ပဲနို့၊ ပဲပြား၊ အသားတု၊ ပဲငန်ပြာရည် နဲ့ ပဲပိစပ်ဆီ စတဲ့ ပဲပိစပ် ကနေ ထုတ်လုပ်တဲ့ အစားအသောက်တွေ ကို စားသုံးသူ အတော်များပါတယ်။ ကျန်းမာရေးအတွက် သူ့ရဲ့ အကျိုးကျေးဇူးကလည်း မသေးဘဲကိုး။ ဒါပေမယ့် ကျန်းမာရေးအတွက် ကောင်းတယ် ဆိုပြီး နေ့စဉ်စားမယ်၊ ပမာဏ များများ စားမယ်၊ လွန်ကဲလာမယ် ဆိုရင် စဉ်းစားရမယ့် အချက်တွေ ရှိနေတာလေး သတိပေးချင်ပါတယ်နော်။
ဥပမာ – ဟင်းချက်တဲ့ အခါ ပဲပိစပ်ဆီ၊ အာဟာရ ဖြစ်အောင် ပဲနို့၊ ပြီးရင် ပဲပိစပ် ပါဝင်တဲ့ တခြားအစားအသောက်တွေပါ နေ့တိုင်း များများစားနေမယ်ဆို တစ်နေ့တာ လိုအပ်တာထက် ပိုသွားနိုင်ပါတယ်။ ရိုးရိုးကျန်းမာသူတွေဆို အကျိုးကျေးဇူးတွေချည်း ရနိုင်ပေမယ့် ကိုယ့်မှာ ရှိနေတဲ့ ကျန်းမာရေးပြဿနာတွေကြောင့် ဆင်ခြင်စားသုံးသင့်တဲ့သူတွေ ရှိနေပါတယ်။
အရင်ဆုံး ပဲပိစပ်ရဲ့ အကျိုးကျေးဇူး တွေကို ကြည့်လိုက်ရအောင် –
- သွေးတွင်းကိုလက်စထရောဓာတ် ကျစေခြင်း၊
- သွေးတိုးရောဂါ
- နှလုံးနဲ့ သွေးကြောဆိုင်ရာ ရောဂါတွေ
- အမျိုးအစား ၂ ဆီးချိုရောဂါ၊
- ပန်းနာရင်ကျပ်၊
- အဆုတ်ကင်ဆာ၊
- သားအိမ်ကင်ဆာ၊
- ဆီးကျိတ် ကင်ဆာ
- သိုင်းရွိုက် ကင်ဆာ
- ရင်သား ကင်ဆာ၊
- အရိုးအားနည်းခြင်း(အရိုးပွရောဂါ) တို့ကို ကြိုတင်ကာကွယ်ဖို့
- ကျောက်ကပ်ရောဂါ အခြေအနေ ဆိုးရွားမှုနှုန်းကို နှေးကွေးစေဖို့
- ကျောက်ကပ်ရောဂါ ရှိသူတွေရဲ့ ဆီးတွင်း ပရိုတင်းဓာတ် လျော့နည်းစေဖို့
- မှတ်ဉာဏ် ကောင်းစေဖို့
- ကိုယ်လက်လေ့ကျင့်ခန်းကြောင့် ကြွက်သားနာကျင်ကိုက်ခဲမှု သက်သာစေဖို့
- သွေးဆုံးကိုင်ဝေဒနာများ၊ သွေးဆုံးအကြို လက္ခဏာများ ကာကွယ်ဖို့
စတဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေ ကို ပဲပိစပ် စားသုံးခြင်းကနေ ရရှိနိုင်တယ်လို့ သိထားကြပြီး ဖြစ်ပါတယ်။
ပဲပိစပ် ကို မစားသုံးခင် ဘယ်သူတွေ သတိထားသင့်သလဲ
ဒီအချက်တွေ ကိုယ့်မှာ ရှိနေရင် –
- ကိုယ်ဝန်ဆောင် ဖြစ်နေရင် ဒါမှမဟုတ် နို့တိုက်မိခင် ဖြစ်နေရင်
- သားသမီးမျှော်လင့်နေသူ ဒါမှမဟုတ် ကလေးနို့တိုက်ကျွေးနေသူ ဆိုရင်
- ဆရာဝန် ဆေးညွှန်း မလိုဘဲ အလွယ်တကူ ဝယ်လို့ရတဲ့ ဆေးတွေ အပါအဝင် တခြားဆေးဝါးတွေ သောက်သုံးနေရသူ ဆိုရင်
- ပဲပိစပ် ရဲ့ ပါဝင်ဓာတ်ပစ္စည်း တစ်ခုခု ဒါမှမဟုတ် တခြားဆေးဝါး/ ဆေးဖက်ဝင်အပင် တွေနဲ့ ဓာတ်မတည့်ရင်
- တခြားရောဂါတစ်ခုခုရှိနေရင်၊ ဆေးဝါးကုထုံး ခံယူနေရသူဖြစ်ရင် ပဲပိစပ်နဲ့ ပတ်သက်တာတွေ လွန်လွန်ကဲကဲ မစားသုံးသင့်ပါဘူး။
ဒီရောဂါ ရှိသူတွေဆို ပဲပိစပ်ကို ဆင်ခြင် စားသုံးသင့်တယ်
Cystic fibrosis
အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းစနစ်မှာ ဖြစ်တဲ့ ဒီရောဂါရှိတဲ့ ကလေးတွေမှာ ကိုယ်တွင်း ပရိုတင်းချက်လုပ်မှု ဖြစ်စဉ်အတွင်း ပဲပိစပ်ကြောင့် အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။ ဒီလို ကလေး တွေကို ပဲပိစပ် ပါတဲ့ ထုတ်ကုန်တွေ ဆင်ခြင်ကျွေးသင့်ပါတယ်။
သားအိမ် ကင်ဆာ
ပဲပိစပ် မှ ထုတ်တဲ့ isoflavone ဆေးတွေကို တာရှည်သုံးစွဲတာက သားအိမ်မြှေးတစ်ရှူးတွေ ထဲမှာ ကင်ဆာဖြစ်စေ နိုင်တဲ့ပြောင်းလဲမှုတွေ ပိုဖြစ်လာစေနိုင်ပါတယ်။ သားအိမ်ကင်ဆာရှိနေရင် ပဲပိစပ်က ထုတ်တဲ့ isoflavone ဆေးတွေကို မသုံးပါနဲ့။ ပဲပိစပ်ကို အစားအသောက်အဖြစ်တော့ တော်သင့်ရုံ စားလို့ရပါတယ်။
ကျောက်ကပ် ပျက်စီးမှု
ပဲပိစပ်မှာ phytoestrogens လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်ခု ပါဝင်ပါတယ်။ phytoestrogens ပမာဏ များများ စားသုံးမိရင် အဆိပ်အတောက် ဖြစ်စေနိုင်ပါတယ်။ ကျောက်ကပ် မကောင်းတဲ့သူတွေ ပဲပိစပ် ထုတ်ကုန်တွေကို များများ စားသုံးမိရင် သွေးတွင်း phytoestrogens ပါဝင်မှုပမာဏ များလာနိုင်ပါတယ်။ ကိုယ်က ကျောက်ကပ် မကောင်းဘူးဆိုရင် ပဲပိစပ် များများ မစားသင့် ပါဘူး။
ကျောက်ကပ် ကျောက်တည်ခြင်း
ပဲပိစပ်ထုတ်ကုန်တွေမှာ oxalates လို့ ခေါ်တဲ့ ဓာတုပစ္စည်း အုပ်စု ပမာဏ များများ ပါဝင်တာ ကြောင့် ကျောက်ကပ်မှာ ကျောက်တည်နိုင်တဲ့ အန္တရာယ် များစေနိုင်ပါတယ်။နောက်တစ်ချက် ကတော့ ကျောက်ကပ်ရောဂါ ပြင်းထန်သူတွေ မှာ ပဲပိစပ်ရဲ့ ပါဝင်ဓာတ်ပစ္စည်း တချို့ကို မှန်ကန်တဲ့ ချေဖျက်စွန့်ပစ်မှု မလုပ်ပေးနိုင်တာ ကြောင့် ဒီဓာတ်တွေကို အန္တရာယ်ရှိလောက်တဲ့ ပမာဏအထိ ရောက်ရှိစေနိုင်ပါတယ်။ ကျောက်ကပ် ကျောက်တည်ဖူးတယ် ဆိုရင် ပဲပိစပ်ကို များများမစားပါနဲ့။
ဆီးအိမ် ကင်ဆာ
ပဲပိစပ် ထုတ်ကုန်တွေက ဆီးအိမ်ကင်ဆာ ဖြစ်လာနိုင်ခြေကို တိုးစေနိုင် ပါတယ်။ ကိုယ့်မှာ ဆီးအိမ်ကင်ဆာ ရှိနေတာ ဒါမှမဟုတ် ဒီကင်ဆာဖြစ်နိုင်တဲ့ အန္တရာယ်မြင့်မားနေတာ(မျိုးရိုးရှိတာ)ဆိုရင် ပဲပိစပ်ပါတဲ့ အစားအစာတွေကို ရှောင်ပါ။
ဆီးချိုရောဂါ
ပဲပိစပ်က သွေးတွင်းသကြား ဓာတ်ထိန်းချုပ်ဆေးတွေသောက်နေရတဲ့ ဆီးချို ဝေဒနာသည်တွေမှာ သွေးတွင်းသကြားဓာတ် ကို အလွန်ကျဆင်းစေနိုင်တဲ့အန္တရာယ်ရှိ ပါတယ်။ ဒါ့ကြောင့် သတိထားပြီး ပမာဏကို ချင့်ချိန်စားသုံးပါ။
သိုင်းရွိုက်ရောဂါ၊ ပန်းနာရင်ကျပ်၊ ဓာတ်မတည့်ရောဂါ ရှိသူတွေ
အစားအစာ၊ ဆိုးဆေး၊ တာရှည်ခံဆေး ၊တိရစ္ဆာန်၊ နွားနို့ နဲ့ ဓာတ် မတည့်ခြင်း လိုမျိုး တခြားဓာတ်မတည့်မှုတွေ ရှိနေရင် ပဲပိစပ်ကို သတိထား စားသုံးသင့်ပါတယ်။ ပန်းနာရင်ကျပ် အပါအဝင် ဓာတ်မတည့် ဖြစ်တတ်သူတွေမှာ ပဲပိစပ်ရဲ့ အခွံကို ဓာတ်မတည့် ဖြစ်လာနိုင်တာကြောင့် ပဲပိစပ်ထုတ်ကုန်တွေကို သတိထားသင့်တာ ဖြစ်ပါတယ်။
ပဲပိစပ်က ဘာဘေးထွက်ဆိုးကျိုးတွေ ရှိလာနိုင်သလဲ
ပဲပိစပ်ကြောင့် တချို့တွေမှာ ဝမ်းချုပ်ခြင်း၊ လေပွခြင်း နဲ့ မအီမသာဖြစ် ခြင်းတို့လို အပျော့စား ဘေးထွက်ဆိုးကျိုး တချို့ ဖြစ်စေနိုင်ပါတယ်။ အရေပြား နီမြန်းခြင်းနဲ့ ယားယံခြင်းတို့ အပါအဝင် တချို့လူတွေမှာ ဓာတ်မတည့်မှုတွေ ဖြစ်စေနိုင်ပါတယ်။ ဒါက အကြောင်းရင်းခံ မတူကြသလို ဘယ်လောက်စားစား ဘာမှမဖြစ်သူက များပါတယ်။
သို့သော် လူတိုင်းမှာ မဖြစ်နိုင်ပေမယ့် ကိုယ့်ကျန်းမာရေးအခံ နဲ့ တခြားအကြောင်းရင်း အချက်တွေကြောင့် ဘေးထွက်ဆိုးကျိုး တချို့ကို ခံစားရနိုင်တာမို့ အထက်ပါ အခြေအနေတွေ ကိုယ့်မှာရှိနေရင် ပဲပိစပ်ကို သတိထားစားသုံးပါလို့ သတိပေးလိုက်ပါရစေနော်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။