backup og meta

ကြက်စွပ်ပြုတ်နဲ့ မိုးတွင်းအာဟာရ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Ye Myo Myat မှ ရေးသားသည်။ · 13/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကြက်စွပ်ပြုတ်နဲ့ မိုးတွင်းအာဟာရ

    ကြက်စွပ်ပြုတ်ဆိုတာ ချက်နည်းပြုတ်နည်း များများစားစားမလိုဘဲ အိမ်တိုင်း အလွယ်တကူချက်ပြုတ်လို့ရတဲ့ ဟင်းတစ်ခွက်ပါ။ ကျန်းမာရေးအရ ကြည့်မယ်ဆိုရင်လည်း ကြက်စွပ်ပြုတ်သည် အစာကြေလွယ်စေပြီး ကိုယ်တွင်းအပူကျစေတယ်။ ကိုယ်ခံအားကိုလည်း မြှင့်တင်ပေးနိုင်တဲ့အတွက် ရောဂါတွေကို တိုက်ထုတ်ပေးပါတယ်။ နေကောင်းတဲ့သူတွေအတွက်လည်း အာဟာရဖြစ်စေသလို နေမကောင်းတဲ့သူတွေအတွက်လည်း အဖျားတာတိုစေတဲ့ အာနိသင်ပါလို့ ရှေးယခင် နှစ်ပေါင်းများစွာကတည်းကနေ ယနေ့ခေတ်အထိ လူအများစုက ကြက်စွပ်ပြုတ်ကို အာဟာရဖြစ် ဆေးစာလို့ သတ်မှတ်ထားကြပါတယ်။ ဒီတစ်ခေါက်တော့ ကြက်စွပ်ပြုတ်နဲ့ မိုးတွင်းအာဟာရ အကြောင်းလေး ပြောပြပေးချင်ပါတယ်။

    ကြက်စွပ်ပြုတ်နဲ့ မိုးတွင်းအာဟာရ

    ခုလိုမိုးတွင်းကာလမှာဆိုရင် ဖျားနာတာ၊ ရောဂါဘယတွေ ဖြစ်လွယ်တဲ့အတွက် ကြက်စွပ်ပြုတ်ကို ပိုပြီးတောင် သောက်ပေးဖို့လိုအပ်ပါတယ်။ ကြက်စွပ်ပြုတ်က ကျန်းမာရေးကောင်းကျိုးအနေနဲ့

    ၁။ အူလမ်းကြောင်း ရှင်းပေးတယ်။ အစာကြေစေတယ်။

    ကျန်းမာတဲ့ ခန္ဓာကိုယ်အတွက် အစာချေဖျက်ပေးနေတဲ့ အူလမ်းကြောင်း ကျန်းမာဖို့ အလွန်အရေးကြီးပါတယ်။ ကိုယ်စားလိုက်တဲ့ မသန့်ရှင်းတဲ့ အစားအစာတွေ၊ အာဟာရမဖြစ်စေတဲ့ အရာတွေ၊ အဆိပ်အတောက်တွေဟာ အူလမ်းကြောင်းမှာ လာစုမိနေပြီး အချိန်ကြာလာတဲ့အခါ ဒဏ်ဖြစ်စေပါတယ်။ ကြက်စွပ်ပြုတ်ဟာ အူလမ်းကြောင်းကို သန့်စင်ပေးပြီး ကျန်းမာစေတယ်။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေလည်း အများအပြားပါဝင်တယ်။

    ၂။ အရိုးအဆစ်နာကျင်တာကို သက်သာစေတယ်။

    ကြက်စွပ်ပြုတ်မှာ ပါဝင်တဲ့ glycosaminoglycans လို့ ခေါ်တဲ့ (ဂလူကိုစမင်းလို့ လူသိများတဲ့) ဓာတ်ပေါင်း တစ်မျိုးဟာ အရိုးအဆစ်တွေ နာကျင်ပြီး ရောင်ရမ်းတာကို သက်သာစေပြီး ပြုပြင်ပေးနိုင်တယ်။ ကော်လဂျင်ဓာတ်တွေ ထုတ်လွှတ်တဲ့ နေရာမှာလည်း အထောက်အကူပေးနိုင်တယ်။ ဒါကြောင့် အသက်အရွယ်မရွေး အရိုးအဆစ်ကျန်းမာရေးအတွက် ကြက်စွပ်ပြုတ်ဟာ ဆေးစာ တစ်လက်ပါပဲ။

    ၃။ ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်။

    ကြက်စွပ်ပြုတ်မှာ ပါဝင်တဲ့ အာဟာရဓာတ်ပေါင်းအများစုဟာ ကိုယ်ခံအားစနစ်နဲ့ အစာခြေစနစ်ကို မြှင့်တင်ပေးနိုင်လို့ ကိုယ်ခန္ဓာထဲ ရောဂါတွေ အလွယ်တကူ မဝင်လာနိုင်အောင် တားဆီးပေးနိုင်တယ်။ ကိုယ်တွင်းမှာ ရှိနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ကိုယ်တွင်းအင်္ဂါတွေကို ကောင်းစွာ အလုပ်လုပ်စေဖို့ အထောက်အကူပေးနိုင်ပြီး ကျန်းမာသန်စွမ်းစေနိုင်ပါတယ်။

    ၄။ အရေပြားကို ကျန်းမာစေတယ်။

    ကြက်စွပ်ပြုတ်ဟာ အရေပြား၊ ဆံသား၊ ဦးရေပြားနဲ့ ခြေသည်း၊ လက်သည်းတွေကို ကျန်းမာစိုပြေလှပစေနိုင်တာကို လေ့လာတွေ့ရှိခဲ့ပါတယ်။ ကြက်စွပ်ပြုတ်မှာ အဓိကပါဝင်တဲ့ ကော်လဂျင် – collagen ဓာတ်ဟာ အသားအရေကို ဝင်းမွတ်တောက်ပစေတယ်။ ဦးရေပြားကို ကျန်းမာစေပြီး အားဖြစ်စေနိုင်တယ်။ အနာကျက်မြန်စေလို့ အလှအပကို ဂရုစိုက်သူတွေ၊ ဆီးချိုရောဂါရှင်တွေ၊ အားကစားလိုက်စားသူတွေအတွက် အကောင်းဆုံး အာဟာရအစားအစာတစ်မျိုး ဖြစ်ပါတယ်။ ဒါ့အပြင် အရေပြားဆိုတာ ကိုယ်ခံအားစနစ်ရဲ့ အပြင်ဘက်ဆုံးမှာရှိတဲ့ ခံစစ်အလွှာဖြစ်ပါတယ်။ ဒါကြောင့် အရေပြားက စိုစိုပြေပြေနဲ့ ကျန်းမာနေမှ ရောဂါပိုးတွေ ခန္ဓာကိုယ်ထဲ မဝင်အောင် ကူညီပေးနိုင်မှာပါ။

    ၅။ အရိုးကြီးထွားသန်စွမ်းစေတယ်။

    ကြက်စွပ်ပြုတ်မှာ ကိုယ်ခန္ဓာကြီးထွားစေဖို့ အသားဓာတ်တွေ၊ အရိုးသန်မာစေဖို့ ကယ်လ်စီယမ်ဓာတ်၊ မဂ္ဂနီဆီယမ်ဓာတ်နဲ့ ဖော့စဖရပ်စ်ဓာတ်တွေ အများအပြား ပါဝင်ပါတယ်။

    ၆။ အအေးမိတုပ်ကွေး၊ ဖျားနာဝေဒနာကိုလည်း အမြန်ဆုံးသက်သာစေတယ်။

    အအေးမိ၊ တုပ်ကွေး ဗိုင်းရပ်စ်ပိုးတွေက လေထုထဲမှာ အမြဲတမ်းရှိနေပါတယ်။ မိုးတွင်းတို့၊ ဆောင်းတွင်းတို့ဆို ပိုပြီး ဖျားနာလွယ်ပါတယ်။ ခန္ဓာကိုယ်ထဲကို တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေ မဝင်အောင် ကိုယ်ခံအားမြှင့်တဲ့အနေနဲ့ သောက်ဖို့ လိုသလို မတော်တဆဖျားနာခဲ့ရင်လည်း မြန်မြန်နာလန်ထလာစေဖို့ သောက်ပေးလို့ ရပါတယ်။

    ကြက်စွပ်ပြုတ်သောက်တဲ့အခါ ဘာတွေ သတိထားသင့်သလဲ။

    ကြက်စွပ်ပြုတ်သောက်တဲ့အခါ အရည်ချည်းပဲ မသောက်ရပါဘူး။  အဖတ်ပါ စားပေးသင့်ပါတယ်။ အိမ်မှာပြုတ်တဲ့ စွပ်ပြုတ်ရည်တွေထဲမှာ ကြက်သားက အာဟာရဓာတ်တွေ နည်းနည်းပါပြီး ကျန်တာက အရသာအတွက် ထည့်ထားတဲ့ ဆားကရတဲ့ ဆိုဒီယမ်လောက်သာ ပါပါတယ်။ ဒါကြောင့် အာဟာရပိုပြီး ပြည့်ဝစေဖို့ဆိုရင်  ပြုတ်ထားတဲ့ ကြက်သားပါ စားပေးရပါမယ်။ ဒါမှ အပေါ်မှာ ပြောထားတဲ့ အကျိုးကျေးဇူးတွေ ရမှာ ဖြစ်ပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Phyo Wai Lynn


    Ye Myo Myat မှ ရေးသားသည်။ · 13/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement