backup og meta

ဗီတာမင်ဒီ အဆိပ်သင့်ခြင်း


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 27/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗီတာမင်ဒီ အဆိပ်သင့်ခြင်း

    အရင်က ဗီတာမင်ဒီ အဆိပ်သင့်တယ်ဆိုတာ ရှားပါတယ်။ ခုခေတ်မှာတော့ ဗီတာမင်ဒီအဆိပ်သင့်တယ်ဆိုတာ ခပ်စိတ်စိတ်တွေ့လာရပါတယ်။ အကြောင်းက ဗီတာမင်ဒီက ကျန်းမာရေးကောင်းကျိုးရှိတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ ဖြည့်စွက်ဆေးကို အဆမတန်သောက်လာကြတာကြောင့်ပါပဲ။ ဗီတာမင်ဒီက ကျန်းမာရေးအတွက် ကောင်းတယ်ဆိုတာမှန်ပါတယ်။ ဖြည့်စွက်ဆေးတွေက တချို့သူတွေအတွက် လိုတယ်ဆိုတာလည်း မှန်ပါတယ်။ ပြဿနာက ဘယ်လောက်လိုလည်းဆိုတာ မသိတာရယ်၊ ပိုသောက်ရင်ဘာဖြစ်မလဲဆိုတာ မသိတာကြောင့် သောက်ရင်း သောက်ရင်းနဲ့ အဆိပ်သင့်တဲ့အဆင့်အထိ ရောက်သွားတာပါ။

    ဗီတာမင်ဒီတစ်နေ့ဘယ်လောက်လိုသလဲ။

    မွေးစကနေ တစ်နှစ်အထိဆိုရင် 400IU၊ တစ်နှစ်ကနေ ၇၀နှစ်အထိဆိုရင် 600IU၊ အသက်၇၀အထက်ဆိုရင် 800IUပါ။ ဒါက တစ်နေ့တာအတွက် ပမာဏပါ။

    ဗီတာမင်ဒီက ဘာအတွက်ကောင်းတာလဲ။

    ဗီတာမင်ဒီနဲ့ ပတ်သတ်ပြီး အပြောများတာက

    • ကယ်လ်ဆီယမ်နဲ့ ဗီတာမင်ဒီနဲ့ တွဲသောက်ရင် ကင်ဆာဆဲလ်တွေကို တားဆီးပေးနိုင်ပါတယ်တဲ့။
    • ဗီတာမင်ဒီက သက်ကြီးရွယ်အိုတွေမှာ မှတ်ဉာဏ်ချို့တဲ့တာကို သက်သာစေပါတယ်။
    • မျိုးရိုးဗီဇကြောင့်ဖြစ်တဲ့ မွေးရာပါသွေးထဲမှာ ဖော့စဖိတ်နည်းတာကို ကုသပေးနိုင်ပါတယ်။
    • ဗီတာမင်ဒီကို ရေရှည်သောက်တာက multiple sclerosisရောဂါ ဖြစ်နိုင်ချေကို လျော့ကျစေပါတယ်။
    • ဗီတာမင်ဒီကို လူကြီးအရိုးပျော့ရောဂါမှာလည်း သုံးနိုင်ပါတယ်။
    • အရိုးပွရောဂါနဲ့ အရိုးကျိုးမှာကိုလည်းကာကွယ်ပေးနိုင်ပါတယ်။
    • ဗီတာမင်ဒီသောက်ဆေး၊ လိမ်းဆေးတွေက တချို့သူတွေမှာ ဆိုရီးယေးစစ်အရေပြားပြဿနာကို သက်သာစေပါတယ်။
    • Ricketsလို့ခေါ်တဲ့ ကလေးအရိုးပျော့ရောဂါတွေမှာလည်း ဗီတာမင်ဒီက ကုသပေးနိုင်ပါသေးတယ်။
    • ဒါ့ပြင် ဆီးချိုရှိတဲ့သူတွေမှာ ဗီတာမင်ဒီက အင်လူလင်ပမာဏကို ထိန်းချုပ်ပေးနိုင်ပါတယ်။

    ဒါတွေက ဗီတာမင်ဒီရဲ့ အသုံးဝင်ပုံတွေပါ။ အရိုးရောဂါတွေကလွဲရင် ဗီတာမင်ဒီက တခြားရောဂါတွေအတွက် ဖြည့်စွက်ကုသနည်းအနေနဲ့ပဲ အထောက်အကူပြုပါတယ်။ ကျန်တဲ့ တိကျတဲ့ကုထုံးတွေကို လိုက်နာဖို့လိုတယ်ဆိုတာ သတိပြုပါ။

    ဗီတာမင်ဒီအဆိပ်သင့်တာဘာလို့ဖြစ်တာလဲ။

    ဒါကိုအရင်မပြောခင် ဗီတာမင်အကြောင်းကို နည်းနည်းပြောပြပါမယ်။ ဗီတာမင်မှာ ရေမှာပျော်တဲ့ ဗီတာမင်နဲ့ အဆီမှာပျော်တဲ့ ဗီတာမင်ဆိုပြီးရှိပါတယ်။ ဗီတာမင်ဒီက အဆီမှာပျော်တဲ့ ဗီတာမင်ပါ။ ရေမှာပျော်တဲ့ ဗီတာမင်က ပိုသွားရင် ဆီးထဲမှာ စွန့်ထုတ်လို့ရပါတယ်။ အဆီမှာပျော်တဲ့ ဗီတာမင်က ဒီလိုစွန့်ထုတ်ဖို့ခက်တဲ့အတွက် ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ စုပုံပြီး ဒုက္ခပေးတတ်ပါတယ်။ ဗီတာမင်ဒီ အဆိပ်သင့်ရတဲ့ အဓိကအကြောင်းရင်းကတော့ ဖြည့်စွက်ဆေးတွေ အများကြီးသောက်မိလို့ပါ။ သဘာဝအတိုင်းရတဲ့ နည်းတွေကနေ ဗီတာမင်ဒီအဆိပ်သင့်တယ်ဆိုတာ ရှားပါတယ်။ နောက်ပြီး ဗီတာမင်နဲ့ သတ္တုဓာတ်ဆိုတာ trace elements အနည်းငယ်ပဲလိုတဲ့ အာဟာရပါ။ ဒါကို ခန္ဓာကိုယ်က ဘယ်လောက်လိုအပ်လဲဆိုတာ မစစ်ဆေးဘဲ သောက်မိရင် အန္တရာယ်များပါတယ်။

    ဗီတာမင်အဆိပ်သင့်ရင်ဘာဖြစ်မလဲ။

    • သွေးထဲမှာ ဗီတာမင်ဒီတွေများလာပါမယ်။

    ဒါရဲ့ဆိုးကျိုးကတော့ ပျို့တာ၊ အန်တာ၊ အစားအသောက်ပျက်တာ၊ အားနည်းတာ၊ သတိလစ်တာ စတာတွေဖြစ်တတ်ပါတယ်။

    • သွေးထဲမှာ ကယ်လ်ဆီယမ်တွေများလာပါတယ်။

    ဗီတာမင်ဒီက စားလိုက်တဲ့အစားအစာထဲကနေ ကယ်လ်ဆီယမ်ကို စုပ်ယူဖို့ အားပေးပါတယ်။ ကယ်လ်ဆီယမ်တွေများလာရင် ဗိုက်အောင့်တာ၊ပျို့အန်တာ၊ ခေါင်းမူးတာ၊ သတိလစ်တာ၊ ရေဆာတာ၊ ဆီးခဏခဏသွားတာ​တွေ ဖြစ်တတ်ပါတယ်။

    • အရိုးတွေထိခိုက်ပါတယ်။

    ဗီတာမင်ဒီက အရိုးတွေသန်မာဖို့အတွက် လိုအပ်ပါတယ်။ ဗီတာမင်ဒီအဆမတန်များလာတဲ့အခါမှာတော့ သွေးထဲမှာ ဗီတာမင်K2နည်းလာတဲ့အတွက် အရိုးမှာရှိရမယ့် ကယ်လ်ဆီယမ်တွေ နည်းလာပါတယ်။ ဒါကြောင့် အရိုးအားနည်းပြီး ကျိုးလွယ်ပါတယ်။

    • ကျောက်ကပ်ပျက်တတ်ပါတယ်။

    သွေးထဲမှာကယ်လ်ဆီယမ်တွေများလာတဲ့အခါ ကျောက်ကပ်နဲ့ ဆီးလမ်းကြောင်းမှာ ကျောက်တည်တာ၊ ကျောက်ကပ်ပျက်စီးတာတွေ ဖြစ်တတ်ပါတယ်။ ကျောက်ကပ်မကောင်းတဲ့သူတွေမှာလည်း အခြေအနေကို ပိုဆိုးစေပါတယ်။

    • သွေးကြောတွေမာလာခြင်း

    ကယ်လ်ဆီယမ်တွေ သွေးကြောထဲမှာ ပုံလာတဲ့အခါ သွေးကြောတွေမာတာ၊ သွေးတိုးတာတွေ ဖြစ်တတ်ပါတယ်။

    • နှလုံးခုန်နှုန်းပုံမမှန်ခြင်း

    သွေးထဲမှာ ကယ်လ်ဆီယမ်တွေများလာတဲ့အတွက် နှလုံးခုန်မမှန်တာ ဖြစ်တတ်ပါတယ်။

    ကုသနည်းများ

    အရင်ဆုံးတော့ သွေးထဲမှာ ဗီတာမင်ဒီတွေ၊ ကယ်လ်ဆီယမ်တွေ ဘယ်လောက်များနေလဲဆိုတာ စစ်ရပါမယ်။ တခြားလိုအပ်တဲ့ စစ်ဆေးမှုတွေလည်း လုပ်ရပါမယ်။ လက်ရှိသောက်နေတဲ့ ဗီတာမင်ဖြည့်စွက်ဆေးတွေကို ချက်ချင်းရပ်ပစ်ရပါမယ်။ ဗီတာမင်ဒီများတဲ့အစားအစာတွေ၊ ကယ်လ်ဆီယမ်များတဲ့ အစားအစာတွေ ​ရှောင်ရပါမယ်။ ဒါ့ပြင် စွဲသောက်နေတဲ့ ဆေးတွေမှာ ကယ်လ်ဆီယမ်များစေတဲ့ဆေးပါရင်လည်း ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးရပ်တာ၊ ဆေးပြောင်းသောက်တာတွေ လုပ်ရပါမယ်။

    ဗီတာမင်ဒီကို သဘာဝအတိုင်း ဘယ်ကရမလဲ။

    မနက်မိုးလင်းနေထွက်စမှာ ၁၅မိနစ်လောက် နေပူဆာလှုံပေးတာကလည်း ခန္ဓာကိုယ်က လိုအပ်တဲ့ ဗီတာမင်ဒီကို ရစေပါတယ်။

    • အစားအစာ

    ဗီတာမင်ဒီကြွယ်ဝတဲ့အစားအစာတွေကတော့ အဆီပါတဲ့ငါး (ဥပမာ ဆယ်လ်မွန်)၊ ငါးကြီးဆီ၊ အမဲအသည်း၊ ချိစ်၊ ကြက်ဥအနှစ်၊ တချို့မှိုတွေ၊ နို့၊ ဒိန်ချဉ်တွေကနေ ရနိုင်ပါတယ်။

    ဗီတာမင်ဒီဖြည့်စွက်ဆေးများ

    ဗီတာမင်ဒီက များရင် အဆိပ်သင့်တတ်တယ်။ သဘာဝကလည်း ရနိုင်တာပဲ။ ဖြည့်စွက်ဆေးတွေ မသောက်ရတော့ဘူးလား။ ဒီလိုလည်းမဟုတ်ပါဘူး။ တချို့သူတွေက တော့ ဖြည့်စွက်ဆေးအနေနဲ့ သောက်ဖို့လိုတဲ့သူတွေ ရှိပါတယ်။ ဥပမာပြောရရင် သတ်သတ်လွတ်စားတဲ့သူတွေ၊ အရိုးပြဿနာရှိတဲ့သူတွေ၊ နေရောင်ကောင်းကောင်းမရတဲ့​နေရာမှာနေတဲ့သူတွေ၊ သက်ကြီးရွယ်အိုတွေ၊ နာတာရှည်ရောဂါကြောင့် အပြင်လည်းမထွက်နိုင်၊ အစားလည်းကောင်းကောင်းမစားနိုင်တဲ့သူတွေဆိုရင် လိုအပ်ပါတယ်။ ဒါတောင် ဆရာဝန်နဲ့တိုင်ပင်ပြီး သောက်မှအဆင်ပြေမှာပါ။

    Take home massage

    ဗီတာမင်ဒီအဆိပ်သင့်တာက အရင်က တွေ့ရခဲပေမယ့် ခုတော့များလာပါပြီ။ အဓိက ကိုယ့်ရဲ့လိုအပ်ချက်ကိုသေသေချာချာမသိဘဲ အများကြီးသောက်နေလို့ပါပဲ။ ဒါကြောင့် ဗီတာမင်ဒီသောက်တော့မယ်လို့ဆိုရင် ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။ သွေးထဲမှာ ဘယ်လောက်ရှိလဲ။ တစ်နေ့ကို ဘယ်လောက်သောက်မလဲပေါ့။ မဟုတ်ရင်ပိုနေတဲ့ ဗီတာမင်ဒီက သင့်ကို ဒုက္ခပေးပါလိမ့်မယ်။

    Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 27/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement