backup og meta

မက်မွန်သီးလေးစားရင်း ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 25/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မက်မွန်သီးလေးစားရင်း ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး

    အနံ့လေးမွှေးပြီး အရောင်အသွေးက ပြောစရာမရှိအောင် ချစ်ဖို့ကောင်းတဲ့ မက်မွန်သီးလေးက အဆင်းလှရုံတင်မဟုတ်ဘဲ အချင်းနဲ့ပါပြည့်စုံတာပါ။ သဘာဝတရားကပေးစွမ်းတဲ့အရာတွေတိုင်းက လူတွေကို တစ်ဖက်တစ်လမ်းကတော့ အကျိုးပြု စမြဲပါ။ ဒီတစ်ခေါက်တော့ ငယ်ငယ်က ဝူခုန်းကားထဲကနေတဆင့် ရင်းနှီးခဲ့တဲ့ မက်မွန်သီးလေးစားရင်း ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး တွေက ဘာတွေလဲဆိုတာ ကြည့်လိုက်ရအောင်လား။

    မက်မွန်သီး ဆိုတာ

    မက်မွန်သီးဆိုတာက အပေါ်ခွံမှာ အမွေးပွပွလေးတွေပါတဲ့ ပန်းရောင်၊ အနီရောင်နဲ့ အဝါရောင်ရောစပ်ထားတဲ့ အခွံရှိတဲ့အသီးပါ။ အသားက အဝါရောင်ရှိပြီး အသီးရဲ့ အလယ်မှာ အစေ့ခပ်ရွယ်ရွယ်တစ်စေ့ပဲ ပါတတ်ပါတယ်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ပေါက်ရောက်တဲ့ အပင်တစ်မျိုးပါ။ အနံ့မွှေးပြီး စားရတဲ့ အရသာကလည်း ချိုပါတယ်။ အဖန်အရသာအနည်းငယ်ပါတာမျိုးလည်း ရှိပါတယ်။

    ဓာတ်တိုးဆန့်ကျင်အာနိသင်နဲ့ အာဟာရကြွယ်ဝတဲ့ မက်မွန်သီး

    မက်မွန်သီးမှာ ခန္ဓာကိုယ်အတွက် အကျိုးပြုတဲ့ ဗီတာမင်၊ သတ္တုဓာတ်နဲ့ အခြားအကျိုးပြုဒြပ်ပေါင်းတွေ ပါဝင်နေပါတယ်။ မက်မွန်သီး စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်အတွက်

    • ကယ်လ်လိုရီ
    • ပရိုတင်း
    • အဆီ
    • ကာဗိုဟိုက်ဒရိတ်
    • အမျှင်ဓာတ်
    • ဗီတာမင် C
    • ဗီတာမင် A
    • ပိုတက်ဆီယမ်
    • နီကာဆင်
    • ဗီတာမင် E
    • ဗီတာမင် K
    • ကော့ပါး
    • မဂ္ဂနိစ်
    • ကယ်လ်ဆီယမ်
    • သံဓာတ် တို့ပါဝင်နေပါတယ်။

    မက်မွန်သီးလေးစားရင်း ရရှိမယ့် ကျန်းမာရေးအကျိုးကျေးဇူး

    မက်မွန်သီးက ခန္ဓာကိုယ်အတွက် ဒီလိုအကျိုးပြုပါတယ်။

    အစာခြေစနစ်ကျန်းမာစေနိုင်တယ်

    မက်မွန်သီးမှာ အမျှင်ဓာတ်ပါဝင်နေတာကြောင့် အစာခြေစနစ်ကို အကောင်းဆုံးထောက်ပံ့ပေးနိုင်ပြီး အစာတွေကို ကြေညက်စေနိုင်သလို အူနံရံကို အာဟာရဓာတ်တွေ စုပ်ယူနိုင်အောင်လည်း ကူညီပေးနိုင်ပါတယ်။ ဝမ်းမမှန်တာနဲ့ အစာခြေစနစ် ပြဿနာတွေ မဖြစ်အောင် တားဆီးပေးနိုင်ပါတယ်။ အူမကြီးကို ကျန်းမာစေနိုင်တဲ့ သစ်သီးလေးတစ်မျိုးပေါ့။

    နှလုံးကျန်းမာစေနိုင်တယ်

    တစ်နေ့ကို မက်မွန်သီးတစ်လုံးစားပေးတာက နှလုံးကျန်းမာရေးကို စောင့်ရှောက်နေတာပါပဲ။ မက်မွန်သီးမှာ နှလုံးကျန်းမာစေတဲ့ ဓာတ်တွေများစွာပါဝင်နေပါတယ်။

    မက်မွန်သီးက နှလုံးရောဂါခံစားရနိုင်ခြေကိုတင် နည်းစေတာမဟုတ်ပါဘူး။ သွေးတိုးနဲ့ သွေးတွင်းကိုလက်စထရော မြင့်တက်မှု မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ သွေးတိုးနဲ့ သွေးတွင်းကိုလက်စထရောကျပြီး နှလုံးကျန်းမာချင်တယ်ဆိုရင်တော့ မက်မွန်သီးလေးက အဆင်ပြေစေမှာပါ။

    အသားအရေကို ကျန်းမာစေနိုင်တယ်

    မက်မွန်သီးက အရေပြားကို ကျန်းမာစေနိုင်တဲ့ အာနိသင်ရှိပါတယ်။ မက်မွန်သီးမှာပါတဲ့ ဒြပ်ပေါင်းက အရေပြားကို အစိုဓာတ်ထိန်းပေးပြိး အသားအရေကို တင်းရင်းစေနိုင်သလို အရေပြားပြဿနာကင်းပြီး ကျန်းမာတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်စေပါတယ်။ အသားအရေကို ခရမ်းလွန်ရောင်ခြည် ကြောင့် ပျက်စီးမှုကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။

    ကင်ဆာကာကွယ်ပေးတယ်

    မက်မွန်သီးကလည်း အခြားအသီးတွေလိုပဲ ခန္ဓာကိုယ်ကို အကျိုးပြုတဲ့ ဒြပ်ပေါင်းများစွာပါဝင်နေသလို ကင်ဆာတိုက်ဖျက်နိုင် တဲ့ ပရိုတင်းလည်း ပါဝင်နေပါတယ်။

    မက်မွန်သီးရဲ့ အသားလွှာမှာ ကင်ဆာတိုက်ဖျက်ပေးနိုင်တဲ့ ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဖြစ်ကြတဲ့ ကာရိုတီးနွိုက် နဲ့ caffeic အက်ဆစ်တို့ပါဝင်နေပါတယ်။ လေ့လာမှုတစ်ရပ်အရ လေဒီလေးတွေအနေနဲ့ တစ်နေ့ကို မက်မွန်သီး ၂ လုံးပုံမှန်စားပေးတာက ရင်သားကင်ဆာဖြစ်နိုင်ခြေကို ၄၁ ရာခိုင်နှုန်းအထိလျော့ကျစေနိုင်ပါတယ်တဲ့။

    ဓာတ်မတည့်မှုကို သက်သာလျော့ပါးစေနိုင်တယ်

    ခန္ဓာကိုယ်က ဓာတ်မတည့်တဲ့အရာတစ်ခုခုနဲ့ ထိတွေ့တဲ့အခါ ဓာတ်မတည့်မှုကို တုံ့ပြန်ဖို့ ခန္ဓာကိုယ်ရဲ့ ကိုယ်ခံအားစနစ်က histamines လို့ခေါ်တဲ့ ဓာတုပစ္စည်းကို ထုတ်လွှတ်ပါတယ်။ ဒီလိုထုတ်လွှတ်ခုခံတဲ့အခါ ခန္ဓာကိုယ်က နှာချေတာ၊ ယားယံတာနဲ့ ချောင်းဆိုးတာလိုမျိုး ဓာတ်မတည့်မှုလက္ခဏာတွေ ဖြစ်ပေါ်လာပါတယ်။

    လေ့လာမှုတွေအရကတော့ မက်မွန်သီးက ဓာတ်မတည့်မှုကြောင့်ဖြစ်တဲ့ ရောင်ရမ်းမှုတွေကို လျော့ပါးသက်သာစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ဒါကြောင့် ဓာတ်မတည့်ဖြစ်တတ်သူလေးတွေအနေနဲ့ မက်မွန်သီးက စားပေးသင့်တဲ့ အသီးတစ်မျိုးပေါ့။

    အနာကျက်စေနိုင်တယ်

    နူးညံ့ပြီး စားကောင်းတဲ့ မက်မွန်သီးမှာ ဗီတာမင် C က ၁၅ ရာခိုင်နှုန်းပါဝင်နေတာကြောင့် ကိုယ်ခံအားကို ကောင်းမွန်စေနိုင်သလို အနာတွေကိုလည်း မြန်မြန်ကျက်စေနိုင်ပါတယ်။ ဆဲလ်တွေထိခိုက် ပျက်စီးမှုမရှိအောင် ကာကွယ်ပေး ပါတယ်။

    အမြင်အာရုံ ကောင်းစေနိုင်တယ်

    မက်မွန်သီးမှာ ဘီတာကယ်ရိုတင်းလို့ခေါ်တဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတစ်မျိုးပါဝင်နေပါတယ်။ မက်မွန်သီးကို စားလိုက်တဲ့အခါ ဒီဓာတ်က ခန္ဓာကိုယ်အတွင်းမှာ ဗီတာမင် A အဖြစ်ပြောင်းလဲပြီး အမြင်အာရုံကျန်းမာစေဖို့ အထောက်အပံ့ပေးပါတယ်။ မက်မွန်သီးက အမြင်အာရုံတင်မဟုတ်ဘဲ ကိုယ်ခံအားစနစ်အပါအဝင် ခန္ဓာကိုယ်ကို အများကြီး အထောက်အပံ့ပေးပါတယ်။

    ဆီးချိုသမားတွေနဲ့ သင့်တော်တယ်

    လေ့လာမှုတွေအရ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေက သွေးတွင်းသကြားဓာတ်ကို ကျဆင်းစေနိုင်တယ်လို့ တွေ့ရှိခဲ့ရပါတယ်။ ပြောချင်တာကတော့ မက်မွန်သီးစားတာက အမျိုးအစား ၁ ဆီးချိုသမားတွေမှာရော အမျိုးအစား ၂ ဆီးချိုသမာတွေမှာပါ သွေးတွင်းသကြားဓာတ်ကို ထိန်းညှိပေးနိုင်ပြီး အင်ဆူလင်ပမာဏကို တိုးစေနိုင်ပါတယ်။

    ဘာတွေ သတိထားရမလဲ

    မက်မွန်သီးက ကျန်းမာရေးအတွက် ကောင်းတာမှန်ပေမယ့် အလွန်အကျွံ မစားဖို့တော့ လိုပါမယ်။

    ဘယ်သူတွေ မစားသင့်ဘူးလဲ

    ရောဂါအခံရှိသူတွေ၊ ကျန်းမာရေး အခြေအနေ တစ်ရပ်ရပ်ကြောင့် ဆေးပုံမှန် သောက်နေရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ စားပေးသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 25/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement