backup og meta

ဗီတာမင်ချို့တဲ့မှုတွေ ဘာကြောင့်ဖြစ်ရတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 06/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဗီတာမင်ချို့တဲ့မှုတွေ ဘာကြောင့်ဖြစ်ရတာလဲ

    ဗီတာမင်ချို့တဲ့မှုတွေ ဘာကြောင့်ဖြစ်ရတာလဲ …… တိုးတက်လာတဲ့လူနေမှုပုံစံနဲ့အညီ လူတန်းစေ့နေထိုင်နိုင်ဖို့ အစဉ်တစိုက်ကြိုးပမ်းနေရတာကြောင့် လူတိုင်းဟာ တော်တော်လေးပင်ပန်းကြရပါတယ်။ တစ်နေ့တာလုံး မနားရလောက်အောင် လှုပ်ရှားနေရပေမယ့် ခန္ဓာကိုယ်ကို လုံလောက်တဲ့ အာဟာရဓာတ်တွေရော ပေးမိရဲ့လား။ လုံလောက်တဲ့ အာဟာရဆိုတဲ့ နေရာမှာ အိပ်စက်မှုရော၊ စားသောက်မှုပုံစံပါ ပါတယ်။ ခန္ဓာကိုယ်က အားတွေစိုက်ထုတ်ပြီး အလုပ်လုပ်လိုက်ရပေမယ့် လိုအပ်တဲ့ အာဟာရကို အပြည့်အဝပြန်မရတဲ့အခါမျိုးမှာ ဗီတာမင်ချို့တဲ့တာတွေ ဖြစ်လာပါတယ်။ လုပ်နိုင်စွမ်းထက် ပိုခိုင်းမိတဲ့အခါ ကွန်ပျူတာတွေ ဟန်းမ်သွားတာလိုမျိုးပေါ့။

    ဗီတာမင်ချို့တဲ့မှုတွေ ဘာကြောင့်ဖြစ်ရတာလဲ

    ဗီတာမင်ချို့တဲ့မှုတွေ ဘာကြောင့်ဖြစ်ရတာလဲ ဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

    ဗီတာမင် ချို့တဲ့ခြင်းဆိုတာ

    ဗီတာမင် ဆိုတာက ခန္ဓာကိုယ်ကျန်းမာစေဖို့အတွက် အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတဲ့ အာဟာရဓာတ်တွေပါ။ အခုခေတ်ရဲ့ ဘဝနေထိုင်မှုပုံစံကိုက အသင့်ပြင်ထားတဲ့ အစားအစာတွေ နဲ့ အမြန်စား အစားအစာတွေကို ရှောင်လွှဲနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ ဒါကြောင့် လူတော်တော်များများဟာ ဗီတာမင် ချို့တဲ့မှုဒဏ်ကို ခံစားလာကြရတာပါ။ ခန္ဓာကိုယ်ထဲမှာ ဗီတာမင် ချို့တဲ့လာတဲ့အခါ ခန္ဓာကိုယ်တစ်ခုလုံးမှာ ပြဿနာဖြစ်လာပါတော့တယ်။

    ခန္ဓာကိုယ်ရဲ့ ဇီဝတွင်းလုပ်ငန်းစဉ်တွေ လုပ်ဆောင်လည်ပတ်နိုင်စေဖို့အတွက် ဗီတာမင်တွေကို မဖြစ်မနေလိုအပ်ပါတယ်။ ဒါကြောင့် လူတိုင်းအနေနဲ့ လုံလောက်တဲ့ ဗီတာမင်ရရှိအောင် အစားအစာတွေကို စားသုံးပေးတာမျိုးဖြစ်ဖြစ် ဗီတာမင်အားဖြည့်ဆေးတွေ သောက်သုံးတာမျိုးဖြစ်ဖြစ် လုပ်ဆောင်ရပါမယ်။

    နေ့စဉ်စားသုံးတဲ့ အစာအသောက်တွေထဲမှာ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်တွေ မပါဝင်တာ၊ တခြားနည်းလမ်းနဲ့လည်း ဗီတာမင် လုံလောက်အောင်မဖြည့်တင်းတာတွေက ဗီတာမင်ချို့တဲ့ရမှုရဲ့ အခြေခံအကြောင်းခြင်းရာပါ။ ဗီတာမင်ချို့တဲ့လာတဲ့အခါ ခန္ဓာကိုယ်က ရောဂါတွေကို ခုခံနိုင်စွမ်းနည်းလာတာအပြင် တခြားကျန်းမာရေးပြသနာတွေပါ ဖြစ်လာပါတယ်။

    ဗီတာမင်ချို့တဲ့ခြင်းကို အမျိုးအစားခွဲမယ်

    ဗီတာမင်ချို့တဲ့ခြင်းမှာမှ Primary deficiency နဲ့ Secondary deficiency ဆိုပြီး နှစ်မျိုးရှိပါတယ်။

    • Primary Deficiency ဆိုတာက

    ဒီဗီတာမင် ချို့တဲ့မှု အမျိုးအစားက ခန္ဓာကိုယ်က လုံလောက်တဲ့ ဗီတာမင် မရရှိတာကြောင့်ဖြစ်တဲ့ ဗီတာမင် ချို့တဲ့မှုပါ။ Primary deficiency က ရိုးရိုးဗီတာမင် ချို့တဲ့မှုလို့ ပြောလို့ရပါတယ်။ အာဟာရပြည့်ဝအောင် စားသုံးပေးမယ်ဆိုရင် သက်သာသွားမှာပါ။ ကုသပျောက်ကင်းလွယ်တဲ့ ဗီတာမင်ချို့တဲ့မှုလို့ပြောလို့ရပါတယ်။

    • Secondary Deficiency

    နေထိုင်မှုပုံစံနဲ့ ရောဂါအခြေအနေတစ်ရပ်ရပ်ကြောင့်ဖြစ်လာတဲ့ ဗီတာမင် ချို့တဲ့မှုပါ။ နားလည်လွယ်အောင်ပြောပြရရင် ဆေးလိပ်သောက်သူတွေအနေနဲ့ ဗီတာမင် C ကို ပုံမှန်ထက် ၃၀ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းလောက် ပိုမိုရရှိဖို့လိုပါမယ်။ နောက်တစ်ခုကတော့ နေရောင်ခြည်နဲ့ ထိတွေ့မှု နည်းတဲ့သူတွေမှာ ဗီတာမင် D အားနည်းတတ်ပြီး ဗီတာမင်D ဖြည့်စွက်ဆေးသောက်သုံးပေးဖို့ လိုပါလိမ့်မယ်။ ခန္ဓာကိုယ်မှာ ဗီတာမင် D နည်းလာတဲ့အခါ အရိုးကြံ့ခိုင်ဖို့အတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်စုပ်ယူမှုအပေါ်မှာ ထိခိုက်လာပါတော့တယ်။

    ဗီတာမင် ချို့တဲ့မှုဖြစ်ရတဲ့ အကြောင်းရင်းခံတွေက ဘာတွေများလဲ

    ဗီတာမင်ချို့တဲ့မှုကိုဖြစ်စေတဲ့ အကြောင်းအရင်းတွေက တစ်ချက်၊ နှစ်ချက်လောက်ပဲရှိတာမဟုတ်ပါဘူး။ အောက်ကိုဆက်ကြည့်လိုက်ရအောင်နော်။

    • နေ့စဉ်စားသုံးတဲ့ အစားအသောက်တွေထဲမှာ ဗီတာမင် ပါဝင်မှု နည်းနေတာ
    • အရက်သောက်သုံးတာ
    • ဆေးလိပ်သောက်တာ
    • သောက်သုံးနေရတဲ့ဆေးတွေကြောင့် ဗီတာမင် ချို့တဲ့တာ
    • ကိုယ်ဝန်ဆောင်ကာလအတွင်း မအီမသာဖြစ်ပြီး ပျို့အန်တာ
    • အဝလွန်တာ
    • နို့တိုက်မိခင်ဖြစ်နေတာ
    • ရောဂါအခံတစ်ခုခုကြောင့် စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

    ဗီတာမင်ချို့တဲ့နေတာကို ဖော်ပြနေတဲ့ လက္ခဏာတွေက

    ဗီတာမင်ချို့တဲ့လာတဲ့အခါ ခန္ဓာကိုယ်မှာ ရှေ့ပြေးလက္ခဏာလေးတွေ စဖြစ်လာပါတယ်။ ဗီတာမင်ချို့တဲ့ တဲ့အခါ ခန္ဓါကိုယ်မှာ ဘယ်လိုလက္ခဏာတွေပြလာလဲဆိုတော့

    • အအေးမိ၊ တုပ်ကွေးအဖြစ် လွယ်လာမယ် (flu)
    • ကြွက်တက်မယ်
    • အရေပြားတွေ ခြောက်သွေ့ကြမ်းတမ်းလာမယ်
    • ဆီးချိုဖြစ်နိုင်ခြေ များလာမယ်(diabetes)
    • သွားဖုံးနဲ့ သွားတဝိုက်မှာ ရောဂါတွေ ခံစားရမယ် (Periodontal disease)
    • နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်နိုင်ခြေများလာမယ်
    • စိတ်ကျဝေဒနာခံစားရလာနိုင်တယ်
    • အားမရှိဘဲ နုံးနေမယ် စတာတွေ ခံစားရနိုင်ပါတယ်။

    ဗီတာမင် ချို့တဲ့တာကြာလာရင်ဘာတွေခံစားရမလဲ

    • သွားဖုံးသွေးယိုတာ

    ဗီတာမင် Cချို့တဲ့တဲ့အခါ အရေပြားမှာ သွေးယိုလွယ်လာမယ်၊ သွားတွေ ယိုင်နဲ့တာဖြစ်မယ်၊ သွားဖုံးတွေ ရောင်မယ်၊ သွေးထွက်မယ်၊ အနာကျက်နှေးလာမယ်။ ဒီလိုတွေဖြစ်လာပြီဆိုရင်တော့ ဗီတာမင် C ကို ပြည့်ဝအောင်စားသုံးပေးဖို့ လိုအပ်နေပြီဆိုတဲ့ လက္ခဏာပါ။

    • အရိုးပျော့သူငယ်နာ (Rickets)

    ကလေးငယ်တွေမှာ အရိုးကျိုးလွယ်တာ၊ အရိုးပျော့တာဖြစ်ရတဲ့ အဓိကအကြောင်းအရင်းက အရိုးတွေ ကြံ့ခိုင်မှုကို ထိခိုက်စေနိုင်တဲ့ အရိုးပျော့သူငယ်နာဝေဒနာကြောင့်ပါ။ ဒီဝေဒနာဖြစ်ရတဲ့ အကြောင်းရင်းခံက အရိုးတွေကျန်းမာသန်စွမ်းအောင် ကယ်လ်ဆီယမ်စုပ်ယူမှုကို အားဖြည့်ပေးနိုင်တဲ့ ဗီတာမင် D ချို့ယွင်းနေတာကြောင့်ပါ။ ဗီတာမင် D ကို နေရောင်ခြည်ကနေ ရရှိနိုင်သလို အားဖြည့်ဆေးတွေသောက်သုံးပေးရင်လည်း အဆင်ပြေပါတယ်။

    • ဘယ်ရီဘယ်ရီ ရောဂါ (Beriberi)

    ဒီဝေဒနာက ခန္ဓာကိုယ်မှာ ဗီတာမင် B1 ချို့တဲ့တဲ့အခါမှာ ဖြစ်လာတဲ့ ရောဂါတစ်မျိုးပါ။ အာရုံကြော၊ နှလုံးနဲ့ ဦးနှောက်တို့အပေါ်မှာ သက်ရောက်မှုရှိလာနိုင်ပါတယ်။ ဗီတာမင် B1 ချို့တဲ့လာတဲ့အခါ ခြေတွေလက်တွေ ထုံကျဉ်လာမယ်၊ မေ့တတ်လာမယ်၊ အသက်ရှူမှုနဲ့ ပတ်သက်တဲ့ပြဿနာတွေ ခံစားလာရနိုင်ပါတယ်။

    အကြောတွေဆိုင်းတာ၊ စကားပြောရခက်တာ၊ အာရုံတွေရှုပ်ထွေးတာ၊ စိတ်ဓာတ်ကျတာတွေလည်း ခံစားရနိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ဗီတာမင် B1 ချို့တဲ့နေပြီဆိုတဲ့ လက္ခဏာတွေ ပြသလာတဲ့အခါ ချက်ချင်း ကုသမှုလုပ်ပေးဖို့လိုပါမယ်။ တကယ်လို့ မကုဘသဲထားမယ်ဆိုရင် အန္တရာယ်ဖြစ်နိုင်ပါတယ်။ အထူးသဖြင့် ကလေးငယ်လေးတွေမှာ သူငယ်နာဖြစ်ပြီး သေဆုံးတတ်ပါတယ်။

    • နိုင်ယာစင်ချို့တဲ့ခြင်းကြောင့်ဖြစ်တဲ့ရောဂါ (Pellagra)

    ခန္ဓာကိုယ်မှာ ဗီတာမင်B3  ချို့တဲ့တာကြောင့် မျက်နှာ၊ လည်ပင်း၊ လက်တွေ၊ ခြေသလုံး နဲ့ခြေဖမိုးတွေမှာ အနီရင့်ရောင်အကွက်တွေဖြစ်လာတာပါ။ ဒီ Pellagra ဝေဒနာခံစားရသူတွေမှာ ဝမ်းလျှောတာ၊ မအီမသာဖြစ်တာ၊ အော့အန်တာတွေ တွေ့ရနိုင်ပါတယ်။ ပါးစပ်နဲ့ လျှာတွေ နီနေတာ၊ ရောင်ရမ်းတာနဲ့ ပါးစပ်နဲ့ လျှာမှာ အနာတွေဖြစ်တာမျိုးတောင် ခံစားရနိုင်ပါတယ်။

    တစ်နေ့တာလှုပ်ရှားနေရတဲ့ ခန္ဓာကိုယ်ကို ကျန်းမာသန်စွမ်းနေစေချင်တယ်ဆိုရင်တော့ အာဟာရပြည့်ဝအောင်စားသုံးတာ၊ ပြည့်ဝတဲ့အနားယူမှု လုပ်ပေးတာမျိုးတွေလုပ်ပေးဖို့လိုပါမယ်။ နေ့စဉ်စားတဲ့အခါ အာဟာရချို့တဲ့မှု မရှိအောင် အစာအုပ်စုတွေကို စုံလင်မျှတအောင် စားပေးရပါမယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 06/02/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement