backup og meta

အဝလွန်ခြင်းက ကိုယ်ခံအား အပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အဝလွန်ခြင်းက ကိုယ်ခံအား အပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲ။

    ဒီလို တုပ်ကွေးရာသီ နီးလာပြီဆို “အာဟာရရှိအောင်စား။ အားရှိအောင်နေ။ ကိုယ်ခံအား ကောင်းမှ ရောဂါကို တိုက်ထုတ်နိုင်မှာ” လို့ လူကြီးတွေက မှာလေ့ရှိပါတယ်။ တကယ်လည်း ကိုယ်ခံအား ကောင်းနေရင် တော်ရုံ ရောဂါပိုးလောက်က အသာလေးပါပဲ။ ဒါပေမယ့် စားရင်း စားရင်းနဲ့ ဝိတ်တွေ တက်လာရင်ရော ကိုယ်ခံအားက လိုက်တက်လာမှာလား။  ကိုယ့်ရဲ့ ကိုယ်အလေးချိန် ပိန်ခြင်း၊ ဝခြင်းက ကိုယ်ခံအား အပေါ်ကို ဘယ်လို သက်ရောက်မှု ရှိနေပါတယ်။ ဒီတော့ အဝလွန်ခြင်းက ကိုယ်ခံအား အပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲ။ ဆိုတာကို လေ့လာလိုက်ရအောင်နော်။

    ပိန်တဲ့သူက ရောဂါဒဏ်ကို ခံနိုင်ရည် မရှိဘူးဆိုတာ လူတိုင်း သိပါတယ်။ ဒါပေမယ့် ဝတာကလည်း ကိုယ်ခံအား ကျစေတယ်ဆိုတာ သိကြပါရဲ့လား။ ဒီအကြောင်းကို ဆက်ကြည့်ကြ ရအောင်နော်။

    လူတစ်ယောက်ရဲ့ ပိန်ခြင်း ဝခြင်း

    လူတစ်ယောက်ရဲ့ ပိန်ခြင်း ဝခြင်းကို အရင်ကလို “နင်ကတော့ ပိန်သွားလိုက်တာ၊ နင်ဝလာတယ်နော်” စသဖြင့် အမြင်နဲ့ မဆုံးဖြတ်ပါဘူး။ ပေါင်ချိန်သီးသန့်နဲ့လည်း မပြောတော့ပါဘူး။ BMI လို့ခေါ်တဲ့ ကိုယ်အလေးချိန် ထုထည် ညွှန်းကိန်းနဲ့ပဲ ပြောတော့တာပါ။ ဒါက အရပ်နဲ့ ကိုယ်အလေးချိန်ပေါ် မူတည်ပြီး တွက်ထားတဲ့အတွက် ပိုပြီး သင့်လျော်ပါတယ်။

    BMI 18.5 အောက်ဆို ပိန်တယ်လို သတ်မှတ်ပြီး 30ကျော်ရင်တော့ အဝလွန်နေပြီလို့ သတ်မှတ်ပါတယ်။ ဒါကြောင့် ဒီအဝလွန်ခြင်းက ခုခံအား အပေါ် ဘယ်လို အကျိုးသက်ရောက်မှုရှိလည်းဆိုတာ ပြောပြပေးပါ့မယ်။

    အဝလွန်ခြင်းက ကိုယ်ခံအား အပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲ။

    အဝလွန်ခြင်းက ကိုယ်ခံအား အပေါ် ဘယ်လို သက်ရောက်မှု ရှိသလဲ။ ဆိုတော့ ဒီနေရာမှာ ပြောစရာ နှစ်ပိုင်း ရှိပါတယ်။ အဝလွန်ခြင်းကနေ တစ်ဆင့် ရောဂါတွေ ဖြစ်ပြီး ကိုယ်ခံအား  ကျတာနဲ့ အဝလွန်ခြင်း ကိုယ်တိုင်ကြောင့် ကိုယ်ခံအား ကျတာပါ။

    • အဝလွန်ခြင်းကနေ တစ်ဆင့် ရောဂါတွေ ဖြစ်ပြီး ကိုယ်ခံအားကျတာ

    အဝလွန်ခြင်းကြောင့် ဆီးချိုသွေးတိုး၊ နှလုံးရောဂါတွေ ဖြစ်နိုင်တယ်ဆိုတာ လူတိုင်း သိပြီးသားပါ။ ဒီရောဂါတွေရဲ့ နောက်ဆက်တွဲ ဥပမာ ဆီးချိုရောဂါဆိုရင် နောက်ပိုင်းကျ အနာမကျက်တာ၊ ပိုးဝင်လွယ်တာ စတာတွေ ဖြစ်လာနိုင်ပါတယ်။ ကျောက်ကပ်လည်း ထိခိုက်တာကြောင့် ရောဂါတိုက်ထုတ်မယ့် ပဋိဇီဝပစ္စည်း (immunoglobulin)တွေ ဆီးထဲ ပါသွားပြီး ရောဂါပိုးတွေ ကို ကောင်းကောင်း မတိုက်ထုတ်နိုင်တော့ပါဘူး။

    နောက်ပြီး ဒီလို ရောဂါအခံတွေ ရှိနေရင် အပြင်ကနေ ပိုး တစ်ခုခု ဝင်လာတဲ့အခါ double burden ဖြစ်လာပြီး ရောဂါဒဏ်ကို ပိုခံရပါတယ်။ အသက်ကြီးတဲ့ သူဆိုရင် ပိုပြီး သတိထားရမှာပါ။

    • အဝလွန်ခြင်း ကိုယ်တိုင်ကြောင့် ကိုယ်ခံအားကျတာ

    ကိုယ်ခံအားကျစေတဲ့ အကြောင်းတွေကတော့

    – cytokine ထုတ်တာ နည်းသွားတာ

    ခုခံအားဆဲလ်တွေ အလုပ်မလုပ်နိုင်တာ

    – ကိုယ်ထဲကို ပြင်ပပစ္စည်း (ရောဂါပိုး) ဝင်လာရင် တုံ့ပြန်နိုင်စွမ်း နည်းသွားတာ

    ဒါတွေက ဆေးပညာ အသုံးအနှုန်းတွေမို့လို့ နားမလည်လည်း ရပါတယ်။  ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းကိုလည်း အတိအကျ မပြောနိုင်သေးပါဘူး။ အဓိကပြောချင်တာက အဝလွန်တာက ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအား စနစ်ကို ထိခိုက်စေပြီး ရောဂါပိုး ဝင်လွယ်စေတယ်ဆိုတာပါပဲ။

    ဒါ့ပြင် လေ့လာချက်တွေအရ ဆေးရုံမှာ ကုသမှု ခံယူတဲ့ လူနာချင်း တူရင်တောင် နောက်ဆက်တွဲ ပိုးဝင်တာ၊ အနာမကျက်တာ၊ အဆုတ်ရောင်တာ၊ ဆီးပိုက်ကနေ ပိုးဝင်တာ စတာတွေ ပိုအဖြစ်များတာကို တွေ့ရပါတယ်။

    အဝလွန်ခြင်းနဲ့ ကာကွယ်ဆေး

    တချို့သော လေ့လာချက်တွေအရ အဝလွန်ခြင်းနဲ့ ကာကွယ်ဆေး အောင်ခြင်း မအောင်ခြင်း ဆက်စပ်မှုရှိတယ်လို့ ဆိုပါတယ်။ ကာကွယ်ဆေး ဆိုတာက အားပျော့နေတဲ့ ပိုးတွေကို ခန္ဓာကိုယ်ထဲ ထည့်လိုက်ပြီး ကိုယ်ခံအားကို တိုက်ခိုင်းတာပါ။ ဒီပိုးတွေက အားပျော့တဲ့ အတွက် သာမန်အားဖြင့်တော့ လူကို အန္တရာယ်မပြုနိုင်ဘူး။ တစ်ခါဝင်သွားပြီးရင် ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားက မှတ်ထားတဲ့ အတွက် နောက်တစ်ခါ ရောဂါပိုး ဝင်လာရင် အလွယ်တကူပဲ တိုက်ထုတ်နိုင်မှာပါ။

    အဝလွန်တဲ့အခါ ခုနက ပြောခဲ့သလို  ခုခံအားဆဲလ်တွေ ကောင်းကောင်း အလုပ်မလုပ်တဲ့ အတွက် ပဋိဇီဝပစ္စည်း ကောင်းကောင်း မထွက်ပါဘူး။ ဒါကြောင့် ကာကွယ်ဆေး ထိုးမယ်ဆို ဆေးအောင်မအောင် စစ်ဆေးသင့်ပါတယ်။

    ဘာကြောင့် ဒီလို ဖြစ်ရတာလဲ။

    အတိအကျ မပြောနိုင်ပေမယ့် အဆီတစ်ရှူးကြောင့် လို့ဆိုပါတယ်။ အဆီတစ်ရှူးတိုင်းတော့ မဟုတ်ပါဘူး။ White adipose tissue (WAT) လို့ခေါ်တဲ့ အဆီအမျိုးအစားပါ။ မြန်မာလို တည့်တည့်ပြန်ရင် အဖြူရောင် အဆီတစ်ရှူးပေါ့။ ဝတဲ့သူတွေမှာ ပိုတွေ့ရပါတယ်။ ဒီအဆီတစ်ရှူးက ခန္ဓာကိုယ်ရဲ့ ရောင်ရမ်းမှုတွေအပေါ်မှာ သက်ရောက်မှု ရှိပါတယ်တဲ့။ ဒီအဆီတွေ များလာတဲ့အခါ ခန္ဓာကိုယ်မှာ နာတာရှည်ရောင်ရမ်းတာတွေ ဖြစ်လာပြီး ရောဂါပိုးတွေ တိုက်ထုတ်ဖို့ ခက်ခဲ သွားပါတယ်။ ဒီနေရာမှာ ရောင်ရမ်းတယ်ဆိုတာ လူတွေ သိကြတဲ့ ရောင်ရမ်း နာကျင်တာကို ပြောတာမဟုတ်ပါဘူး။ ဆဲလ်တွေ ရောင်ရမ်းတာကို ပြောတာပါ။ သာမန်မျက်စိနဲ့ မမြင်နိုင်ပါဘူး။

    ကိုယ်ခံအားလည်း ကောင်းချင်တယ်၊ အဝလည်း မလွန်ချင်ဘူးဆိုရင် ဘယ်လို လုပ်မလဲ။

    အဓိက အစားအသောက်နဲ့ လေ့ကျင့်ခန်းကို အားကိုးရမှာပါ။ အစားအသောက်မှာ ဆိုရင်လည်း များများစားမှ အားရှိမယ်ဆိုတာမျိုး မဟုတ်ဘဲ ညီညွတ်မျှတအောင် စားပေးရင် ရပါပြီ။ အထူးသဖြင့် ကိုယ်ခံအား ကောင်းစေမယ့် အစားအစာတွေပေါ့။ လေ့ကျင့်ခန်းလည်း လုပ်ပေးရမှာပါ။ လေ့ကျင့်ခန်း လုပ်တာက ကိုယ်အလေးချိန်ကို ထိန်းပေးတဲ့ အပြင် ကိုယ်ခံအားကိုလည်း တက်စေပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့သူတွေက သာမန် ဖျားတာ နာတာလောက်ကို ကောင်းကောင်းကြီး ခံနိုင်ရည်ရှိပါတယ်။

    ခုလို အိမ်တွင်းပုန်းနေရတဲ့အချိန်ဆို ပိုပြီး သတိထားသင့်ပါတယ်။ လုပ်စရာ မရှိတော့ စား၊ စားပြီးတော့အိပ်၊ နိုးလာတော့ စား၊ အိပ်ရာပေါ်မှာပဲ တစ်နေကုန် နေမိမှာပါ။ ဒါကြောင့် ဒီအချိန်တွင်းမှာလည်း တွေ့တာ မစားဘဲ အာဟာရရှိတာကို ရွေးပြီး စားပေးပါ။ လေ့ကျင့်ခန်း မလုပ်ချင်ရင်တောင် တစ်နေ့ကို နာရီဝက်လောက် လှုပ်လှုပ်ရှားရှားနေပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    ဆက်စပ် အကြောင်းအရာများ


    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 28/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement