backup og meta

ညနေ ၆ နာရီနောက်ပိုင်း ဘာမှမစားရင် ဝိတ်ကျမှာလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Zon Aung မှ ရေးသားသည်။ · 05/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ညနေ ၆ နာရီနောက်ပိုင်း ဘာမှမစားရင် ဝိတ်ကျမှာလား

    ကိုယ်အလေးချိန်လျှော့ချသူတွေမှာ လူသိများတဲ့ နည်းတချို့ရှိပါတယ်။ Raw until 4 ၊ Keto until 5 ၊ Vegan until 6 ၊ Dry until Fri စတာတွေပေါ့။ ဒီလိုနည်းတွေအပြင် ညနေ ၆ နာရီမတိုင်ခင် အစားအသောက်တွေမှီဝဲခိုင်းတဲ့ Before 6 ကလည်း လူသိများလှပါတယ်။ ဒါဆို ညနေ ၆ နာရီနောက်ပိုင်း ဘာမှမစားရင် ဝိတ်ကျမှာလား ဆိုတာလေး လေ့လာလိုက်ရအောင်နော်။

    လူတော်တော်များများပြောနေကြ စကားတချို့ရှိတယ်မဟုတ်လား။ “ဝိတ်ကျချင်ရင် ညကျရင် ဘာမှမစားနဲ့” “ညနေ ၆ နာရီ ကျော်ရင် အစာမစားရဘူး” ဆိုတာမျိုးလေ။

    ညနေ ၆ နာရီနောက်ပိုင်း ဘာမှမစားရင် ဝိတ်ကျမှာလား

    တကယ်ရော ညဘက် ဘာမှမစားရင် ကိုယ်အလေးချိန်လျော့ကျဖို့ အထောက်အကူဖြစ်စေမှာလား။ အာဟာရဗေဒပညာရှင်တွေနဲ့ ကိုယ်အလေးချိန်လျှော့ချရေးလမ်းညွှန်သူတွေကတော့ ဒီနည်းလမ်းဟာ ထင်သလောက် အလုပ်မဖြစ်ဘူးလို့ ဆိုထားကြပါတယ်။

    နာမည်ကျော် အာဟာရလမ်းညွှန်စာရေးဆရာ မာ့ခ် ဘစ်တန်ကဆိုရင် ညပိုင်းမှာ အစာလျှော့စားတာက ကောင်းပေမယ့် တစ်နေကုန် ကျန်းမာရေးနဲ့ မညီညွတ်တာတွေချည်းစားနေရင် ဘာမှထူးမှာမဟုတ်ဘူးလို့ သူ့ရဲ့ စာအုပ်တစ်အုပ်မှာ ထည့်ရေးဖူးပါရဲ့။

    • ၆ နာရီကျော်ရင် ဘာမှမစားရဘူးလား

    တကယ်တော့ ညအိပ်ရာမဝင်ခင်မှာ အစာမစားတာဟာ ကျန်းမာရေးကို အထောက်အကူဖြစ်စေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် အိပ်ရာမဝင်ခင် ၂ နာရီလောက်ခြားပြီး အစာအစားထားရင် အဆင်ပြေပါပြီ။

    ၆ နာရီနောက်ပိုင်းရောက်တာနဲ့ ဘာမှမစားရဘူးလို့တော့ ပုံသေသတ်မှတ်လို့မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ လူတိုင်းဟာ နေ့တိုင်း ၆ နာရီမတိုင်ခင်မှာ ဒင်နာစားကြမှာမဟုတ်လို့ပါပဲ။ တချို့များဆို အဲ့ဒီအချိန်မှာ ရုံးအဆင်း အိမ်အပြန် ဘတ်စ်ကားပေါ်မှာပဲရှိကြဦးမှာလေ။

    ဒါဆို ဘယ်လိုလုပ်ကြမလဲ။ ကျွမ်းကျင်သူတွေကတော့ ကိုယ်အလေးချိန်လျှော့ချရာမှာ အောက်ပါနည်းတွေ သုံးဖို့ အကြံပေးထားကြပါတယ်။

  • တစ်နေ့တာကို နည်းမှန်လမ်းမှန်နဲ့ စတင်
  • မနက်စာနဲ့ နေ့လယ်စာ မှီဝဲရာမှာ အသားကို လျှော့စားပြီး အသီးအရွက်တွေ ပိုစားတာက ကိုယ်အလေးချိန်ကျဖို့ အကူအညီဖြစ်စေပါတယ်။ ဖြစ်နိုင်ရင် မနက်စာစားချိန်မှာ သစ်သီးတွေ၊ ပရိုတိန်းဓာတ်ကြွယ်ဝတဲ့ ဟင်းသီးဟင်းရွက်တွေ များများမှီဝဲတာက ကောင်းမွန်တဲ့နည်းလမ်းဖြစ်ပါတယ်။

    နေ့လယ်စာအတွက်ဆိုရင်တော့ အသားကို သင့်လျော်တဲ့ ပမာဏမျိုးထည့်စားနိုင်ပါတယ်။ ပြီးတော့ အသုပ်တွေ၊ စွပ်ပြုတ်တွေနဲ့ ပဲတွေကို ပိုပြီးမှီဝဲပေးသင့်ပါတယ်။

    • သင့် ပန်းကန်ထဲမှာ လတ်ဆတ်တဲ့ သစ်သီးဝလံတွေများနေပါစေ

    အသားကို လျှော့စားကြတဲ့အခါ စားစရာနည်းသွားတယ်လို့ လူတိုင်းက ထင်မြင်တတ်ကြပါတယ်။ တကယ်တော့ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေက အသားတွေထက်ပိုပြီး ရွေးချယ်စရာများပါတယ်။ လူတွေရဲ့ အသားအပေါ် စွဲလမ်းနေတဲ့စိတ်ကြောင့်သာ ခုလို ခံစားနေရတာပါ။

    နေ့လယ်စာ မှီဝဲချိန်မှာ လတ်ဆတ်တဲ့ သစ်သီးဝလံတွေကို များများပိုမှီဝဲပေးတာက ကိုယ်အလေးချိန်ကျဆင်းစေဖို့ ခြေလှမ်းကောင်းတွေကိ စတင်လိုက်တာပါပဲ။

    • အေးခဲစာတွေနဲ့ အသင့်စားဆီကြော်မုန့်တွေနဲ့ လမ်းခွဲလိုက်ပါ

    အေးခဲစာတွေဟာ ကိုယ်အလေးချိန်လျှော့ချနေသူတွေနဲ့ တကယ့် ရန်ဘက်တွေပါပဲ။ နောက်ပြီး ဆီကြော်မုန့်တွေ၊ အသင့်စားမုန့်ထုတ်တွေကလည်း ဒီအတိုင်းပါပဲ။ ဒီမုန့်တွေမှာပါဝင်နေတဲ့ သကြား၊ ဆိုဒီယမ်နဲ့ အဆီတွေဟာ သင့်ကို ဝစေရုံသာမက ကျန်းမာရေးကိုပါ ထိခိုက်စေမှာပါ။

    သင်အရမ်းကြိုက်နှစ်သက်တဲ့အရာတွေရှိနေတယ်ဆိုရင် အာသာပြေရုံနည်းနည်းပဲစားပါ။ နောက်ပြီး အဲ့ဒီအရာတွေကိုတော့ ညနေ ၆ နာရီမကျော်ခင်မှာစားပါ။

    • ဘာစားစား အသီးအရွက်ချည်းစားနေဖို့ မလိုဘူး

    အသီးအရွက်တွေကို ပိုမိုမှီဝဲတာက ကျန်းမာစေတယ်ဆိုပေမယ့် နည်းမှန်လမ်းမှန်မဟုတ်ရင်တော့ အကျိုးထူးမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်က သက်သက်လွတ်စားတတ်တဲ့လူမျိုးမဟုတ်ဘူးဆိုရင် အာဟာရမျှတစွာ မှီဝဲဖို့ လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်နဲ့ သားငါးကို မျှတအောင် မှီဝဲစားသုံးတာက အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ တကယ်ရှောင်ရှားသင့်တာက အသင့်စားမုန့်ထုပ်တွေပါပဲ။

    • ၆ နာရီနောက်ပိုင်းဆိုရင် ဘာမှမစားရတော့ဘူးလား

    မဟုတ်ပါဘူး။ ၆ နာရီနောက်ပိုင်းမှာ ကိုယ်နေသာထိုင်သာရှိအောင် အစာနည်းနည်းမှီဝဲလို့ရပါတယ်။ တကယ်တမ်း ၆ နာရီနောက်ပိုင်းမှာ လုံးဝရှောင်ကျဉ်ရမှာက Junk Food တွေ၊ ဆီကြော်အစာတွေ၊ အယ်ကိုဟောနဲ့ အသင့်စား မုန့်ထုတ်တွေပါပဲ။ အဲ့ဒီအစားအစာတွေကိုတော့ လုံးမဝစားသင့်ပါဘူး။

    • အချိန်ကိုချည်း အာရုံစိုက်မနေပါနဲ့

    ညနေ ၅:၅၉ မှာ ချီစ်ဘာဂါအကြီးကြီး တစ်လုံးစားတဲ့သူနဲ့ ၇ နာရီလောက်မှာ ဟင်းသီးဟင်းရွက်တွေနဲ့ ညစာစားတတ်သူ ဘယ်သူက ကျန်းမာရေးနဲ့ ပိုညီညွတ်မယ်ထင်သလဲလေနော့။ အဓိက ကျတာက ဘယ်အချိန်မှာစားတယ်ဆိုတာထက် ဘယ်လိုစားတယ်၊ ဘယ်လောက် စနစ်တကျ စားတယ်ဆိုတာက အဓိကဖြစ်ပါတယ်။

    • အသား၊ ငါးကို ကိုယ်တိုင်ချက်ပြုတ်စားပါ

    အသားတွေ ငါးတွေစားမယ်ဆိုရင် ဆိုင်မှာစားတာမျိုးကို တတ်နိုင်သမျှ ရှောင်ကြဉ်တာက အကောင်းဆုံးပါပဲ။ ကိုယ်တိုင် ဒါမှမဟုတ် အိမ်မှာ ချက်ပြုတ်စားတဲ့အခါ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အချိုမှုန့်လို၊ အဆီများတဲ့အစိတ်အပိုင်းတွေကို ရှောင်ရှားနိုင်သလို ဆားတွေ၊ ငံပြာရည်တွေနဲ့ အဆီတွေကိုလည်း လျှော့ချနိုင်မှာဖြစ်ပါတယ်။

    • နည်းနည်းပြောင်း များများ အကျိုးရှိ

    ခြေလှမ်းသေးသေးလေးတွေကနေ အကျိုးကျေးဇူးအများကြီးဆီ လျှောက်လှမ်းရပါမယ်။ ကိုယ်အလေးချိန်လျှော့ချတယ်ဆိုတာက ဝုန်းခနဲ ဒိုင်းခနဲ လုပ်တာထက် ဖြေးဖြေးနဲ့မှန်မှန်တာက ပိုပြီး အကျိုးဖြစ်ထွန်းစေမှာဖြစ်ပါတယ်။ ရည်မှန်းချက်ထားပြီး ဖြေးဖြေးမှန်မှန်သွားရပါမယ်နော်။

    ခုပြောခဲ့တဲ့ နည်းတွေကို သုံးကြည့်ပါ။ ညနေ ၆ နာရီနောက်ပိုင်း ဘာမှမစားတာထက် သင့်ကိုပိုပြီး အကျိုးရှိစေပါလိမ့်မယ်။ ဘယ်အချိန်မှာ အစာစားတယ် မစားဘူးဆိုတာထက်၊ ဘယ်လို အစားအစာမျိုးကို ဘယ်ပုံစံမှီဝဲတယ်ဆိုတာကိ သင့်ကျန်းမာရေးအတွက် ပိုအရေးကြီးပါတယ်နော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Zon Aung မှ ရေးသားသည်။ · 05/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement