။

    ပေါ့ပေါ့ပါးပါး မနက်စာအနေနဲ့လည်း စားလို့ရသလို နေ့လယ်ဘက် ထမင်းစားပြီးတဲ့အချိန် သရေစာအနေနဲ့ အဆာပြေစားရင်လည်း အဆင်ပြေပါတယ်။ ထမင်းနဲ့ တွဲစားမယ်ဆိုရင်တော့ အသုပ်ချည်းပဲ ဖြစ်စေ၊ အသားကင်၊ အသားဟင်းတစ်ခုခုနဲ့ဖြစ်စေ ရောစားတာက ပိုအဆင်ပြေပါလိမ့်မယ်။

    ရနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူး

    • ဗီတာမင် အေ ပါဝင်လို့ မျက်စိအားကောင်းစေတယ်။

    အမျှင်ဓာတ်က အစာကြေလွယ်စေပြီး ဝမ်းမှန်စေတယ်။

    • ဗီတာမင် စီဓာတ်ကြောင့် အသားအရေကို လှပစေတယ်။

    • ကယ်လ်စီယမ်ဓာတ်နဲ့ သံဓာတ် ပါဝင်လို့ အရိုးနဲ့ သွားကို ကျန်းမာစေတယ်။

    ကိုယ်အလေးချိန် ထိန်းချင်သူများအတွက် သင့်လျော်ပါတယ်။

    သတိပြုရန် မှတ်ချက်

    ၁။ သံလွင်ဆီအစား မြေပဲဆီ၊ နေကြာဆီ၊ ဟင်းသီးဟင်းရွက်ဆီများကို အစားထိုး အသုံးပြုနိုင်သည်။ ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး သတ်မှတ်ထားသည်ထက် လျှော့ထည့်နိုင်ပါသည်။

    ၂။ နံနံပင် မကြိုက်ဘူးဆိုရင် ကြက်သွန်မြိတ်ကို ပါးပါးလှီးထည့်လို့လည်း ရပါတယ်။

    ၃။ ဆားနဲ့ သကြားကိုလည်း ဇွန်းတစ်ဝက်ထိ လျှော့ချပေးနိုင်ပါတယ်။

    ၄။ ရေခဲသေတ္တာထဲကို ထည့်ထားပြီး စားခါနီးမှ ထုတ်ပြီး ပြင်ဆင်တာ ပိုကောင်းပါတယ်။

    ၅။ စားပြီးသွားရင်တော့ ရေများများ သောက်ပေးဖို့ မမေ့ပါနဲ့။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 23/03/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement