backup og meta

သံပုရာရည်ရဲ့ ကောင်းကျိုးဆိုးပြစ်များ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သံပုရာရည်ရဲ့ ကောင်းကျိုးဆိုးပြစ်များ

    သံပုရာရည်ရဲ့ ကောင်းကျိုးဆိုးပြစ်များ ကို ဗဟုသုတ အနေနဲ့ သိရှိနိုင်စေဖို့ ဖော်ပြလိုက်ပါတယ်။

    သံပုရာရည်ရဲ့ ကောင်းကျိုးဆိုးပြစ်များ

    သံပုရာရည်ဟာ ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေ ဖြစ်တဲ့ ဗီတာမင် စီ နဲ့ citric acid တို့ကို ထောက်ပံ့ပေးနိုင်တဲ့ ရင်းမြစ် တခု ဖြစ်ပြီး ပမာဏအများကြီး သောက်သုံးစရာလည်း မလိုပါဘူး။

    ချဉ်တဲ့ အသီးတွေကနေ flavanones ဓါတ်ကိုလည်း ရရှိနိုင်တဲ့ အတွက် သံပုရာရည်ရဲ့ ဓါတ်တိုးဆန့်ကျင် အာနိသင်ကို ပိုလာစေပါတယ်။

    ဘယ်အရာမဆို တန်ဆေးလွန်ဘေး ဆိုတဲ့ အတိုင်းပဲ သံပုရာရည်ဟာ ကျန်းမာရေး အတွက် ကောင်းတယ် ဆိုပေမယ့် အလွန်အကျွံ သောက်သုံးရင်တော့ သွားတွေ ပျက်စီးတာ၊ အစာခြေလမ်းကြောင်း ထိခိုက်တာ အစရှိတဲ့ ပြဿနာတွေကို ဖြစ်ပေါ်စေပါလိမ့်မယ်။

    ဗီတာမင် စီရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ

    အခြားသော ချဉ်တဲ့ အသီးတွေ နည်းတူ သံပုရာသီးကနေလည်း ဗီတာမင် စီ ကို ရရှိနိုင်ပါတယ်။ ဗီတာမင် စီ ၁၉ မီလီဂရမ်လောက်ကို သံပုရာသီး တလုံးတည်းကနေ ရရှိနိုင် ပါတယ်။

    ဒီပမာဏက အတိအကျတော့ မဟုတ်ဘဲ သင် အသုံးပြုတဲ့ သံပုရာသီးပေါ် မူတည်ပြီး အနည်းငယ် တိုးတာ လျော့တာ ရှိကောင်း ရှိနိုင်ပေမယ့် သင့်အတွက် အင်မတန် အကျိုးရှိစေမယ် ဆိုတာကတော့ သေချာပါတယ်။

    အမျိုးသမီးတွေဟာ တနေ့ကို ဗီတာမင် စီ၇၅ မီလီဂရမ်လောက် လိုအပ်ပြီး အမျိုးသားတွေ ကတော့ ၉၀ မီလီဂရမ်လောက် လိုအပ်ပါတယ်။

    ခန္ဓါကိုယ် တစ်ရှူးတွေကို free radicals လို့ ခေါ်တဲ့ ဓါတ်ပစ္စည်းတွေက မဖျက်ဆီးခင် ဗီတာမင် စီ က တားဆီးပေးနိုင်တဲ့ အတွက် သူတို့ဟာ အလွန် အရေးပါပြီး ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေလို့ ခေါ်ပါတယ်။

    ဒါ့အပြင် free radicals တွေကြောင့် ပရိုတင်း၊ အဆီဓါတ်၊ ကာဘိုဟိုက်ဒရိတ် နဲ့ DNA အစရှိတဲ့ မော်လီကျူးတွေ ထိခိုက်မှာကိုလည်း ဗီတာမင် စီက ကာကွယ်ပေးပါသေးတယ်။

    ဗီတာမင် စီကို များများ စားပေးရင် နှလုံးနဲ့ သွေးကြောဆိုင်ရာ ပြဿနာတွေ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ကြွက်သား၊အရွတ်၊အရေပြား နဲ့ ကိုယ်တွင်းအင်္ဂါတွေ သန်စွမ်းဖို့ အားဖြည့်ပေးနိုင်တဲ့ တွယ်ဆက်တစ်ရှူး တမျိုးဖြစ်တဲ့ collagen ဓါတ်ကိုလည်း ဗီတာမင် စီက ပေးစွမ်းနိုင်ပါသေးတယ်။

    သံပုရာရည်မှာ ပါဝင်တဲ့ Citric Acid

    ၂၀၀၉ ခုနှစ်က ထုတ်ဝေတဲ့ Endourology ဂျာနယ်ရဲ့ အလိုအရ သံပုရာရည်ဟာ အခြားသော ချဉ်တဲ့အသီးတွေထက် citric acid ပါဝင်နှုန်းပိုမိုမြင့်မားတယ်လို့ ဆိုပါတယ်။

    citric acid ဟာ စွမ်းအင်ထုတ်လုပ်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ အရာတခုဖြစ်ပေမယ့် ပုံမှန်အားဖြင့် လိုအပ်တဲ့ပမာဏအတိုင်း ခန္ဓါကိုယ်က ထုတ်လုပ်ပေးနိုင်တဲ့အတွက် ၎င်းဟာ အရေးကြီးတဲ့ အာဟာရဓါတ်တခုတော့ မဟုတ်ပါဘူး။

    ဒါပေမယ့် သံပုရာရည်ကို သောက်ခြင်းအားဖြင့် ရရှိလာတဲ့ citric acid ဟာ ကျန်းမာရေးအတွက် အထောက်အကူပြု ကောင်းကျိုးဖြစ်စေတာတော့ ငြင်းလို့ မရပါဘူး။

    သံပုရာရည်သောက်လိုက်တဲ့အခါ သင့်ဆီးထဲမှာရှိတဲ့ citric acid ပမာဏဟာ မြင့်တက်လာပြီး ဒီလိုမြင့်တက်လာခြင်းဟာ ဆီးကျောက်တည်ခြင်းကို ကာကွယ်ပေးတဲ့အပြင် ရှိပြီးသား ကျောက်အသေးလေးတွေကိုလည်း ကြေသွားစေနိုင်ပါတယ်။

    ဆီးထဲမှာ citric acid ပမာဏနည်းပါးခြင်းဟာ ဆီးကျောက်တည်ခြင်းကို အားပေးပြီး ရှိပြီးသား ကျောက်တွေကိုလည်း အရွယ်အစားကြီးလာစေပါတယ်။

    ဒါတင်မက flavanones လို့ခေါ်တဲ့ အပင်ကရရှိတဲ့ flavonoids ဓါတ်တမျိုးကိုလည်း သံပုရာရည်က ပေးစွမ်းနိုင်ပါသေးတယ်။

    အခြားသော သစ်သီးနဲ့ အသီးအရွက်တွေမှာ ပါဝင်တဲ့ flavonoids တွေနည်းတူ flavanonesတွေ (hesperetin, naringenin နဲ့eriodictyol လို့ခေါ်ပါတယ်) ဟာလည်း ဓါတ်တိုးဆန့်ကျင်ပစ္စည်းအဖြစ် ဆောင်ရွက်ပေးပြီး ဆဲလ်တွေထိခိုက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

    Hesperetin ဟာ ကင်ဆာကျိတ်ကြီးလာခြင်းကိုတောင် တားဆီးပေးနိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် flavanones တွေဟာ သွေးပေါင်ချိန် နဲ့ သွေးတွင်း အဆီပမာဏကို လျှော့ချပေးနိုင်တာမို့ နှလုံးရောဂါဖြစ်ပွားနှုန်းကို ကျဆင်းစေပြီး ဆီးချိုကိုလည်း ကုသပေးနိုင်ပါတယ်။

    သံပုရာရည် အလွန်အကျွံသောက်ရင် ?

    သံပုရာရည်မှာ ပါဝင်တဲ့ အက်ဆစ်တွေဟာ အစာအိမ်နဲ့ အူလမ်းကြောင်းကို ဒုက္ခပေးနိုင်ပါတယ်။

    အက်ဆစ်ဓါတ်ကဲတဲ့ အစားအစာတွေဟာ အစာချေရည်ဆန်တက်တဲ့ ရောဂါတမျိုးဖြစ်တဲ့ GERD ရဲ့ လက္ခဏာတွေကို ပိုဆိုးစေပြီး အချို့လူတွေဟာ ascorbic acid ပါတဲ့ အစားအသောက်တွေကို အလွန်အမင်း စားသုံးပြီးတဲ့အခါ ဗိုက်နာ၊ဗိုက်အောင့်တဲ့ ဝေဒနာတွေ ခံစားလာရတတ်ပါတယ်။

    Citric acid နဲ့ ascorbic acid နှစ်မျိုးရောနှောထားတဲ့ သံပုရာရည်ဟာ pH တန်ဖိုး ၂ – ၂.၆ လောက် ရှိပါတယ် (pH တန်ဖိုး သုညဟာ အက်ဆစ်ဓါတ်အပြင်းဆုံး ပမာဏဖြစ်ပြီး ဘက်ထရီထဲမှာ ထည့်ထားတဲ့ အက်ဆစ်ဟာ pH တန်ဖိုး ၁ ရှိပါတယ်)။

    pH ပမာဏ ၄ လောက်ရှိတဲ့ အစားအစာတွေဟာ သွားကြွေလွှာကို ဖျက်ဆီးနိုင်တယ်လို့ “မန်နီဆိုးတား သွားဆရာဝန်များ အဖွဲ့အစည်း” က ဆိုတဲ့အတွက် သံပုရာရည်ဟာ သင့်သွားတွေကို ထင်ခိုက်စေမှာ အသေအချာပါပဲ။

    ဒါကြောင့် သံပုရာရည်သောက်ပြီးတိုင်း အာလုပ်ကျင်းပေးခြင်းဖြစ် သွားကြွေလွှာတွေ ပျက်စီးမှုကို ကာကွယ်ရပါလိမ့်မယ်။

    ဒါ့အပြင် သံပုရာရည်သောက်ပြီး တနာရီလောက်အတွင်းမှာ သွားတိုက်တာကိုလည်း ရှောင်ကျဉ်ရပါမယ်။ ဒီလိုမှမဟုတ်ရင် သင့်သွားတွေကို အက်ဆစ်နဲ့ လိုက်ပွတ်တိုက်နေသလို ဖြစ်မှာစိုးတာကြောင့်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    ဆက်စပ် အကြောင်းအရာများ


    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 19/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement