backup og meta

ခန္ဓါကိုယ်အတွက် အိုင်အိုဒင်းကဘာတွေလုပ်ပေးသလဲ


Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခန္ဓါကိုယ်အတွက် အိုင်အိုဒင်းကဘာတွေလုပ်ပေးသလဲ
    စိတ်ရောကိုယ်ပါကျန်းမာစေနိုင်ဖို့အတွက် ခန္ဓါကိုယ်မှာ မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင် နဲ့ သတ္တုဓါတ်တွေပြည့်ဝနေဖို့လိုပါမယ်။ ဒီလိုအပ်မှုတွေက အရွယ် သုံးပါးစလုံးအတွက် အကျုံးဝင်သလို ကိုယ်ဝန်ဆောင်မေမေတွေနဲ့ပါ သက်ဆိုင်တဲ့အချက်တစ်ခုပါ။ ဒီတော့ခန္ဓါကိုယ်မှာ အရေးပါတဲ့ ဓါတ်လေးတစ်ခုအကြောင်း နည်းနည်းလောက်ပြောပါရစေ။

    ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ဓါတ်တစ်မျိုး

    ဒါကတော့ အိုင်အိုဒင်းပါ။ ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓါတ်တစ်မျိုးပေါ့။နေ့စဉ်စားသုံးတဲ့အစားအစာတွေကနေရရှိနိုင်ပေမယ့် လုံလောက်မှုရှိဖို့တော့သေချာလေးဂရုစိုက်ဖို့လိုမှာပါ။ အိုင်အိုဒင်းမလုံလောက်တဲ့အခါ ခန္ဓါကိုယ်မှာ ထိခိုက်လာနိုင်တာတွေအများကြီးပါ။ ရုပ်ပိုင်းဆိုင်ရာတင်မကဘဲ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေပါရှိလာနိုင်ပါတယ်။ အိုင်အိုဒင်းကို အဓိကလိုအပ်မယ့်ခန္ဓါကိုယ်အစိတ်အပိုင်းက သိုင်းရွိုက်ဂလင်းပါ။ သိုင်းရွိုက်ဂလင်းက သိုင်းရွိုက်ဟော်မုန်းလေးတွေကို ထုတ်ပေးမှ ဇီဝကမ္မဖြစ်စဉ်တွေအကောင်းဆုံးလည်ပတ်မှာဖြစ်ပါတယ်။ ဒါ့အပြင် သိုင်းရွိုက်ဟော်မုန်းတွေက အရိုးတွေကြံ့ခိုင်သန်စွမ်းစေဖို့၊ ကိုယ်ခံအားကောင်းစေဖို့ နဲ့ အာရုံကြောစနစ်တွေကျန်းမာစေဖို့ အကောင်းဆုံးထောက်ပံ့ပေးပါတယ်။

    အိုင်အိုဒင်းက ခန္ဓါကိုယ်အတွက် ဘာတွေလုပ်ပေးလဲ……….

    အိုင်အိုဒင်းက ခန္ဓါကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဓါတ်တစ်မျိုးဖြစ်ပြီး အိုင်အိုဒင်းကို လည်ပင်းမှာရှိတဲ့ သိုင်းရွိုက်ဂလင်းတွေမှာ အများဆုံးတွေ့ရပါတယ်။ အိုင်အိုဒင်းလုံလောက်စွာရရှိမှုက ခန္ဓါကိုယ်ကို ကျန်းမာနေစေဖို့ အကောင်းဆုံးထောက်ပံ့ပေးနိုင်ပါတယ်။

    (၁) သိုင်းရွိုက်ဂလင်းတွေ ကျန်းမာစေနိုင်တယ်

    အိုင်အိုဒင်းက သိုင်းရွိုက်ဂလင်းကျန်းမာစေဖို့အတွက် အဓိကကျတဲ့ အခန်းကဏ္ဍကနေပါဝင်နေတာပါ။ အိုင်အိုဒင်းလုံလောက်စွာရရှိမှ သိုင်းရွိုက်ဂလင်းတွေက ခန္ဓါကိုယ်အတွက်အရေးပါတဲ့ သိုင်းရွိုက်ဟော်မုန်းတွေကို ထုတ်လုပ်ပေးတာပါ။ ဒီဟော်မုန်းတွေက ဇီဝကမ္မဖြစ်စဉ်တွေကို ထိန်းညှိပေးသလို၊ နှလုံးကျန်းမာစေဖို့လည်း အထောက်အကူပြုပေးပါတယ်။

    (၂) လည်ပင်းကြီးခြင်းကို ကာကွယ်ပေးတယ်

    လည်ပင်းကြီးရတာက သိုင်းရွိုက်ဂလင်းတွေ ကြီးထွားလာတာကြောင့်ပါ။ အိုင်အိုဒင်းလျော့နည်းလာတဲ့အခါ သိုင်းရွိုက်ဂလင်းတွေကကြီးလာပြီး လည်ပင်းကြီးတာကိုဖြစ်စေနိုင်ပါတယ်။နေ့စဉ်စားသောက်မှုမှာ အိုင်အိုဒင်းကို လုံလောက်စွာရရှိအောင်စားသုံးပေးမှုက လည်ပင်းကြီးတာမျိုးမဖြစ်အောင် အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာပါ။

    (၃) သိုင်းရွိုက်ဂလင်းတွေကို ကျန်းမာစေနိုင်တယ်

    သိုင်းရွိုက်ဂလင်းကလုပ်ဆောင်မှုနှေးရင်လည်း မကောင်းသလို လိုတာထက်ပိုပြီးလုပ်ဆောင်နေရင်လည်း မကောင်းပါဘူး။ သိုင်းရွိုက်ဂလင်းတွေ ကျန်းမာနေစေဖို့ကလည်း အိုင်အိုဒင်းပမာဏ လုံလောက်မျှတစွာရရှိဖို့လိုအပ်မှာပါ။ ဒါကြောင့် သိုင်းရွိုက်ဂလင်းတွေကျန်းမာစေဖို့အတွက် အိုင်အိုဒင်းကို လုံလောက်စွာ စားသုံးပေးပါ။

    (၄) ကိုယ်ဝန်ဆောင်ချိန်မှာဘေဘီလေးကို အာရုံကြောစနစ် ဖွံ့ဖြိုးစေတယ်

    ကိုယ်ဝန်ဆောင်မေမေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ပုံမှန်ထက်ပိုပြီး အိုင်အိုဒင်းကိုစားသုံးဖို့လိုပါမယ်။ ဒါမှမေမေရောဘေဘီလေးပါ ကျန်းမာမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ အိုင်အိုဒင်းလုံလောက်စွာရရှိမှုကဘေဘီလေးကိုဉာဏ်ကောင်းတဲ့ ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာစေမှာပါ။

    (၅) သိမြင်မှုစွမ်းရည်ကိုကောင်းမွန်စေတယ်

    အိုင်အိုဒင်းရဲ့နောက်ထပ်ကောင်းကျိုးတစ်ခုက ဦးနှောက်စွမ်းဆောင်ရည်ကောင်းစေနိုင်တာပါ။ ဒါကြောင့်မေမေရောဘေဘီလေးတွေပါသိမြင်မှုစွမ်းရည်ကောင်းချင်တယ်ဆိုရင် ကိုယ်ဝန်ဆောင်မေမေတွေအနေနဲ့ အိုင်အိုဒင်းကို လုံလောက်စွာစားသုံးပေးပါ။

    (၆)ဘေဘီလေးကိုပေါင်ပြည့်စေတယ်

    မွေးလာတဲ့ကလေးလေးကိုပေါင်ပြည့်စေချင်တယ်ဆိုရင်မေမေ့အနေနဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ အိုင်အိုဒင်းကိုလုံလောက်စွာစားသုံးပေးဖို့လိုပါမယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ အိုင်အိုဒင်းလုံလောက်မှုကဘေဘီလေးကိုပေါင်ပြည့်စေရုံတင်မဟုတ်ဘဲ ဦးနှောက်ဖွံ့ဖြိုးမှုကိုလည်းကောင်းမွန်စေနိုင်ပါတယ်။

    (၇) ရင်သားရောဂါတွေကိုကာကွယ်ပေးတယ်

    ရင်သားမှာ အဖုအကျိတ်တွေဖြစ်တာ၊ ရင်သားမှာ အသားဖုလေးတွေဖြစ်တာလိုမျိုး ကင်ဆာမဟုတ်တဲ့ ရင်သားပြဿနာတွေကိုလည်း အိုင်အိုဒင်းက ထိထိရောက်ရောက်ကာကွယ်ပေးနိုင်ပါတယ်။

    ဒါတွေအပြင် အိုင်အိုဒင်းက စိတ်ဓါတ်ကျတာပင်ပန်းနွမ်းနယ်တာ၊ ဆံပင်ကျွတ်တာ၊ အသားအရေခြောက်သွေ့တာ၊ ကိုယ်အလေးချိန်အဆမတန်တိုးတာ၊ အအေးမခံနိုင်တာ၊ ဝမ်းချုပ်တာတွေမဖြစ်အောင်လည်းကာကွယ်ပေးနိုင်ပါတယ်။

    အိုင်အိုဒင်းကို ရရှိနိုင်မယ့် အရင်းအမြစ်များ

    အိုင်အိုဒင်းကို ဒီအစားအစာတွေကနေရရှိနိုင်ပါတယ်။

    • ရေညှိ
    • အိုင်အိုဒင်းဆား
    • နွားနို့
    • နို့ထွက်ပစ္စည်းတွေ
    • အိုင်အိုဒင်းဖြည့်စွက်ထားတဲ့ပေါင်မုန့်
    • ဥအမျိုးမျိုးတို့ကနေ အိုင်အိုဒင်းကိုရရှိနိုင်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 08/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement