backup og meta

ပဲစောင်းလျားသီး ကို မကြာမကြာစားသုံးသင့်တဲ့ အကြောင်းရင်း (၈) ခု


Yun Sandi Nan Mon မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပဲစောင်းလျားသီး ကို မကြာမကြာစားသုံးသင့်တဲ့ အကြောင်းရင်း (၈) ခု

    ပဲစောင်းလျားသီး ကို မြန်မာ့ထမင်းဝိုင်းမှာ ဟင်းချိုထဲ ခတ်ထားတာ ဒါမှမဟုတ် အတို့အမြှုပ်အဖြစ် တွေ့ရလေ့ရှိပါတယ်။ ပဲစောင်းလျားသီးနုနုလေးတွေကို ရေနွေးဖျော၊ ပါးပါးလှီးပြီး သံပရာသီးလေး၊ ပုဇွန်ခြောက်လေးနဲ့ သုပ်စားတာကလည်း လက်ဖက်သုပ်လိုပဲ ရေနွေးကြမ်းနဲ့ လိုက်ဖက်တဲ့ မြန်မာ့သရေစာ လက်သုပ်တစ်မျိုးဖြစ်ပါတယ်။ ထမင်းဝိုင်းမှာ ငါးပိရည်နဲ့ အသီးအရွက်တို့စရာပါဝင်စေတာ၊ သရေစာစားချိန်မှာ အသီးအရွက်တစ်မျိုးမျိုးကို သုပ်စားတာတွေဟာ နေ့စဉ်အစားအသောက်တွေထဲမှာ အသီးအရွက်တွေကို အမြဲပါဝင်စေဖို့ ရည်ရွယ်ခဲ့ပုံရတဲ့ ချစ်စရာမြန်မာဓလေ့ပါ။

    ပဲစောင်းလျားသီးဆိုတာ ဈေးမှာ အမြဲရှိပေမယ့် အမြဲဝယ်မစားဖြစ်တဲ့အထဲမှာလည်း ပါဝင်ပါတယ်။ တစ်ခါတလေမှ စားဖြစ်တတ်တယ်ပေါ့။ တခုတ်တရဝယ်စားတာမျိုး သိပ်မရှိတတ်ကြပါဘူး။ ဒါပေမယ့် သူ့ရဲ့ အကျိုးကျေးဇူးလေးတွေကို သိလိုက်ရရင် အမြဲမဟုတ်တောင် မကြာမကြာစားမိတော့မှာပဲ။

    ပဲစောင်းလျားသီး ကို မကြာမကြာစားသုံးသင့်တဲ့ အကြောင်းရင်း (၈) ခု

    (၁) အရွယ်တင်နုပျိုစေတယ်

    ပဲစောင်းလျားသီး မှာ ဗီတာမင် C နဲ့ ဗီတာမင် A ကြွယ်ဝပါတယ်။ ဒီဗီတာမင်နှစ်မျိုးလုံးက ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေအဖြစ် လုပ်ဆောင်ပေးတဲ့အပြင် အရေးအကြောင်းတွေလိုမျိုး အရွယ်မတိုင်မီ ရင့်ရော်ခြင်းလက္ခဏာတွေကို ကာကွယ်ပေးနိုင်ပါတယ်။

    (၂) အသားအရေတင်းရင်းစေတယ်

    ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်မှုများနေမှတော့ အသားအရေတင်းရင်းပြီး နုပျိုမှာ မလွဲပါဘူး။

    ပဲစောင်းလျားသီး ကို မကြာမကြာစားသုံးသင့်တဲ့ အကြောင်းရင်း (၈) ခု

    (၃) ကယ်လိုရီနည်းတယ်

    ပဲစောင်းလျားသီး ၁၀၀ ဂရမ်မှာ ၄၉ ကယ်လိုရီပဲ ပါဝင်တယ်ဆိုတော့ ဝိတ်ချချင်တဲ့သူတွေအတွက် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပဲ။ ပဲစောင်းလျားသီးဟင်းချို၊ ပဲစောင်းလျားသီးသုပ်၊ ပဲစောင်းလျားသီးချက် အကုန်သာတွယ်ပေတော့။

    (၄) ဗီတာမင် C ကြွယ်ဝတယ်

    အသီးက လုံးဝမချဉ်ပေမယ့် ဗီတာမင် C ပါဝင်မှုက များတာကြောင့် ကိုယ်ခံအားစနစ်ကို အားကောင်းစေပါတယ်။ သွေးကြောတွေရဲ့ ကျုံ့ဆန့်နိုင်စွမ်းကို ကောင်းစေပြီး ကင်ဆာရောဂါတချို့ကနေ ကာကွယ်ပေးတဲ့ ကောင်းကျိုးတွေလည်း ရှိပါတယ်။

    (၅) သတ္တုဓာတ်တွေ ကြွယ်ဝတယ်

    ပဲစောင်းလျားသီး မှာ သံဓာတ်၊ မဂ္ဂနိစ်၊ ကယ်လ်စီယမ်၊ ဖော့စဖရပ်စ်တို့လို အရေးပါတဲ့ သတ္တုဓာတ်တွေ အများအပြားပါဝင်ပါတယ်။ ဗီတာမင် A ၊ B ၊ E တွေလည်း ပါဝင်မှုများပါတယ်။

    (၆) ဖောလိတ်ဓာတ် ကြွယ်ဝတယ်

    ဖောလိတ်က ဒီအင်န်အေနဲ့ ဆဲလ်တွေအတွက် မရှိမဖြစ် လိုအပ်တဲ့ ဓာတ်တစ်မျိုးဖြစ်ပါတယ်။ အမျိုးသမီးတွေမှာဆိုရင် ကိုယ်ဝန်ရကာစနဲ့ ကိုယ်ဝန်ဆောင်ချိန်အတွင်း အစာအာဟာရကနေဖောလိတ်ဓာတ်ရရှိမှု လုံလောက်အောင် အထောက်အကူပေးနိုင်ပါတယ်။

    ပဲစောင်းလျားသီး ကို မကြာမကြာစားသုံးသင့်တဲ့ အကြောင်းရင်း (၈) ခု

    (၇) ပရိုတင်းကြွယ်ဝတယ်

    ပရိုတင်းပါဝင်မှုကို ကြည့်မယ်ဆိုရင် ပဲပိစပ်နဲ့အတူတူပါပဲ။ တခြားပဲတွေလိုပဲ ပဲစောင်းလျားသီးအစေ့ရဲ့ပရိုတင်းပမာဏဟာ ပြောင်းဖူးနဲ့ တွဲဖက်လိုက်ရင် နွားနို့ကို မီနိုင်ပါတယ်တဲ့။

    (၈) ကယ်လ်စီယမ် ကြွယ်ဝတယ်

    ကယ်လ်စီယမ် ပါဝင်မှု မြင့်မားလို့ အရိုးတွေကို သန်မာစေပြီး နေမကောင်းဖြစ်နေသူတွေ၊ အားနည်းနေသူတွေကို ခွန်အားတိုးစေပါတယ်။

    အစာလည်းဆေး၊ ဆေးလည်းအစာ ဆိုသလို အစားအသောက်တွေကို ဉာဏ်ရှိသလို အသုံးချရင်း ကိုယ့်ကျန်းမာရေးကို စောင့်ရှောက်သင့်ပါတယ်။ အားဆေးတွေချည်း အားမကိုးဘဲ သဘာဝအသီးအရွက်တွေကနေ အာဟာရဓာတ်တွေ တိုက်ရိုက်ရယူလိုက်ပါ။ ဘေးထွက်ဆိုးကျိုးနဲ့ တာရှည်ခံပစ္စည်းတွေ ကင်းစင်စေပါလိမ့်မယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 01/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement