backup og meta

ပုဇွန်အစိမ်းသုပ် ကြိုက်တတ်သူဆို သိထားသင့်တဲ့အချက်လေးတွေ


Yun Sandi Nan Mon မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပုဇွန်အစိမ်းသုပ် ကြိုက်တတ်သူဆို သိထားသင့်တဲ့အချက်လေးတွေ

    ရှိသေးလားဗျ…ဆိုင်လေးများ သွားစားကြပြီဆို ပုဇွန်အစိမ်းသုပ်ချဉ်စပ်စပ်လေး မှာမိတတ်တဲ့သူတွေ။ အထူးသဖြင့် ထိုင်းအစားအစာဆိုင်မှာဆို ဒါပဲ တန်းမှာမိတာပေါ့။ ကိုယ်တွေက သံပရာသီးနံ့လေးသင်းနေတဲ့ ပုဇွန်အစိမ်းသုပ်ရဲ့အရသာလေးကို စွဲနေတာကိုး။

    ပုဇွန်အကွေး၊ ငါးအနွေး လို့ဆိုပြီး ပုဇွန်နဲ့ငါးရဲ့ ချက်ရလွယ်ပုံ၊ ချက်ရမြန်ပုံကို ရှေးလူကြီးတွေ တင်စားတတ်ကြတယ်။ အပူပေးလို့ ခဏဆို စားလို့ရပြီပေါ့။ ဒါပေမယ့် ခုနောက်ပိုင်းကမ္ဘာအနှံ့မှာ ပင်လယ်စာနဲ့ အသားလွှာအစိမ်းတွေကို စားသုံးသူများလာပါတယ်။ ပုဇွန်ဆို နူးညံ့ပြီး ချိုတဲ့အသားမို့ စားသောက်ဆိုင်နဲ့ ဟိုတယ်တွေမှာ နည်းအမျိုးမျိုးနဲ့ပြင်ဆင်ထားတဲ့ဟင်းလျာတွေရှိပါတယ်။

    ဒါပေမယ့် ပုဇွန်အစိမ်း စားလို့ ဘေးကင်းရဲ့လား…

    ဘယ်အသားငါးမှ အစိမ်းစားလို့ဘေးမကင်းပါဘူး။ စားနေတာပဲ ဘာမှမဖြစ်ဘူးလို့ပြောနေသူတွေဟာ တကယ်တော့ ဘာမှမဖြစ်သေးလို့ပါ။ အတည်ပြောတာပါနော်။ လူတိုင်းမဖြစ်၊ စားတိုင်းမဖြစ်ပေမယ့် ဆိုးကျိုးဖြစ်လာခဲ့ရင်လည်း မသက်သာလှဘူးဆိုတာလေး မမေ့စေချင်ပါဘူး။

    ပုဇွန်အစိမ်းကိုနေရာဒေသအတော်များများမှာ စားသုံးနေကြသလို ဂျပန်မှာဆို လတ်ဆတ်တဲ့ပုဇွန်အစိမ်းကိုမှ ဆာရှိမိလုပ်ပြီးစားကြပါတယ်။ တရုတ်နဲ့တောင်ကိုရီးယားမှာတော့ ပုဇွန်ကို အရှင်တောင် အချဉ်နဲ့တို့စားကြတာပါ။

    ဒါပေမယ့် ပုဇွန်အစိမ်းမှာ အစာအဆိပ်သင့်ခြင်းနဲ့တခြားရောဂါတွေဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ၊ ဗိုင်းရပ်စ်တွေနဲ့ ကပ်ပါးပိုးတွေ ပါလာနိုင်ပါတယ်။ ပုဇွန်မှာပါလာတဲ့ ဒီဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားတွေကို အပူချိန်ပြင်းပြင်းနဲ့ချက်ပြုတ်မှသေစေနိုင်မှာဖြစ်ပါတယ်။ ချက်ချင်းတော့ အန္တရာယ်မပေးလို့ စားသုံးသူတွေ ဘာမှမဖြစ်ကြတာပေါ့။ ဒါပေမယ့်ရေရှည်မှာ မကြာခဏမစားသင့်တဲ့အရာဖြစ်တယ်၊ ပုဇွန်ရဲ့လတ်ဆတ်မှုနဲ့ ဆိုင်ရဲ့သန့်ရှင်းမှုတို့ကို အများကြီးမူတည်တာကြောင့် စိတ်ချရမယ့်ဆိုင်ကိုသေချာ ရွေးချယ်သင့်တယ်ဆိုလေး သတိပေးချင်ပါတယ်။

    ပုဇွန်အစိမ်းစားခြင်းကနေ ဖြစ်လာနိုင်တဲ့ အန္တရာယ်

    အစာအဆိပ်သင့်ခြင်း အပါအဝင် အစားအသောက်ကနေဖြစ်လာနိုင်တဲ့ရောဂါအန္တရာယ်တွေကို သိထားသင့်ပါတယ်။

    ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ ဘက်တီးရီးယားတွေ ပါလာနိုင်တယ်

    ပုဇွန်အစိမ်းမှာVibrioလို့ခေါ်တဲ့ ဘက်တီးရီးယားတစ်မျိုး ပါလာနိုင်တယ်။ သူ့ရဲ့မျိုးစိတ်ပေါင်း ၇၀ မှာ မျိုးစိတ် ၁၂ ခုက လူ့ကျန်းမာရေးကိုဘေးဒုက္ခပေးနိုင်တာကိုလေ့လာတွေ့ရှိထားပါတယ်။

    သုတေသနအရ ပုဇွန်အစိမ်းတွေရဲ့ ၅၅ ရာခိုင်နှုန်းမှာVibrioမျိုးစိတ်တွေပါဝင်နေပြီး အစာအိမ်ရောင်တာဝမ်းပျက်ဝမ်းလျှောနဲ့ တခြားရောဂါကူးစက်မှုတွေဖြစ်စေတယ်လို့ သိရပါတယ်။

    ဒါ့အပြင် ပုဇွန်မွေးမြူရေးကန်တစ်ကန်မှာ လုပ်ဆောင်ခဲ့တဲ့လေ့လာမှုအရVibrioမျိုးစိတ် ၁၀၀တွေ့ရှိခဲ့ပြီး အများစုက ပဋိဇီဝဆေးတွေကို ယဉ်ပါးနေတာကိုတွေ့ရှိခဲ့ပါတယ်။

    နိုင်ဂျီးရီးယားမှာရှိတဲ့ ပင်လယ်စာထုတ်လုပ်ရေးစက်ရုံ ၁၀ ခုကို စစ်ဆေးမှုတစ်ခုမှာလည်း ပုဇွန်တွေမှာ ဝမ်းလျှောခြင်းနဲ့ ပျို့အန်ခြင်းဖြစ်စေတတ်တဲ့Bacillusဘက်တီးရီးယားတွေ ပါနေတာကိုတွေ့ရှိခဲ့ပါတယ်။

    အခန့်မသင့်ရင် အန္တရာယ်ဖြစ်စေနိုင်တယ်

    အသားစိမ်း၊ငါးစိမ်းတွေမှာ ရောဂါပိုးတွေပါနိုင်တာမို့ အစာအဆိပ်သင့်တာ အဖြစ်များပါတယ်။ ပျို့တာ၊ အန်တာ၊ ဗိုက်အောင့်ဗိုက်နာတာ၊ ဖျားတာ၊ ဝမ်းလျှောတာ စတဲ့ လက္ခဏာတွေဖြစ်တတ်ပါတယ်။

    အစာအဆိပ်သင့်ခြင်းအများစုရဲ့ လက်သည်ကတော့Salmonella၊E. coli ၊Vibrioနဲ့Bacillusပိုးတွေဖြစ်ပြီး သူတို့အကုန်လုံးကို ပုဇွန်အစိမ်းမှာတွေ့ရနိုင်ပါတယ်။

    ဒါ့အပြင် အစားအသောက်ကနေကူးစက်တတ်တဲ့ norovirus ကိုလည်း ပုဇွန်အပါအဝင် ပင်လယ်စာအစိမ်းတွေကနေ ရရှိနိုင်ပါတယ်။ အစားအသောက်ကနေရရှိတဲ့ သေစေနိုင်တဲ့ရောဂါတွေအန္တရာယ်ကို ကာကွယ်နိုင်ဖို့ အသား၊ငါးနဲ့ ပင်လယ်စာတွေကို အစိမ်းစားတာ၊ မကျက်တကျက်စားတာတွေရှောင်သင့်ပါတယ်။ အထူးသဖြင့် ကိုယ်ခံအားနည်းတတ်တဲ့ အသက်ကြီးတဲ့လူတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ကလေးငယ်တွေဆို ပိုသတိထားရမှာပါ။

    ပုဇွန်အစိမ်း လုံးဝမစားရဘူးလား

    စားလို့တော့ရပါတယ်။ ကိုယ်ခံအားကောင်းပြီးကျန်းမာသူတွေ၊ အစာခြေစနစ်ကောင်းသူတွေကတော့တော်ရုံစားလို့ဘာမှမဖြစ်လောက်ပါဘူး။ ဒါ့ကြောင့် တစ်ခါတလေတော့စားပါ၊ မကြာခဏမစားပါနဲ့။ ကိုယ်ခံအားနည်းနေလောက်တဲ့အချိန်မျိုးမှာ မစားသင့်ပါဘူး။

    နောက်တစ်ချက်က ပုဇွန်အစိမ်းသုပ်စားချင်တယ်ဆိုရင် လတ်ဆတ်ပြီးအရည်အသွေးကောင်းတဲ့ ပုဇွန်တွေကိုပဲရွေးဝယ်သင့်တယ်၊တွေ့ရာဆိုင်က မစားသင့်ပါဘူးလို့ သတိပေးချင်ပါတယ်။

    အကောင်းဆုံးက ကျက်အောင်ချက်ပြီးစားတာပါပဲ။ အချဉ်နဲ့နှပ်ထားရင် ကျက်သွားမှာပဲလို့ အလွယ်မတွေးပါနဲ့။ရောဂါပိုးတွေသေစေဖို့က အပူပေးပြီးချက်ပြုတ်ဖို့ လိုအပ်ပါတယ်။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 23/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement