backup og meta

ကြက်ဥ/ဘဲဥစားသင့်တဲ့ အချက်ငါးချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြက်ဥ/ဘဲဥစားသင့်တဲ့ အချက်ငါးချက်

    ကြက်ဥ/ဘဲဥဟာ ဈေးပေါတဲ့ အစားအစာတမျိုးဖြစ်သလို စွယ်စုံအသုံးတော်ခံတဲ့ သုံးပန်လှဆိုလည်း မမှားပါဘူး။ ဒါပေမယ့် ကြက်ဥ/ဘဲဥ လုံးဝမစားသူတွေရှိသလို မကြိုက်တဲ့အတွက် မဖြစ်မနေမှ စားသူတွေလည်း ရှိပါတယ်။ အချို့ ကိုယ်ခန္ဓါလှပချင်သူ၊အားကစားလုပ်သူတွေကလည်း ကြက်ဥ/ဘဲဥတွေဟာ ကယ်လိုရီတက်တဲ့အတွက် စားဖို့တွန့်ဆုတ်တတ်ကြပါတယ်။ သင်ဟာ ကြက်ဥ/ဘဲဥနဲ့ ရန်ဖြစ်ထားသူဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ပါ။ စားချင်စိတ်ပိုဖြစ်လာဖို့ အာမခံပါတယ်။ အကယ်၍ သင်ဟာ ကြက်ဥ/ဘဲဥ ကြိုက်တတ်သူဆိုရင်လည်း ဖတ်ကြည့်လိုက်ပါဦး။ စားရတာ အားပိုတက်လာမှာပါ။

    ၁။ သူတို့ဟာ ဈေးအပေါဆုံး ပရိုတိန်းရင်းမြစ် ဖြစ်ပါတယ်

    သင့်အနေနဲ့ ဘယ်လိုဥမျိုးကိုပဲစားစား ပရိုတိန်းဓါတ်ကြွယ်ဝစွာ ရရှိပါမယ်။ ကြက်ဥ/ဘဲဥတလုံးဟာ ယေဘုယျအားဖြင့် ငွေတရာပတ်လည်သာ တန်ဖိုးရှိပေမယ့် အရည်အသွေးမြင့်မားတဲ့ ပရိုတိန်းဓါတ် ခြောက်ဂရမ် ပေးစွမ်းနိုင်ပါတယ်။ ဆိုလိုတာက အစားအစာကနေ ရရှိသင့်တဲ့ အမိုင်နိုအက်ဆစ်ဓါတ်အားလုံးကို ကြက်ဥ/ဘဲဥဆီကရနိုင်တယ်လို့ ပြောချင်တာပါ။ ဒါဟာ အသားက ရတဲ့ အမိုင်နိုအက်ဆစ်ဓါတ်တွေနဲ့ အာဟာရတန်ဖိုးချင်း အတူတူပါပဲ။ ကြက်ဥ/ဘဲဥရဲ့ အကာမှာရော၊အနှစ်မှာပါ ပရိုတိန်းဓါတ်တွေ ညီတူမျှတူပါဝင်နေတယ်ဆိုတာကိုလည်း သတိချပ်သင့်ပါတယ်။

    ၂။ အဆာခံစေတယ်

    မနက်စောစော ကြက်ဥ/ဘဲဥကြော်လေးများ စားထားရင် ပိုအဆာခံပါတယ်။ တခြား ကော်ဖီ၊မုန့်ဟင်းခါး၊အသုတ် စတာတွေထက် ပိုအဆာခံစေတာပါ။ မနက်စာကို ကြက်ဥ/ဘဲဥ စားထားသူတွေရဲ့ ခန္ဓါကိုယ်ထဲမှာ ဆာလောင်ခြင်းကို ဖြစ်စေတဲ့ ဟော်မုန်းပမာဏ နည်းပါးနေတာမို့ နေ့လည်စာကို နည်းနည်းပဲ စားဖို့လိုပါတယ်။ ဒါဆိုရင် ကယ်လိုရီတွေလည်း သိပ်မတက်တော့ဘူးပေါ့။

    ၃။ သင့်မျက်စိကိုလည်း ကာကွယ်ပေးတယ်

    ဒီအချက်က နည်းနည်း ဆန်းနေပါလိမ့်မယ်။ ဆက်ကြည့်ရအောင်။ မျက်စိရဲ့ မြင်လွှာမှာ အဓိကစုဝေးနေတဲ့ lutein ခေါ် အဝါရောင်ခြယ်ဓါတ်ပစ္စည်းတမျိုးဟာ ကြက်ဥ/ဘဲဥတွေမှာ ကြွယ်ဝစွာ ပါဝင်နေပါတယ်။ အမြင်အာရုံဆုံးရှုံးစေတဲ့ အကြောင်းရင်းတွေထဲမှာ အဓိကအကြောင်းရင်းတခုလို့ ပြောနိုင်တဲ့ မြင်လွှာရဲ့ macula အစိတ်အပိုင်းချို့ယွင်းခြင်းပြဿနာ(macular degeneration) မဖြစ်ပေါ်ရလေအောင် အဆိုပါ Lutein ဓါတ်က ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ နေ့စဉ်အသုံးပြုနေတဲ့ စမတ်ဖုန်း၊တက်ဘလက်၊ကွန်ပြူတာ စတဲ့ ပစ္စည်းတွေက ထွက်ရှိလာတဲ့ အလင်းတန်းတွေကြောင့် မျက်စိထိခိုက်ခြင်းကိုလည်း Lutein ဓါတ်က ကာကွယ်ပေးနိုင်ပါတယ်။ ဒစ်ဂျစ်တယ်ပစ္စည်းတွေဆီက ထွက်ရှိလာတဲ့ အပြာရောင်အလင်းတန်းနဲ့ ပတ်သက်လို့ သုတေသနပြုမှုတွေ များများစားစား မရှိသေးပေမယ့် အဆိုပါ အလင်းတန်းတွေဟာ ကင်ဆာရောဂါ၊အဝလွန်ခြင်းနဲ့ မျက်စိရောဂါတွေဆီ ဦးတည်နေတယ်လို့ အချို့က ယူဆထားကြပါတယ်။Lutein ဓါတ်ဟာ ကြက်ဥ/ဘဲဥရဲ့ အနှစ်မှာ အဓိကပါဝင်တာမို့ အကာချည်းပဲ စားလို့တော့ မရပါဘူး။

    ၄။ ကြက်ဥ/ဘဲဥဟာ သင်ထင်သားသလို သွေးကြောပိတ်စေတဲ့ ဗီလိန်ကြီးတွေ မဟုတ်ကြရှာပါဘူး

    ဆယ်စုနှစ်ပေါင်းများစွာဆိုသလို ကြက်ဥ/ဘဲဥတွေဟာ သူတို့မကျူးလွန်တဲ့ ရာဇဝတ်မှုတွေအတွက် ပြစ်တင်စွပ်စွဲခြင်းကို ခံခဲ့ကြရပါတယ်။ ဘာပြစ်မှုလဲဆိုတော့ သင့်ခန္ဓါကိုယ်ထဲက ကိုလက်စထရောဓါတ်ကို တက်စေပြီး နှလုံးရောဂါဖြစ်နိုင်ချေကို ပိုလာစေတယ်ဆိုတဲ့ ပြစ်မှုပါ။ ကြက်ဥ/ဘဲဥတွေက ရရှိတဲ့ ကိုလက်စထရောဓါတ်ဟာ ထင်သလောက် အန္တရာယ်မရှိတဲ့အကြောင်း အခုသိလာရပါပြီ။

    ၅။ ကြွက်သားထုထည်ကို ဆက်လက်ထိန်းထားဖို့ ကူညီပေးမယ်

    ကျွန်တော်တို့ အသက်သုံးဆယ်တဝိုက် ရောက်လာတဲ့အခါ ကြွက်သားထုတွေကို စတင်ဆုံးရှုံးလာရပါပြီ။ ဆယ်စုနှစ်တခုကြာတိုင်း ကြွက်သားထု ငါးရာခိုင်နှုန်းဆုံးရှုံးတာ ဖြစ်ပါတယ်။ ဒီလို ဆုံးရှုံးခြင်းကြောင့် သင့်အနေနဲ့ အားနည်းလာမယ်၊သက်လုံကျလာမယ်၊ခြေမခိုင်၊လက်မခိုင်တွေ ဖြစ်လာမယ် စတဲ့ ပြဿနာတွေနဲ့ ကြုံတွေ့လာရမှာပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ခြင်းဟာ ဒီလို ကြွက်သားထုဆုံးရှုံးခြင်းကို ကူညီကာကွယ်ပေးနိုင်တယ်ဆိုပေမယ့် ပရိုတိန်းဓါတ်လုံလောက်အောင် စားသုံးပေးခြင်းဟာလည်း ကြွက်သားထုကို ထိန်းသိမ်းဖို့ သော့ချက်တခုပဲ ဖြစ်ပါတယ်။ အထက်မှာပြောခဲ့သလိုပဲ ကြက်ဥ/ဘဲဥတွေမှာ အရည်အသွေးမြင့်မားတဲ့ ပရိုတိန်းဓါတ်တွေ ပါဝင်နေတာကြောင့် ကြွက်သားတွေကို ပြန်လည်ပြုပြင်တည်ဆောက်ပေးနိုင်ပါတယ်။

    အထက်မှာ ဖော်ပြခဲ့တာတော့ ကြက်ဥ/ဘဲဥတွေရဲ့ ကောင်းခြင်းငါးဖြာဖြစ်ပါတယ်။ ငွေကြေးတန်ဖိုးမများပေမယ့် အာဟာရတန်ဖိုး ကြွယ်ဝလွန်းတဲ့ ဥလေးတွေကို ခါတိုင်းထက် ပိုမိုစားသုံးပေးသင့်ပါကြောင်း မျှဝေပေးလိုက်ရပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement