backup og meta

ကုလားပဲ စားသုံးပေးရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကုလားပဲ စားသုံးပေးရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲ

    ပဲက ပရိုတင်းဓာတ်ရရှိနိုင်တဲ့ အစားအစာတစ်မျိုးပါ။ ကျန်းမာရေးအတွက်လည်း တော်တော့်ကို အထောက်အကူပြုပေးပါတယ်။ ကုလားပဲက ကြီးထွားဖွံဖြိုးမှုကို တိုးစေနိုင်သလို နှလုံးကိုကျန်းမာစေနိုင်ပါတယ်။ အစာကြေညက်စေနိုင်ပြီး အရိုးတွေသန်မာစေတဲ့အပြင် နာတာရှည်ဝေဒနာတွေ မဖြစ်အောင်လည်း ကာကွယ်ပေး နိုင်ပါတယ်။ အခုတစ်ခေါက်တော့ ကုလားပဲ စားသုံးပေးရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။

    ကုလားပဲကို ပဲကပ်ကြော်ကြော်တယ်၊ ဟင်းရည်၊ချဉ်ဟင်းတွေချက်တယ်၊ သုပ်စားတယ်စသဖြင့် အမျိုးမျိုးလုပ် စားကြပါတယ်။ အသားမစားသူတွေအနေနဲ့လည်း ကုလားပဲစားသုံးပေးမယ်ဆိုရင် အသားဓာတ်အပြည့်အဝရရှိ စေမှာသေချာပါတယ်။

    ကုလားပဲ စားသုံးပေးရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲ

    ကုလားပဲ စားသုံးပေးရင် ဘယ်လိုအကျိုးကျေးဇူးတွေရရှိနိုင်မလဲ ဆိုတော့

    ကိုယ်တွင်း ပရိုတင်းဓာတ်ကိုတိုးစေနိုင်ခြင်း

    ကုလားပဲမှာ ပရိုတင်းပါဝင်မှုများတာကြောင့် သက်သတ်လွတ်စားတဲ့သူတွေအတွက် အသားဓာတ်ရရှိ စေနိုင်မယ့် အစားအစာတစ်ရပ်ပါ။ ကုလားပဲမှာ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ပရိုတင်းဓာတ်တွေ အပြည့်အဝပါဝင်နေပါတယ်။ ပရိုတင်းဓာတ်က အနာကျက်စေနိုင်စွမ်းရှိတာကြောင့် ကုလားပဲကိုစားသုံးပေး မယ်ဆိုရင် အနာတွေကို အကျက်မြန်စေမှာသေချာပါတယ်။။

    ဓာတ်တိုးဆန့်ကျင် အာနိသင်ရှိခြင်း

    ကုလားပဲမှာ ခန္ဓာကိုယ်ထဲက oxidative stress တွေကိုလျော့ကျစေနိုင်တဲ့ ဗီတာမင်တွေပါဝင်နေပြီး နာတာရှည်ရောဂါတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ကုလားပဲမှာပါတဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေက ကိုယ်တွင်းက free radicals တွေကိုဖယ်ရှားပေးနိုင်တာကြောင့် ဆဲလ်တွေကို ကျန်းမာစေနိုင် ပါတယ်။ ဒီဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေက ကင်ဆာ၊နှလုံးရောဂါ နဲ့ အာရုံကြောဆိုင်ရာ ချို့ယွင်းတဲ့ရောဂါတွေ မဖြစ်အောင်ကာကွယ်ပေးပါတယ်။

    အစာကြေစေနိုင်ခြင်း

    လူတစ်ယောက်ကျန်းမာဖို့အရေးကြီူးဆုံးက အစာကြေညက်မှုရှိဖို့ပါ။ အစာအိမ်နဲ့အူလမ်းကြောင်း ကျန်းမာနေမယ် ဆိုရင် ခန္ဓာကိုယ်ကလည်း ကျန်းမာနေမှာဖြစ်ပါတယ်။ ကုလားပဲမှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တာကြောင့် အူမကြီးကို ကျန်းမာစေပြီး ဝမ်းပျော့ပျော့သွားအောင်လုပ်ဆောင်ပေးပါတယ်။ အူလမ်းကြောင်းက ခန္ဓာကိုယ် အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေစုပ်ယူနိုင်အောင်လည်း လုပ်ဆောင်ပေးပါသေးတယ်။

    ဆီးချိုကာကွယ်ပေးနိုင်ခြင်း

    သွေးတွင်းအချိုဓာတ်ကို ထိန်းညှိတာက လူတိုင်းအတွက်အရေးပါပါတယ်။ ဆီးချိုသမားတွေအတွက်ကတော့ ပိုအရေးပါတာပေါ့။ ကုလားပဲက သွေးတွင်းအချိုဓာတ်ကို ထိန်းညှိနိုင်ပြီး ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်ကိုဖြည့်တင်းပေးနိုင်ပါတယ်။ ကုလားပဲက သွေးတွင်းသကြားဓာတ်ကိုထိန်းညှိပေးပြီး အင်ဆူလင် ထုတ်လုပ်မှုကို ကောင်းမွန်စေနိုင်တာကြောင့် ဆီးချိုမဖြစ်အောင်ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။

    ကိုယ်အလေးချိန်ကျစေနိုင်ခြင်း

    ကုလားပဲမှာ အာဟာရဓာတ်တွေကြွယ်ဝစွာပါဝင်နေသလို အမျှင်ဓာတ်လည်းကြွယ်ဝစွာပါဝင်တာကြောင့် ကိုယ်အလေးချိန်ကျချင်သူတွေအတွက် စားသုံးသင့်တဲ့ အစားအစာတစ်ခုလို့ပြောချင်ပါတယ်။ အမျှင်ဓာတ်တွေက အဆာခံအောင်လုပ်ဆောင်ပေးပြီး ကုလားပဲမှာပါတဲ့ အာဟာရဓာတ်တွေက ခန္ဓာကိုယ်ကို အားပြည့်နေအောင် လုပ်ဆောင်ပေးပါတယ်။

    အရိုးတွေသန်မာစေနိုင်ခြင်း

    ကုလားပဲမှာ အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေနိုင်တဲ့ သံဓာတ်၊ ဖော့စဖရတ်စ်၊ မဂ္ဂနီဆီယမ်၊ ကော့ပါး နဲ့ ဇင့် တို့ ပါဝင်နေပါတယ်။ ဒါ့အပြင်ကို ကုလားပဲမှာ အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေနိုင်တဲ့ အခြား ဗီတာမင်နဲ့ သတ္တုဓာတ်တွေအပြင် အသက်အရွယ်ရလာလို့ဖြစ်လာတဲ့ အရိုးပွတာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးတဲ့ သတ္တုဓာတ်တွေလည်း ပါဝင်လို့နေပါတယ်။

    ကလေးတွေမှာ မွေးရာပါချို့ယွင်းတာမျိုး မဖြစ်အောင် လုပ်ဆောင်ပေးနိုင်ခြင်း

    ကုလားပဲမှာ Folate ပါဝင်နေတာကြောင့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကုလားပဲကို စားသုံးမယ်ဆိုရင် မွေးလာမယ့် ကလေးငယ်မှာ မွေးရာပါချို့ယွင်းချက်ပါတာမျိုးမရှိဘဲမွေးဖွားလာမှာဖြစ်ပါတယ်။ ကျန်းမာ သန်စွမ်းတဲ့ကလေးငယ်လေးမွေးဖွားချင်တယ်ဆိုရင်တော့ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ကုလားပဲစားဖို့ တိုက်တွန်းချင်ပါတယ်။

    နှလုံးကျန်းမာစေနိုင်ခြင်း

    ကုလားပဲမှာ အမျှင်ဓာတ်နဲ့ အိုမီဂါ သရီး ဖက်တီးအက်ဆစ်ကြွယ်ဝစွာပါဝင်နေတာကြောင့် နှလုံးသွေးကြော ကျဉ်းတာ၊ ရုတ်တရက် နှလုံးရပ်တာ၊ လေဖြတ်တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ နှလုံးကျန်းမာဖို့နဲ့ ခန္ဓာကိုယ် တလျှောက်က ရောင်ရမ်းမှုတွေသက်သာဖို့ဆိုရင်တော့ ကုလားပဲကို စားသုံးပေးသင့်ပါတယ်လို့ အကြံပြုလိုပါတယ်။

    ဘာတွေ သတိထားရမလဲ

    ကုလားပဲက ကျန်းမာတာ မှန်ပေမယ့် အများကြီး စားတာမျိုး မလုပ်ပါနဲ့။ လေပွတာမျိုး ဖြစ်စေနိုင်လို့ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 25/09/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement