backup og meta

ဒံပေါက်ကို အမြဲစားနေရင် ကျန်းမာရေးထိခိုက်လာနိုင်လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Zon Aung မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဒံပေါက်ကို အမြဲစားနေရင် ကျန်းမာရေးထိခိုက်လာနိုင်လား

    ဒံပေါက်ကို အမြဲစားနေရင် ကျန်းမာရေးထိခိုက်လာနိုင်လား။ ဒံပေါက်ဆိုတဲ့ အသံကြားတာနဲ့ လူတော်တော်များများ ပါးစပ်ကနေ သွားရည်တွေ ကျလာတာ တွေ့ဖူးကြမှာပါ။ အိန္ဒိယ ရိုးရာ အစားအစာတစ်မျိုးဖြစ်ပြီး အနံ့ရော၊ အရသာနဲ့ အရောင်အဆင်းအနေနဲ့ပါ လူတိုင်းကို စားချင်လာအောင် ဆွဲဆောင်နိုင်တယ်။ ဒံပေါက်ကို အိန္ဒိယလူမျိုးတွေအပြင် ကျွန်တော်တို့ မြန်မာလူမျိုးတွေရော တစ်ကမ္ဘာလုံးက လူတွေကပါ ကြိုက်နှစ်သက်ကြပါတယ်။

    ဒီတော့ ဒံပေါက်ဆိုတာ ကျန်းမာရေးအတွက် ကောင်းတဲ့ အစားအစာဟုတ်သလား၊ ဒီလိုနွေရာသီမျိုးမှာရော ဒံပေါက်စားပေးသင့်လား၊ အမြဲစားရင် ကျန်းမာရေးထိခိုက်နိုင်လား ဆိုပြီး မေးစရာမေးခွန်းတွေ ဖြစ်လာပါတယ်။ ကိုယ်တိုင်က ဒံပေါက်ကို အရမ်းကြိုက်တတ်တဲ့သူတစ်ယောက်ဆိုရင် ဒီဆောင်းပါးလေးက သင့်အတွက် ဗဟုသုတရစေမှာပါ။

    ဒံပေါက်ကို အမြဲစားနေရင် ကျန်းမာရေးထိခိုက်လာနိုင်လား

    ဒံပေါက်ကို အမြဲစားနေရင် ကျန်းမာရေးထိခိုက်လာနိုင်လား ဆိုတော့ –

    ဒံပေါက်မှာ ဘာတွေ ပါဝင်လဲ။ ဘယ်လိုအာဟာရဓါတ်တွေ ရနိုင်လဲ။

    အဓိကပါဝင်ပစ္စည်းတွေကတော့ ထမင်းနဲ့ ကြက်သားြဖစ်ပြီး ဆီ၊ ကြက်သွန်ဖြူ၊ ဂျင်း၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်းမှုန့်၊ နနွင်းမှုန့်၊ ဇီရာစေ့၊ ခရမ်းချဉ်သီး၊ ဒိန်ချဉ်၊ ဒံပေါက်မဆလာ၊ ဖာလာစေ့၊ နာနတ်ပွင့်၊ သစ်ဂျပိုးခေါက်၊ ကရဝေးရွက်၊ အာလူး၊ သီဟိုရ်စေ့၊ ကြက်သွန်နီအစရှိသဖြင့် ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ဖြစ်စေတဲ့ အရာတွေကို ပေါင်းစပ်ချက်လုပ်ထားတာ ဖြစ်ပါတယ်။

    ဒံပေါက်ကို ထမင်း၊ ကြက်သားနဲ့ အဓိကချက်ထားတာဖြစ်တဲ့အတွက် ပရိုတင်းဓါတ်၊ ကစီဓါတ်ပေါကြွယ်ဝတယ်။ ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်လည်ဖြည့်တင်းပေးတယ်။ အမျှင်ဓါတ်လည်း ပါဝင်လို့ အစာကြေလွယ်စေပြီး ဝမ်းချုပ်တာတွေ မဖြစ်စေပါဘူး။ သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးနိုင်တယ်။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေတယ်။ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ခန္ဓါကိုယ်အတွက် မရှိမဖြစ် အသားဓါတ်အပြင် ဗီတာမင် ဘီ-၃၊ အိုမင်းရင့်ရော်ခြင်းကို နှေးကွေးစေတဲ့ ဆလီနီယမ် (Selenium)တွေလည်း ပါဝင်ပါတယ်။

    ဒါဆိုရင် ဒံပေါက်ဟာ ကျန်းမာရေးနဲ့ ညီညွတ်လား။

    ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ရှိစေတဲ့ အရာတွေကို ပေါင်းစပ်ပြီး ဒံပေါက်ကို ချက်ထားတာဖြစ်ပေမဲ့ ချက်ပုံချက်နည်း၊ ပါဝင်ပစ္စည်းနဲ့ သန့်ရှင်းသပ်ရပ်မှုပေါ်မူတည်ပြီး ဒံပေါက်ဟာ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ အပြင်မှာ ရောင်းတဲ့ဆိုင်တွေ တော်တော်များများက မသန့်ရှင်းတဲ့ ဆီတွေကို အသုံးပြုတာ၊ စားအုန်းဆီလို ပြည့်ဝဆီတွေနဲ့ ဒံပေါက်ထမင်းချက်တာ၊ ချက်ပြီးသားဆီကို အကြိမ်ကြိမ် ပြန်အသုံးပြုတာကြောင့် အမြဲစားပေးနေရင်တော့ ကျန်းမာရေးကို ထိခိုက်လာစေမှာ အသေအချာပါပဲ။ ဒါကြောင့် ကိုယ်က ဒံပေါက်ကြိုက်တဲ့သူဆိုရင် ကိုယ့်အိမ်မှာ ဆီကောင်းဆီသန့်နဲ့ သေချာသန့်ရှင်းလတ်ဆတ်စွာ ချက်ပြီး ပူပူနွေးနွေးစားတာ အကောင်းဆုံးပါပဲ။

    နွေရာသီမှာ ဒံပေါက်စားပေးသင့်လား။

    ဒံပေါက်မှာ ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ပရိုတင်းဓါတ်တွေအပြင် ကစီဓါတ်၊ အဆီဓါတ်တွေ အများအပြားပါဝင်လို့ နွေရာသီလို ရာသီဥတုပူပြင်းတဲ့ အချိန်မှာ စားရင်တော့ ခေါင်းမူးခေါင်းကိုက်ပြီး ကိုယ်လက်မအီမသာဖြစ်တာ၊ ပျို့အန်ချင်တာမျိုး ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် ဆီများလွန်းတာ၊ မသန့်ရှင်းတဲ့ ဆီတွေ သုံးထားရင်လည်း သွေးတိုးရောဂါ၊ နှလုံးရောဂါ ရှိတဲ့သူတွေအနေနဲ့တော့ များများစားလိုက်ရင် သွေးတက်တာ၊ ဦးနှောက်နဲ့ နှလုံးသွေးကြောထိခိုက်နိုင်ပါတယ်။ ကယ်လိုရီပါဝင်မှုများတဲ့အတွက် အသည်းအဆီဖုံးတာ၊ ကိုယ်အလေးချိန်တက်ပြီး အဝလွန်တာတွေပါ ဖြစ်လာနိုင်ပါတယ်။

    ဒံပေါက်ကို ဘယ်လိုဆင်ခြင်ပြီး စားနိုင်ရင် အကောင်းဆုံးလဲ။

    အစားအစာတိုင်းမှာတော့ တန်ဆေး၊ လွန်ဘေးဆိုတာ ရှိပါတယ်။ ဒါကြောင့် ကိုယ်က အစားအစာတစ်မျိုးကို ဘယ်လောက်ပဲ ကြိုက်ကြိုက် ဒါပဲ အမြဲစားနေမယ်ဆိုရင်တော့ ကျန်းမာရေးမှာ ပြဿနာဖြစ်လာမှာပါ။ ဒါကြောင့် ဒံပေါက်ကိုလည်း အမြဲစားတာထက် တစ်လ ၂ကြိမ်၊ ၃ကြိမ်လောက်ပဲ စားပေးမယ်ဆိုရင် အဆင်ပြေပါတယ်။

    ဒံပေါက်ထဲမှာ ပါဝင်တဲ့ ကိုလက်စထရောတွေနဲ့ မကောင်းတဲ့ အဆီတွေကို ဖယ်ရှားပေးဖို့ အစာစားပြီးတိုင်း ရေနွေးကြမ်းဖြစ်ဖြစ်၊ ရေနွေးနွေးလေး ဖြစ်ဖြစ် သောက်ပေးသင့်ပါတယ်။ ဒံပေါက်ချက်လုပ်ရမှာ သမားရိုးကျအတိုင်း ချက်တာထက် မုန်လာဥနီ၊ ဂေါ်ဖီထုပ်၊ ဂေါ်ဖီပန်းပွင့်၊ ကန်စွန်းရွက် အစရှိတဲ့ အရွက်လေးတွေ ရောပြီး အသစ်အဆန်းပုံစံမျိုး ချက်ပေးနိုင်ရင်လည်း ပိုကောင်းပါတယ်။

    သတိထားရမှာကတော့ စားအုန်းဆီကို အမြဲရှောင်ဖို့ပါပဲ။ ဒီလို မသန့်ရှင်းတဲ့ ဆီတွေအစား ကိုယ်ခန္ဓါအတွက် အန္တရာယ်မဖြစ်စေတဲ့ မပြည့်ဝဆီ (သံလွင်ဆီ၊ မြေပဲဆီ၊ နှမ်းဆီ၊ ဟင်းသီးဟင်းရွက်ဆီ) တို့ကို အသုံးပြုပြီး ချက်ပေးပါ။ ချက်ပြီးသားဆီတွေကို ပြန်ပြီး အသုံးပြုတာမျိုးလည်း မလုပ်သင့်ပါဘူး။ အကောင်းဆုံးက ဆိုင်တွေမှာ ဝယ်စားတာထက် ကိုယ့်အိမ်မှာ ကိုယ်တိုင် ချက်ပြုတ်ပြင်ဆင်ပြီး ဆီကောင်းဆီသန့်ကိုပဲ အသုံးပြုပေးတာ ပိုကောင်းပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Zon Aung မှ ရေးသားသည်။ · 2 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement